ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆုံးဖြတ် ဆောင်ရွက်ချက်များအပေါ် ပြန်လည် စိစစ်ပေးနိုင်ရန်နှင့် ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက်များအပေါ် ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စာပေးပို့

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆုံးဖြတ် ဆောင်ရွက်ချက်များအပေါ် ပြန်လည် စိစစ်ပေးနိုင်ရန်နှင့် ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက်များအပေါ် ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စာပေးပို့
ဒီဇင်ဘာ ၁၉ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ပြုလုပ်နေမှုကို တွေ့ရစဉ်
ဒီဇင်ဘာ ၁၉ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ပြုလုပ်နေမှုကို တွေ့ရစဉ်
Published 21 December 2019
စည်သူ၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆုံးဖြတ်ဆောင်ရွက်ချက်များအပေါ် ပြန်လည် စိစစ်ပေးနိုင်ပါရန် နှင့် ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက်များအပေါ် ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က စာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါစာကို ဒီဇင်ဘာ ၂၀ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံ လိပ်မူ၍ ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် ဗိုလ်ချုပ်တင်ဆွေဝင်းက ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ပေးပို့စာအရ သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အထိ ပူးပေါင်းကော်မတီ၏ အစည်းအဝေးပေါင်း ၇၁ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ကြောင်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပူးပေါင်းကော်မတီဝင် ရှစ်ဦးသည် ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် စိတ်ရှည်သည်းခံစွာ တက်ရောက်ခဲ့ကြကြောင်း ပေးပို့စာတွင် ပါရှိသည်။

ထို့ပြင် ပူးပေါင်းကော်မတီ စတင်ဖွဲ့စည်းစဉ်က ပြည်ထောင်စုလွှတ်တော်အတွင်းရှိ ပါတီ အစုအဖွဲ့အလိုက် အင်အားခွဲဝေမှုအရ ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၁၉ အရ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းအား စက်တင်ဘာ ၂ ရက်မှစ၍လည်း ကောင်း၊ ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) ဦးမြင့်နိုင်တို့အား စက်တင်ဘာ ၃ ရက်မှ စ၍ လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၈၈/၂၀၁၉ အရ မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့တို့အား ဒီဇင်ဘာ ၁၆ ရက်မှ စ၍လည်းကောင်း နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဖြစ်သဖြင့် ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် စုစုပေါင်း ၄၀ သာ ကျန်ကြောင်းနှင့် ပူးပေါင်းကော်မတီဝင် ဒူးလေးပါတီမှ ဦးလာမာလေးသည်လည်း ကိုးလခန့် အစည်းအဝေး တက်ရောက်ခြင်း မရှိသဖြင့် ၃၉ ဦးသာရှိနေကြောင်း တင်ပြစာတွင် ပါရှိသည်။

သို့အတွက် အချိုးညီစွာဖြင့် ဖွဲ့စည်းထား သော ၄၅ ဦးကော်မတီသည် အချိုးမညီ မဲပေးမှု မျှတခြင်း မရှိသည့်အတွက် ပြန်လည်ဆန်းစစ်သင့်ကြောင့်း၊ ပူးပေါင်းကော်မတီတွင် ဥပဒေမူကြမ်းအတွက် မဲခွဲဆုံးဖြတ်ကြရာ၌ အချက် တစ်ချက်အား စဉ်းစားသုံးသပ်၊ ထောက်ခံ၊ ကန့်ကွက်ရန် အများဆုံး ငါးမိနစ်အတွင်း ဆောင်ရွက်စေမှုသည် သင့်တင့်လျောက်ပတ်သော လုပ်ဆောင်ချက် မဟုတ်သည့်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပူးပေါင်းကော်မတီဝင်များအနေဖြင့် ကန့်ကွက်ခဲ့ကြောင်း ပေးပို့စာတွင် ဖော်ပြပါရှိသည်။

ဆက်လက်ပြီး ပူးပေါင်းကော်မတီတွင် ဥပဒေမူကြမ်းအတွက် မဲခွဲဆုံးဖြတ် ဆောင်ရွက်ကြရာတွင် တိုင်းရင်းသားပါတီများ၏ ပြင်ဆင်ဖြည့်စွက်ရန် တင်ပြချက်များ မပါရှိတော့ဘဲ အနိုင်ရ NLD ပါတီ၏ ပြင်ဆင်ချက်များ (မဲများသူသာနိုင်သည့်စနစ်အရ) အတည်ဖြစ် နေသောကြောင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ပူးပေါင်းကော်မတီ၏ လုပ်ဆောင်ချက်များကို ကန့်ကွက်ကြောင်း တင်ပြစာ ဖော်ပြပါရှိသည်။

Most Read

Most Recent