ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်မသွားပါက အာဏာရှင် သို့မဟုတ် ရွေးကောက်ခံ အာဏာရှင်စနစ်အောက် ရောက်ရှိသွားနိုင်ကြောင်းနှင့် အဆိုးဆုံးမှာ စစ်အုပ်ချုပ်ရေးစနစ် ပြန်ဖြစ်နိုင်သလားဆိုသည်ကို သံသယများဖြင့် သွားနေရသည့် အနေအထားသာရှိကြောင်း SNLD ပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား

ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်မသွားပါက အာဏာရှင် သို့မဟုတ် ရွေးကောက်ခံ အာဏာရှင်စနစ်အောက် ရောက်ရှိသွားနိုင်ကြောင်းနှင့် အဆိုးဆုံးမှာ စစ်အုပ်ချုပ်ရေးစနစ် ပြန်ဖြစ်နိုင်သလားဆိုသည်ကို သံသယများဖြင့် သွားနေရသည့် အနေအထားသာရှိကြောင်း SNLD ပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား
Published 21 December 2019
မင်းနိုင်စိုး

နိုင်ငံရေးအကူးအပြောင်းတွင် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်မသွားပါက ရွေးကောက်ခံအာဏာရှင်စနစ်အောက်သို့ ရောက်ရှိသွားနိုင်ကြောင်းနှင့် လက်ရှိအခြေအနေအရ အဆိုးဆုံးမှာ စစ်အုပ်ချုပ်ရေးစနစ် ပြန်ဖြစ်နိုင်သလားဆိုသည်ကို သံသယများဖြင့် ဆက်သွားနေရသည့် အနေအထားမျိုးသာ ရှိသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

‘ တိုင်းရင်းသားလူမျိုးစုတွေ အခွင့်အရေး ဘယ်ပါတီကို အားပေးမလဲ’ ဟူသော ခေါင်းစဉ်ဖြင့် DVB Debate စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ Debate ၌ မြန်မာ့နိုင်ငံရေးအကူးအပြောင်း၊ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး လွှတ်တော်က လက်ရှိဆောင်ရွက်နေသောပုံစံသည် Mechanism အပိုင်းအား ဆွေနွေးနေကာ တကယ်တမ်းဆောင်ရွက်ရမည့်အပိုင်းသည် ပြည်ထောင်စုကို မည်သို့ တည်ဆောက်မည်ဆိုသည်ကို ဆွေးနွေးရမည် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ အခုတော့ ကျွန်တော်တို့ အကူးအပြောင်းလို့သာ ပြောတယ်။ အကူးအပြောင်းက တန့်နေတယ်။ တန့်နေလို့ရှိရင် ဒီတိုင်းပဲ ဆက်သွားရင် ကျွန်တော်တို့ Nation Building ပေါ့နော်။ ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ပြီးမသွားဘူးဆိုရင် ကျွန်တော်တို့နိုင်ငံက ဘာဖြစ်သွားနိုင်သလဲဆိုတော့ တစ်အချက် ဒီအကူးအပြောင်းက ဆက်တန့်သွားမယ်။ နှစ်အချက် အာဏာရှင် သို့မဟုတ် ရွေးကောက်ခံ အာဏာရှင်စနစ်အောက်ကို ရောက်သွားနိုင်တယ်။ ဒါမှမဟုတ်ရင် အမျိုးသားရေး ၀ါဒီပေါ့နော်။ အမျိုးသားရေးဝါဒီကို တအားထက်သန်တဲ့ ခေါင်းဆောင်ကြီးတစ်ဦးဦးရဲ့ အုပ်ချုပ်မှုအောက်ကိုများ ရောက်သွားမလားဆိုပြီး စိုးရိမ်ရတယ်။ အဆိုးဆုံးကတော့ စစ်အုပ်ချုပ်ရေးစနစ် ပြန်ပြီး ဖြစ်လာနိုင်သလားဆိုတာကို ကျွန်တော်တို့က ဒီနေ့အထိ သံသယတွေနဲ့ ဆက်သွားနေရတဲ့ အနေအထားမျိုးပဲ ရှိသေးတယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

ကိုဆိုဗိုနှင့် ရဝမ်ဒါတို့တွင် ပြည်တွင်းစစ် လွန်မြောက်ပြီးနောက် ၎င်းတို့နိုင်ငံ၏ နိုင်ငံရေး အကူးအပြောင်းကိုသွားခဲ့ပြီးနောက် ငါးနှစ်အကြာတွင် အာဏာရှင်စနစ် ပြန်လည်ကြီးစိုးသွားကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်တွင်းစစ်ချုပ်ငြိမ်းသွားသော်လည်း ရွေးကောက်ခံအာဏာရှင်စနစ်၏ လွှမ်းမိုးမှုအား ပြန်လည်ခံစားရကြောင်း ၎င်းက ဆိုသည်။

“ အဲဒီတော့ အဲဒီလိုအနေအထားမျိုးကို ကျွန်တော်တို့ အဖြစ်ခံမလား။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အဓိကလိုအပ်ချက်ကတော့ State Building လုပ်မယ့် ပါတီတစ်ခု လိုအပ်တယ်။ အဲဒါကို အားပေးရမယ်။ နောက် State Building ကို မဖြစ်မနေလုပ်ဖို့အတွက်ကို အထိန်းအထေလုပ်ပေးနိုင်မယ့် တိုင်းရင်းသားပါတီတွေ လိုအပ်တယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားမျိုးနွယ်စုများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ တိုင်းရင်းသားများအနေဖြင့် မည်သူ့ကိုမျှ အားကိုး၍ မရကြောင်းနှင့် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အလားအလာရှိသော တိုင်းရင်းသားခေါင်းဆောင်များ ဆုံးရှုံးနိုင်သည့်အတွက် ပြည်မပါတီကြီးများအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ရန် ရွေးကောက်ပွဲမတိုင်မီ လေးလခန့်အလိုတွင် ၎င်းအနေဖြင့် ပြောကြားခဲ့သော်လည်း အဆိုပါအခြေအနေမျိုး မဖြစ်လာကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။    

“ ကျွန်တော်တို့မှာ ခေါင်းဆောင်ရှားပါးရတဲ့အထဲမှာ မဝင်ပါနဲ့။ ခင်ဗျားတို့ တိုင်းရင်းသားတွေနဲ့ တကယ်တမ်း မဟာမိတ်ဖွဲ့ချင်ရင် အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေနဲ့ဖွဲ့။ အဲဒါက အကောင်းဆုံးအဖြစ်ဆုံးပဲ။ ညီညွတ်မှု တည်ဆောက်လို့ အကောင်းဆုံးပဲလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ မရပါဘူး။ ဒီနေ့အထိ မရပါဘူး။ အဲဒါဘာလဲဆိုတော့ လူမျိုးကြီးဝါဒနဲ့ လူမျိုးကြီးစိတ်ဓာတ်တွေက တိုင်းပြည်မှာ ဒီနေ့အချိန်အထိကို အမြစ်တွယ်နေတုန်းမို့လို့ ဒါတွေက ကျွန်တော်တို့ အများကြီးဖြတ်သန်းရဦးမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများရှိနေသော်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ပထမအစည်းအဝေးတွင်ပင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ခံယူထားသည့် ဖက်ဒရယ်မူသည် ကွဲပြားမှုများရှိနေခဲ့သည်ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။                   

 

 

Most Read

Most Recent