ရခိုင်တွင် ရွေးကောက်ပွဲ ကျင်းပလိုပါက လာရောက် ညှိနှိုင်းရမည်ဟု AA အဖွဲ့ စစ်ဦးစီးချုပ်၏ ပြောကြားချက်မှာ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းမည်ဆိုသည့် သဘောမျိုး သက်ရောက်ကာ ပြဿနာများ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း NLD ပါတီ ပြောကြား

ရခိုင်တွင် ရွေးကောက်ပွဲ ကျင်းပလိုပါက လာရောက် ညှိနှိုင်းရမည်ဟု AA အဖွဲ့ စစ်ဦးစီးချုပ်၏ ပြောကြားချက်မှာ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းမည်ဆိုသည့် သဘောမျိုး သက်ရောက်ကာ ပြဿနာများ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း NLD ပါတီ ပြောကြား
Published 17 December 2019
ဇော်မင်းနိုင်

ရခိုင်တွင် ရွေးကောက်ပွဲ ကျင်းပလိုပါက လာရောက်ညှိနှိုင်းရမည်ဟု AA အဖွဲ့ စစ်ဦးစီးချုပ်၏ ပြောကြားချက်မှာ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းမည်ဆိုသည့်သဘောမျိုး သက်ရောက်ကာ ပြဿနာများ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီသတင်းဌာနမှ တင်ခဲ့သည့် သတင်းတွင် AA အဖွဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်တွင် ရွေးကောက်ပွဲများ ပြုလုပ်မည်ဆိုပါက လာရောက် ညှိနှိုင်းရမည်ဟု ဖုန်းဖြင့် ဖြေကြားခဲ့သည်။

“ ကျွန်တော်တို့ကို လာပြီး ညှိနှိုင်းမယ်။ သဘောကတော့နော် ပြည်သူတွေကလည်း ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်၊ အစိုးရကလည်း ဖြစ်စေချင်တယ်ဆိုရင် ကျွန်တော်တို့နဲ့ လာပြီး ညှိနှိုင်းပေါ့။ ဒီရွေးကောက်ပွဲ ကာလတွေမှာ ဘယ်လိုထိန်းသိမ်းမယ် ဆိုရင်တော့ ဖြစ်နိုင်ခြေတွေတော့ ရှိပါတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့က ပြည်သူ့ဆန္ဒကို လေးစားတယ်။ ဒီမိုကရေစီစနစ်အရ ဆန္ဒထုတ်ဖော်ခြင်း၊ သူ့ရဲ့စနစ်ကို ကျင့်ကြံအားထုတ်ခြင်းဆိုတဲ့ ကိစ္စတွေပေါ့။ ကျွန်တော်တို့ကို လာရောက် ညှိနှိုင်းမယ်ဆိုရင် လေးလေးစားစား နဲ့ ပူးပေါင်းဆောင်ရွက်လို့ ရတယ်” ဟု AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။

ယင်းသို့ ပြောဆိုချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ယင်းသို့ ပြောကြားချက်မှာ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းသည့် သဘောဖြစ်ကြောင်း The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ ဒီလိုပြောဆိုတာကတော့ နိုင်ငံရေးပြဿနာကို အင်အားသုံးပြီး ဖြေရှင်းမယ်ဆိုတဲ့ သဘောမျိုး ရောက်သွားတယ်။ အဲဒါကတော့ ပြဿနာကို ပြေလည်သွားစေဖို့ ကူညီမပေးတဲ့အပြင် ပိုပြီးရှုပ်ထွေးစေမယ်လို့ ကျွန်တော်တို့ကတော့ စိုးရိမ်နေပါတယ်” ဟု အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ယင်းသို့ AA အဖွဲ့စစ်ဦးစီးချုပ်၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

AA အဖွဲ့မှာ လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ချင်းပြည်နယ် ပလက်ဝမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်းတို့အား ဖမ်းဆီးထားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား တပ်မတော်ထံ သတင်းပေးမှု၊ ချင်းနှင့် ရခိုင် လူမျိုးများအကြားတွင် လူမျိုးရေးခွဲခြားမှု စသည့်စွပ်စွဲချက်များဖြင့် လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌအား ICJ တွင် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲကျင်းပရန် စီစဉ်မှုဖြင့် လည်းကောင်း ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ AA အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးမှာ ထိုင်းနိုင်ငံတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့အကြား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ သောင်းနှင့်ချီ ရှိလာပြီဖြစ်ပြီး သေဆုံး ဒဏ်ရာရရှိသူများလည်း ရှိလာပြီ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး  ICJ တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအား သွားရောက် တရားရင်ဆိုင်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကို လျှော့ချပြီး ငြိမ်းချမ်းရေး အမြန်ရရှိရန်မှာ ဦးစားပေးဖြစ်ကြောင်း အဆိုပါတရားခွင်တွင် ပြောကြားခဲ့သည်။