ICJ ကြားနာမှုပြီးနောက် မြန်မာနိုင်ငံ၏ ရပ်တည်ချက် ပျော့ပျောင်းသွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ICJ ကြားနာမှုပြီးနောက် မြန်မာနိုင်ငံ၏ ရပ်တည်ချက် ပျော့ပျောင်းသွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 17 December 2019
Ref : ANI

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကြားနာမှုပြီးနောက် မြန်မာနိုင်ငံသည် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များနှင့် ပတ်သက်၍ ရပ်တည်ချက် ပျော့ပျောင်းသွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြောကြားခဲ့သည်။

“သူတို့က သူတို့ရဲ့ရပ်တည်ချက် ပျော့ပျောင်းအောင် လုပ်လိုက်ပါတယ်။ သူတို့ကျွန်တော့်ကို မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားပါတယ်။ ဒါဟာ ကောင်းတဲ့ အစပြုမှုတွေပါပဲ” ဟု မိုမန်၏ ဒီဇင်ဘာ ၁၅ ရက်က ပြောကြားခဲ့မှုကို ကိုးကားလျက် BD News က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လူနည်းစုဖြစ်သော ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟူသည့် စွဲချက်များကို ဒီဇင်ဘာ ၁၁ ရက်တွင် အမျိုးအစားအရ ပယ်ချသွားခဲ့သည်။ ယင်းအမှုသည် အနောက်အာဖရိက နိုင်ငံငယ်ကလေးဖြစ်သော ဂမ်ဘီယာက မြန်မာနိုင်ငံကို စွဲဆိုထားခြင်းဖြစ်သည်။

ကမ္ဘာ့လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အိုင်ကွန်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က သည်ဟိတ်မြို့ရှိ iCJ ၌ ထွက်ဆိုရာတွင် ဘင်္ဂါလီပြဿနာသည် သူ၏နိုင်ငံအနေဖြင့်သာ ဖြေရှင်းရမည့် ပြည်တွင်းရေးကိစ္စ ဖြစ်သည်ဟု ဆိုသည်။

အယ်လ်ဂျားဇီးယား၏ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တပ်မတော် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင် ၇၄၀,၀၀၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားပြီး ယခင်ရှိနှင့်ပြီးသား ဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ နှင့်အတူ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ပြန်လည်လက်ခံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လွန်ခဲ့သည့် နှစ်နှစ်က လက်မှတ်ရေးထိုး ထားခဲ့သော်လည်း ယခုအထိ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ခြင်း မရှိသေးပေ။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မြန်မာနိုင်ငံရှိ အခြေအနေရပ်များကို ဘေးကင်းလုံခြုံမှုမရှိ၊ တာရှည်မခံ၊ မဖြစ်နိုင်ဟု ဖော်ပြခဲ့ကြသည်။

“ကျွန်တော်ကတော့ ရိုဟင်ဂျာတွေအားလုံး မြန်မာနိုင်ငံကို ပြန်သွားပြီးမှသာ ကျွန်တော် မြန်မာနိုင်ငံကို လာမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် သူတို့ကို အဲဒီမှာ တွေ့ပါမယ်။ အခုတော့ သူတို့ (မြန်မာနိုင်ငံ) က ကျွန်တော့်ကိုထပ်ပြီး ဖိတ်ကြားပါတယ်။ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြရပါလိမ့်မယ်” ဟု မိုမန်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်၍ ဒုက္ခသည်များနှင့် ဆွေးနွေးကာ ၎င်းတို့၏ မျှော်လင့်ချက်များကို နားလည်အောင် ပြုလုပ်သင့်သည်ဟု သူသည် မြန်မာအာဏာပိုင်များအား အကြံပြုခဲ့သည်ဟု မိုမန်က ပြောကြားခဲ့သည်။

“ဒါပေမဲ့ ကျွန်တော်က သူတို့ကို ဒီကိုလာပြီး လူတွေ (ဒုက္ခသည်တွေ) နဲ့ ဆွေးနွေးပြီး သူတို့မျှော်လင့်ချက်တွေကို နားလည်စေချင်ပါတယ်။ ဒါက ပြန်လည်လက်ခံရေးကို လွယ်ကူသွားစေနိုင်ပါတယ်” ဟုလည်း မိုမန်က ဆိုသည်။