ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗီယက်နမ်နိုင်ငံတွင် တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှုနှိမ်နင်းရေး အပါအဝင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗီယက်နမ်နိုင်ငံတွင် တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှုနှိမ်နင်းရေး အပါအဝင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေစဉ်
Published 21 December 2019
မင်းနိုင်စိုး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (K-2000) ၌ ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်တို့သည် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ရှည်လျားသော ချစ်ကြည်ရေးသမိုင်းကြောင်းရှိပြီး ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည့် အခြေအနေများနှင့် ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်းဖြင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်စေနိုင်သည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် အကြမ်းဖက်မှုနှိမ်နင်းရေး၊ ပင်လယ်ပြင်ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်ရေးများအပြင် အခြားနယ်ပယ်ကဏ္ဍပေါင်းစုံ၌ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ထို့ပြင် ဆေးပညာနှင့် ကုသမှုဆိုင်ရာ အတွေ့အကြုံ ဖလှယ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့များ၊ အားကစားဆိုင်ရာအဖွဲ့များ၊ အရာရှိကြီးအဆင့်နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အပြန်အလှန်စေလွှတ်၍ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် မြန်မာ့တပ်မတော်က တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲနှင့် တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒာဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် အောင်ဇေယျတို့ တက်ရောက်ကြပြီး ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် နှင့်အတူ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Viettel Group သို့ သွားရောက်လေ့လာခဲ့ကြပြီး Viettel Group ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် Viettel Group အနေဖြင့် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  ဆက်သွယ်ရေး ပစ္စည်းများကို သုတေသနပြုလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်းများအပြင် အင်တာနက်ဝန်ဆောင်မှုနှင့် ဆက်စပ်နေသည့် ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် Mytel ဆက််သွယ်မှုကွန်ရက်ကို ဆောင်ရွက်ခဲ့ပြီး Mytel ဟူသည့် အမည်ကို ဗိုလ်ချုပ်မှူးကြီးက မှည့်ခေါ်ပေးခဲ့ခြင်းဖြစ်ကာ အချိန်တိုအတွင်း တိုးတက်မှုများစွာ ရှိခဲ့ကြောင်းနှင့် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဆက်သွယ်မှုစနစ် ကောင်းမွန်မှုအပေါ်တွင်လည်း များစွာမူတည်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုရှိစွာ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများဖြင့် နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ဗီယက်နမ်တပ်မတော်နှင့် မြန်မာ့တပ်မတော်နှစ်ရပ် အကျိုးတူပူးပေါင်း၍ Mytel ဆက်သွယ်မှုကွန်ရက်ကို ရဲရဲရင့်ရင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ Viettel Group ကို ၂၀၀၄ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ကာ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး Mobile ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပ အလုပ်သမားဦးရေ ၈၀၀၀၀  ရှိပြီး ငှားရမ်းအသုံးပြုသူ ၆၃ သန်းအား ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ Viettel အနေဖြင့် အာရှ၊ အာဖရိကနှင့် အမေရိက စသည့် တိုက်ကြီး သုံးတိုက်တွင် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက် အခွန်ငွေများစွာ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent