မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရန် ဝန်ကြီးဌာနများက စိစစ်နေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဟု MIC အတွင်းရေးမှူး ပြောကြား

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရန် ဝန်ကြီးဌာနများက စိစစ်နေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဟု MIC အတွင်းရေးမှူး ပြောကြား
ကချင်ပြည်နယ်အတွင်းရှိ ကျောက်မျက်လုပ်ကွက်တစ်ခုကို တွေ့ရစဉ်။
ကချင်ပြည်နယ်အတွင်းရှိ ကျောက်မျက်လုပ်ကွက်တစ်ခုကို တွေ့ရစဉ်။
Published 21 December 2019

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီး ဌာနများက စိစစ်နေပြီး လာမည့် ၂၀၂၀ ပြည့် နှစ်အတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ လာမယ့်နှစ်ထဲမှာ ပြီးခဲ့တဲ့နှစ်က ကျန်နေတဲ့လုပ်ငန်းတွေလာမယ်လို့ မှန်းပါတယ်။ သတ္တုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို နိုင်ငံတော်က သက်ဆိုင်ရာဝန်ကြီးဌာနတွေက အသေးစိတ်စနစ်တကျ စိစစ်နေပါတယ်။ လုပ်ငန်းစဉ်က တွက်ကြည့်မယ်ဆိုရင် နှစ်လကျော်လောက်တောင် ကြာနေပြီ။ အဲဒီလုပ်ငန်းစဉ်တွေ အောင်မြင်ပြီးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

“ ဘာကြောင့်လဲဆိုရင် မိုင်းကဏ္ဍက ခွင့်ပြုလိုက်တာတော့ ကုမ္ပဏီတစ်ခုပဲ၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက တော်တော်ကြီးပါတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းတွေက တိုးတက်လာမယ်လို့ ယူဆသလို လျှပ်စစ်ကဏ္ဍကို အားပေးနေတဲ့အချိန်မှာ မကြာခင်ကာလမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့လုပ်ကွက်တွေကို စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ပြီးရင် ကျွန်တော်တို့ဆီကို  ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပုံမှန်အနေအထားအားဖြင့် ဝင်လာနိုင်တာကတော့ အိမ်ရာထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးအပိုင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏သတ္တုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၂၉၀၄ သန်းကျော် ဝင်ရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အသေးစား၊ အလတ်စား၊ အကြီးစားနှင့် လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက်မျက်လုပ်ကွက် ၁၂၅၀ ကျော် ခွင့်ပြုမိန့်ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကျောက်မျက်လုပ်ကွက်ထုတ်ပေးထားမှုအရ ကချင်ပြည်နယ်တွင် အကြီးစားလုပ်ကွက်လေးကွက်၊ အသေးစား ၈၂ ကွက်၊ စမ်းသပ်၂၅ ကွက်ဖြင့် စုစုပေါင်း ၁၁၂ ကွက်၊ ကယားပြည်နယ်တွင် အကြီးစားလုပ်ကွက်တစ်ကွက်၊ အသေးစားတစ်ကွက်၊ စမ်းသပ် ၁၅ ကွက်ဖြင့် စုစုပေါင်း ၁၈ ကွက်၊ ကရင်ပြည်နယ်တွင် အကြီးစားလုပ်ကွက် ခြောက်ကွက်၊ အသေးစား ၃၇ ကွက်၊ စမ်းသပ် နှစ်ကွက်ဖြင့် စုစုပေါင်း ၄၆ ကွက်၊ ချင်းပြည်နယ်တွင် စမ်းသပ် ၂၅ ကွက်ဖြင့် စုစုပေါင်း လေးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၂၄ ကွက်၊ အသေးစား ၁၆၅ ကွက်၊ စမ်းသပ် ၁၄ ကွက်ဖြင့် စုစုပေါင်း ၂၂၉ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၁၈ ကွက်၊ အသေးစား ၄၅ ကွက်၊ စမ်းသပ် ၁၉ ကွက်ဖြင့် စုစုပေါင်း ၈၈ ကွက်၊ နေပြည်တော်တွင် အကြီးစား လုပ်ကွက်သုံးကွက် ခွင့်ပြုမိန့် ထုတ်ပေးထားသည်။ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း အသေးစား၊ အလတ်စား၊ အကြီးစားနှင့် လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက်မျက်လုပ်ကွက်များ ခွင့်ပြုမိန့်ထုတ်ပေးထားသည်။

အသေးစားနှင့်လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုမိန့်ထုတ်ပေးခြင်းကို သတ်မှတ်ဧရိယာအတွင်းဖြစ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ခွင့်ပြုပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားထားသည်။

 

Most Read

Most Recent