ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ကတိကဝတ် မပြုသင့်ကြောင်း အစိုးရ၏ အာမခံ/ကတိကော်မတီ အစီရင်ခံစာတွင် ဖော်ပြ

ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ကတိကဝတ် မပြုသင့်ကြောင်း အစိုးရ၏ အာမခံ/ကတိကော်မတီ အစီရင်ခံစာတွင် ဖော်ပြ
ဒီဇင်ဘာ ၁၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
ဒီဇင်ဘာ ၁၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
Published 17 December 2019
အောင်မင်းသိန်း

ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ကတိကဝတ် မပြုသင့်ကြောင်း အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားသည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့်အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့်အစီရင်ခံစာကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်း ခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်၏ အမြဲတမ်း ကော်မတီတစ်ရပ်ဖြစ်သော အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံခြင်းများ စိစစ်ရေး ကော်မတီအနေဖြင့် ၂၀၁၅ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၆ နှင့် ၉၇ အရ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းမေးမြန်းခဲ့သော အဆိုမေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ ပြန်လည်ဖြေကြားချက်များကို ကတိဖြစ် မဖြစ် စိစစ်၍ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၀ အရ အစီရင်ခံစာပြုစု၍ အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းဖြစ်ကြောင်း ဦးပြူးလွင်က လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့သည်။

“ဝန်ကြီးဌာနများ အနေဖြင့် လွှတ်တော်တွင် ကတိပေး ဖြေကြားခဲ့သည့်အတိုင်း ကတိဖြစ်ပေါ်မှုအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်ရန်နှင့် နေရာပြောင်း၊ ခေါင်းစဉ်ပြောင်းလဲ ဆောင်ရွက်ပါက ကော်မတီသို့ ကြိုတင်အသိ ပေးညှိနှိုင်းဆောင်ရွက်ရန် အကြံပြုပါတယ်။ ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ကတိကဝတ် မပြုသင့်ပါကြောင်း သုံးသပ်အကြံပြုပါတယ်” ဟု ဦးပြူးလွင်က လွှတ်တော်၌ ဖတ်ကြားတင်ပြခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့မှုများတွင် ကြယ်ပွင့်ပြမေးခွန်း ၈၃၀ ခု၊ ကြယ် ပွင့်မပြမေးခွန်း ၁၀၃၀ ခု၊ အတည်ပြုအဆို ၁၈ ခု စုစုပေါင်း ၁၈၇၈ ခုဖြစ်ပြီး ပထမပုံမှန် အစည်းအဝေးမှ ၁၂ ကြိမ်မြောက် ပုံမှန်အ စည်းအဝေးအထိ ကြယ်ပွင့်ပြ မေးခွန်း ၂၈၄ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၄၀၅ ခုနှစ် အဆို ၂ ခု၊ စုစုပေါင်း ၆၉၁ ခုကို ရာခိုင်နှုန်း ၁၀၀ လုပ်ငန်းများ ပြီးစီး၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ခဲ့ပြီး ကတိလက်ကျန်စာရင်း ၁၁၈၇ ခု၊ ရာခိုင်နှုန်းအားဖြင့် ၆၃ ဒသမ ၂ ရာခိုင်နှုန်း ကျန်ရှိနေကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။

“ဝန်ကြီးဌာနများအနေဖြင့် ကော်မတီ သို့ ကတိကဝတ်စာရင်းမှ ပယ်ဖျက်ခွင့်တင်ပြ ထားသော်လည်း ကော်မတီမှ ပယ်ဖျက်ခွင့်ပြု ကြောင်း အတည်ပြုပြန်ကြားခြင်းမရှိသည့် မေးခွန်းများအား လစဉ်ပြန်တမ်းများတွင် ဆက်လက်ထည့်သွင်းပေးပို့ရန် အကြုံပြုအပ် ပါတယ်။ ပထမပုံမှန် အစည်းအဝေးမှ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအထိ ဖော်ပြပါဝန်ကြီးဌာန သုံးခုအနေဖြင့် ကတိကဝတ်ဖြစ်ပေါ်မှု လက်ကျန်စာရင်း များပြားနေပါသဖြင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများပြီးစီးအောင် ကြပ်မတ်ဆောင်ရွက် သင့်ပါကြောင်း သုံးသပ်အကြံပြု အပ်ပါတယ်” ဟု ဦးပြူးလွင်က ဖတ်ကြားတင်သွင်းခဲ့သည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းဝေးမှ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်ပေါ်မှု လက်ကျန်စာရင်းတွင် ပညာရေး ဝန်ကြီးဌာနမှ ၁၈၆ ခု၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ၁၄၀ ခု၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ၁၈၄ ခု ဖြင့် အများဆုံး စာရင်းတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။

“မေးခွန်းရှင် ကိုယ်စားလှယ်မျာ အနေဖြင့်လည်း ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများအနက် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် ဘတ်ဂျက်လျာထားခြင်း မရှိတော့သည့် လုပ်ငန်းများနှင့် သက်ဆိုင်သည့်အဆို၊ မေးခွန်းများအား ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ရေး အလေးထား ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်အကြံပြု အပ်ပါတယ်” ဟု ဦးပြူးလွင်က လွှတ်တော်၌ ဖတ်ကြားတင်ပြခဲ့သည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ကတိဖြစ်ပေါ်ခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းရာခိုင်နှုန်း ၁၀၀ ပြီးစီးကြောင်းနှင့် ကတိကဝတ်စာရင်းမှ ပယ်ဖျက်ပေးပါရန် တင်ပြလာမှုအပေါ် မေးခွန်းရှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိတို့၏အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ ၁၀၀ ရာခိုင်နှုန်း ပြီး မပြီးနှင့် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီခြင်း ရှိ မရှိကို ပြန်လည်စိစစ်၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် ကော်မတီသို့ ဆောလျင်စွာ ပြန်လည် တင်ပြပေးနိုင်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။