မြန်မာကိုယ်စားလှယ်အဖွဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ပြီး နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံခဲ့ကာ ဟိန္ဒူဘာသာဝင်များကို ဆောလျင်စွာပြန်လည်လွှဲပြောင်းရေး ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေး

မြန်မာကိုယ်စားလှယ်အဖွဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ပြီး နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံခဲ့ကာ ဟိန္ဒူဘာသာဝင်များကို ဆောလျင်စွာပြန်လည်လွှဲပြောင်းရေး ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေး
မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ် (Photo: MOFA Myanmat)
မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ် (Photo: MOFA Myanmat)
Published 21 December 2019
မင်းနိုင်စိုး

မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံခဲ့ကာ ဟိန္ဒူဘာသာဝင်များကို ဆောလျင်စွာ ပြန်လည်လွှဲပြောင်းရေး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်သွားရောက်ခြင်းဖြစ်ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Center မှ ကိုယ်စားလှယ်များပါဝင်သည့် ASEAN-ERAT အဖွဲ့ဝင်များပါဝင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားစခန်းသို့ ဒီဇင်ဘာ ၁၈ ရက်မှ ၁၉  ရက်အထိ သွားရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ASEAN-ERAT အဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကော့စ်ဘဇားရှိ တိုးချဲ့စခန်း အမှတ် (၄) စခန်းရုံး၌ စခန်းအသီးသီးမှ နေရပ်စွန့်ခွာသူ ၅၀ ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာဌာန (Myanmar Wing) ညွှန်ကြားရေးမှူး Mr.Md Alauddin Vuian နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရပ်သို့ ပြန်လည်စေလွှတ်ရေးဆိုင်ရာ မဟာမင်းကြီး (Refugee Relief and Repatriation Commissioner, RRRC) Mr.Md Mahbub Alam Talukder နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်သည့် မြန်မာအစိုးရက ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို PowerPoint ဖြင့် အကျဉ်းချုပ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးမှု၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အားလုံးအတွက် လုံခြုံရေးအစီအမံများ အပါအဝင် တရားစီရင်ရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး မြန်မာအစိုးရ၏ အားထုတ်မှု၊ NVC ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများ၊ UNHCR နှင့် UNDP တို့က QIP စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အသိုက်အဝန်းများအကြား ပိုမိုကောင်းမွန်သည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အတူတကွနေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေမှုတို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ASEAN-ERAT အဖွဲ့ဝင်များကလည်း ၎င်းတို့၏ လုပ်ပိုင်ခွင့်အတွင်းမှ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အပေါ် ကူညီပံ့ပိုးပေးနေမှုများကို ရှင်းလင်းပြောကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT Team တို့သည် ဒီဇင်ဘာ ၁၉ ရက်တွင်  တိုးချဲ့စခန်းအမှတ် (၄) သို့ ထပ်မံသွားရောက်ခဲ့ကာ နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံခဲ့ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၏ သဘောသဘာဝ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ တိုင်းရင်းသားအုပ်စုများ သတ်မှတ်ထားမှု၊ ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးမှု၊ သက်သေခံကတ်ပြား တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်း မရှိသူများအနေဖြင့် NVC ကိုင်ဆောင်ရန် လိုအပ်မှုအနေအထားများနှင့်  နေရပ်စွန့်ခွာသူများ၏ စခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာတစ်ရပ်အား မကြာခင်က ချမှတ်ခဲ့ကြောင်းကိုလည်း အသေးစိတ်ထပ်မံ အသိပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

 ယင်းနောက် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကော့စ်ဘဇားရှိ စခန်းများ၌ လက်ရှိနေထိုင်လျက်ရှိသော နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင်များနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ၎င်းတို့ကို စိစစ်ရေးနှင့် ဆောလျင်စွာ ပြန်လည်လွှဲပြောင်းရေးတို့နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒါကာမြို့မှ မထွက်ခွာမီ ASEAN-ERAT Team ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့ပြီး နေရပ်စွန့်ခွာသွားသူ ကိုယ်စားလှယ်များ၊ ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ အလွတ်သဘော အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ယခုခရီးစဉ်သည် ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ကော့စ်ဘဇားသို့သွားရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ နောက်ဆက်တွဲခရီးစဉ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၉ ခုနှစ် ဇူလိုင်တို့တွင် အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကော့စ်ဘဇားသို့ သွားရောက်၍ နေရပ်စွန့်ခွာသွားသူများနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။             

 

Most Read

Most Recent