NLD အစိုးရလက်ထက်တွင် ဘာတွေပြောင်းလဲလို့လဲ ဟု ပြောကြားသူများ အနေဖြင့် နဖူးပေါ်လက်တင်၍ စဉ်းစားကြပါဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ပြောကြား

NLD အစိုးရလက်ထက်တွင် ဘာတွေပြောင်းလဲလို့လဲ ဟု ပြောကြားသူများ အနေဖြင့် နဖူးပေါ်လက်တင်၍ စဉ်းစားကြပါဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ပြောကြား
Published 18 December 2019
ကောင်းခန့်လင်း(မုံရွာ)

NLD အစိုးရလက်ထက်တွင် ဘာတွေ ပြောင်းလဲလို့လဲဟု ပြောကြားသူများအနေဖြင့် နဖူးပေါ်လက်တင်၍ စဉ်းစားစေလိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင်က ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲအပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အခုလုပ်နေတာတွေ အားလုံးသည် ဒီမိုကရေစီယဉ်ကျေးမှုကြီး ဒီမိုကရေစီစနစ်ကြီး ကျွန်တော်တို့ နိုင်ငံကို အုတ်မြစ်ချသွားနိုင်အောင် လုပ်တာပါ။ အချို့က ပြောကြပါတယ်။ ဘာတွေ ပြောင်းလဲလို့လဲ။ ၁၉၆၂ ခုနှစ်ကနေ အခု ၂၀၁၉ ခုနှစ်အထိ ၅၇ နှစ်လုံးလုံး စနစ်တကျ ပျက်စီးလာခဲ့တာ။ ကျွန်တော်တို့က ဘယ်လိုလုပ် ပြန်ပြင်ရမှာလဲ။ လူတွေက အမှားတွေကို ခဏလောက်ပဲ အမှန်တွေလို့ ထင်နေတယ်။အဲဒီလို ပြောတဲ့သူတွေအနေနဲ့ နဖူးပေါ်လက်တင်ပြီးတော့ စဉ်းစားကြပါ”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

ဒီမိုကရေစီနိုင်ငံ ထူထောင်မည်ဆိုပါက အခြေခံလူထု အခွင့်အရေးများကို အာမမခံနိုင်ဘဲ ဒီမိုကရေစီနိုင်ငံ မထူထောင်စေလိုကြောင်း၊ ထို့ပြင် လွတ်လပ်စွာ ပြောကြားခွင့်ရှိရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး၊ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရေးတို့အတွက် NLD အစိုးရက လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူများ၏ အသက်သွေးချွေး မြောက်မြားစွာပေးခဲ့မှုကို ရုံးအိုကြီးမှာ မြိန့်မြိန့်ကြီးထိုင်ကာ အာဏာယူဖို့ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ဒေါက်တာမြင့်နိုင်က ဆက်လက် ပြောကြားသည်။

ပခုံးပေါ်ကျရောက်လာသည့် သမိုင်းပေးတာဝန်ကို ကျေပွန်ချင်လွန်း၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး သမိုင်းပေးတာဝန် ကျေပွန်ဖို့ရာအတွက် ပြည်သူများပူးပေါင်း ပါဝင်ကြမှသာလျှင် ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။