ကချင်သုံးပါတီပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီသို့ ကချင်ပါတီတစ်ခု ထပ်မံပူးပေါင်း

ကချင်သုံးပါတီပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီသို့ ကချင်ပါတီတစ်ခု ထပ်မံပူးပေါင်း
Published 21 December 2019
ဉာဏ်လင်းထွန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ (UNFDP) နှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSDP) တို့ ပူးပေါင်းရန် ဒီဇင်ဘာ ၁၉ ရက်က နှစ်ဖက်ခေါင်းဆောင်များ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်စသည့် နိုင်ငံရေးပါတီသုံးပါတီ ပူးပေါင်းဖွဲ့စည်းထားသည့် ပါတီဖြစ်ရာ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ ထပ်မံ ဝင်ရောက်လာခြင်းကြောင့် ကချင်ပါတီလေးပါတီ ပူးပေါင်းထားသည့် နိုင်ငံရေးပါတီ ဖြစ်လာမည်ဖြစ်သည်။

“ ကျွန်တော်တို့လည်း ပါတီချင်းပေါင်းတဲ့အနေနဲ့တော့ ပြောပါတယ်။ ဒါပေမဲ့ အဓိကကတော့ KSDP ထဲကို UNFDP က ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ သူတို့အတွက်လည်း ဂုဏ်သိက္ခာရှိရှိနဲ့ ပါဝင်နိုင်ရေးအတွက်ကို ပူးပေါင်းတယ်လို့ ပြောကြားခြင်းဖြစ်ပါတယ်” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ အားကောင်းလာသည့် အခြေအနေနှင့် ပူးပေါင်းရပ်တည်မှ ပိုမိုအင်အားရှိမည်ဆိုသည့် အချက်များကြောင့် UNFDP ပါတီအနေဖြင့် ပူးပေါင်းဝင်ရောက်လာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

နှစ်ပါတီပူးပေါင်းသော်လည်း ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီကို ဖျက်သိမ်းရမည်ဟု ဦးအောင်ခမ်းက ပြောကြားသည်။

ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ (UNFDP) ကို ဒေါ်ဘောက်ဂျာ ဦးဆောင်၍ ၂၀၁၇ ခုနှစ် မေတွင် စတင်တည်ထောင်ခဲ့ပြီး ပါတီမှတ်ပုံတင်ကို  ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ရရှိခဲ့သည်။

ပါတီအနေဖြင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရခဲ့ခြင်းမရှိခဲ့ပေ။

KSDP ပါတီနှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်လိုသော်လည်း ယင်းပါတီ၏ မူဝါဒတွင် ကချင်ပြည်နယ်အတွင်းရှိ မည်သည့်ပါတီနှင့်မှ မဟာမိတ်ဆက်ဆံရေး မပြုလုပ်ဆိုသည့် မူဝါဒရှိခြင်းကြောင့် KSDP ပါတီနှင့် ပူးပေါင်းရန် ဆောင်ရွက်ခဲဲ့ခြင်းဖြစ်သည်ဟု UNFDP ပါတီအထွေထွေအတွင်းရေးမှူး ဦးစီစီနော်ဂျာက ပြောကြားသည်။

“ သူတို့ရဲ့ ရပ်တည်ချက်က ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေ လာပြီးတော့ ပူးပေါင်းပြီးတော့ စုစုစည်းစည်းနဲ့ နိုင်ငံရေးရည်မှန်းချက်တစ်ခုတည်းမှာ လျှောက်လှမ်းနိုင်ဖို့ ပူးပေါင်းရတာပေါ့။ ကျွန်တော်တို့လည်း” ဟု ဦးစီစီနော်ဂျာက ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီနှင့် ပူးပေါင်းလိုက်သည့်အတွက် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြားသွားမည်ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီကို ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်တွင် မှတ်ပုံတင်ရရှိခဲ့သည်။

ပါတီ၏ ပထမဆုံးအကြိမ် ညီလာခံကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် ရည်မှန်းထားပြီး ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ညီလာခံပြီးမှ  ဆောင်ရွက်သွားမည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက The Daily Eleven သတင်းစာကို အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများအဖြစ် ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) တို့ ရှိနေသည်။

 

 

Most Recent