ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်အရ Global New Light of Myanmar သတင်းစာထုတ်ဝေမှုတွင် ကုမ္ပဏီမှ အစုရှယ်ယာ အပြည့်အဝထည့်ဝင်ရန် ကျန်ရှိနေခြင်းကို ဆောလျင်စွာ ပြီးပြတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုဟု ပြည်ထောင်စုစာရင်းစစ်ချုပ် အကြံပြု

ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်အရ Global New Light of Myanmar သတင်းစာထုတ်ဝေမှုတွင် ကုမ္ပဏီမှ အစုရှယ်ယာ အပြည့်အဝထည့်ဝင်ရန် ကျန်ရှိနေခြင်းကို ဆောလျင်စွာ ပြီးပြတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုဟု ပြည်ထောင်စုစာရင်းစစ်ချုပ် အကြံပြု
Published 18 December 2019
စည်သူ၊အောင်မင်းသိန်း

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနှင့် Global Direct Link ကုမ္ပဏီတို့၏ ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်အရ Global New Light of Myanmar သတင်းစာထုတ်ဝေမှုတွင် ကုမ္ပဏီမှ အစုရှယ်ယာ အပြည့်အဝ ထည့်ဝင်ရန်ကျန်ရှိနေပြီး အစုရှယ်ယာထည့်ဝင်မှုနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ဆောလျင်စွာပြီးပြတ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အကြံပြုချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းအကြံပြုထားခြင်း ဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ နှင့်စပ်လျဉ်း ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲ အမှတ်စဉ် (၁၆/၂၀၁၉) တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပတ်သက်၍ သတင်းစာနှင့် စာနယ်ဇင်း လုပ်ငန်း၊ Global Direct Link ကုမ္ပဏီမှ အစုရှယ်ယာများ အပြည့်အဝထည့်ဝင်နိုင်ခြင်း မရှိသေးခြင်းကို ဖော်ပြထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်တွင် Global New Light of Myanmar သတင်းစာ ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနှင့် Global Direct Link ကုမ္ပဏီတို့၏ ဖက်စပ် လုပ်ငန်းသဘောတူစာချုပ်အရ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ၅၁ ရာခိုင်နှုန်း (ကျပ် သန်း ၆၅၄၀ ဒသမ ၇) ထည့်ဝင်ပြီးဖြစ်သော်လည်း Global Direct Link  ကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်း (ကျပ်သန်း ၆၂၈၄ ဒသမ ၃) အနက် ကျပ်သန်း ၄၈၀၇ ဒသမ ၅၆၆ သာ ထည့်ဝင်ထားသဖြင့် ကနဦးမတည်ငွေရင်းမှ ကျန်ငွေ ကျပ်သန်း ၁၄၇၆ ဒသမ ၇၃၄ ထည့်ဝင်ရေးနှင့် အရှုံးဖြစ်ပေါ်သည့် အကြောင်းရင်းကို ပြန်လည်စိစစ်သင့်ကြောင်း ဖော်ပြထားသည်။

Global Direct Link ကုမ္ပဏီ၏ ကျန်ရှိသည့် ထည့်ဝင်ရမည့် ရင်းနှီးငွေအား အမြန် ထည့်ဝင်နိုင်ရေးနှင့်စပ်လျဉ်း၍ အစုရှင်ဘက်မှ ဆက်လက်ထည့်ဝင်ခြင်း (သို့မဟုတ်) နှစ်ဖက်လက်ခံနိုင်မည့် အစီအမံအား ပြန်လည်တင်ပြရန် ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်လျက်ရှိ ခြင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အကြံပြုချက်အရ အစုရှယ်ယာပြင်ဆင်ရန် Global New Light of Myanmar  ကုမ္ပဏီ၏ BOD အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်က ဆောင်ရွက်သွားမည်ဖြစ်ခြင်းကို ဌာနမှတင်ပြခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Global Direct Link ကုမ္ပဏီမှ အစုရှယ်ယာ အပြည့်အဝ ထည့်ဝင်ရန် ကျန်ရှိနေပြီး အစုရှယ်ယာထည့်ဝင်မှုနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ဆောလျင်စွာ ပြီးပြတ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အကြံပြုချက်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

Global New Light of Myanmar ကုမ္ပဏီ၏ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့် Board of Dorector (BOD) ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကုမ္ပဏီဥပဒေပုဒ်မ ၁၁၅(က) (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ အစုရှယ်ယာ မတည်ငွေရင်း ပြန်လည်သတ်မှတ်ရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထက်ပါ သဘောတူညီချက်နှင့်အညီ ဖက်စပ်သဘောတူစာချုပ်နှင့် မြေငှားစာချုပ်များ ပြင်ဆင်ချုပ်ဆိုနိုင်ရေး နှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးများ၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြအတည်ပြုချက်ရယူရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ပါဝင်သည့်ဌာန၏ ရှင်းလင်းတင်ပြချက်တွင် ဖော်ပြထားသည်။

 

 

Most Read

Most Recent