သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု သုံးနှစ်ပြည့်ပြီ တရားခံဘယ်သူလဲ

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု သုံးနှစ်ပြည့်ပြီ တရားခံဘယ်သူလဲ
သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် ဒီဇင်ဘာ ၁၃ ရက်က မုံရွာမြို့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဌေးလှအောင်)
သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် ဒီဇင်ဘာ ၁၃ ရက်က မုံရွာမြို့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 15 December 2019
ဌေးလှအောင်

 

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၂၀ အချိန် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းဘေး တစ်နေရာမှာ သတင်းထောက်ကိုစိုးမိုးထွန်းကို ဦးခေါင်း ထိပ်ကွဲပြဲဒဏ်ရာ နှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲ ဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ မှောက်လျက် သေဆုံးနေတာကို မြို့ခံအချို့က စတင်တွေ့ ရှိခဲ့ကြပါတယ်။

သူ့ကို စတင်တွေ့ရှိခဲ့ချိန်က ဆိုင်ကယ်တိမ်းမှောက်ပြီး လူတစ်ယောက်လဲကျနေတဲ့ အသွင်ပုံစံဖြစ်နေတာကြာင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့က ကနဦးသွားရောက်စစ်ဆေးခဲ့ချိန်မှာ ယာဉ်တိမ်းမှောက်မှုမဟုတ်ဘဲ လူသတ်မှု ဖြစ်နေတာကြောင့် သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့ကနေ သွားရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းထောက်ကိုစိုးမိုးထွန်း ဖြစ်နေတာကို မမျှော်လင့်ဘဲ တွေ့လိုက်ကြရပါတယ်။ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု နဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆၊ (ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ကနဦးအမှုဖွင့် စတင်စစ်ဆေးစစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။

ယခု ၂၀၁၉ ဒီဇင်ဘာ ၁၃ ရက်မှာEleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းလုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ သုံးနှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ အမှုနဲ့ပတ်သက်ပြီး အဓိကကျူးလွန်ခဲ့တဲ့ တရားခံကို ဖမ်းမိနိုင်ဖို့ဆိုသည်ထက် အမှုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ သံသယရှိ သူတစ်ဦးတစ်ယောက်ကိုမှ ဖော်ထုတ်ဖမ်းဆီးထားနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် အမှုဟာ အမေ့လျော့ခံ အခြေအနေကို ရောက်ရှိသွားပြီလား၊ ချောင်ထိုးခံထားလိုက်ရပြီလားဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ။ ဒီမှုခင်းဖြစ်စဉ်ဟာ ရိုးရိုးသာမန်မှုခင်းဖြစ်စဉ်တစ်ခု မဟုတ်ပါဘူး။ ရက်စက်စွာနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်သလို အသတ်ခံခဲ့ရတဲ့သူက သတင်းထောက်တစ်ယောက် ဖြစ်နေပါတယ်။

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ သုံးနှစ်ပြည့်ကိုရောက်ရှိလာခဲ့ပေမယ့် အဓိကကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးတဲ့အပေါ် သူ့ရဲ့မိသားစုဝင်တွေက အမှုမှန်အမြန်ဆုံးဖော် ထုတ်ပေးဖို့ ဆက်လက်တောင်းဆိုနေကြသလို ကိုစိုးမိုးထွန်းရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေနဲ့ မိတ်ဆွေတွေက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ရဲတပ်ဖွဲ့အပေါ် မေးခွန်းထုတ်ဝေဖန်မှုတွေ ရှိနေကြပါတယ်။ ဒါ့အပြင် သတင်းထောက်ကိုစိုးမိုးထွန်းရဲ့ မိခင်သတင်းဌာနဖြစ်တဲ့ Eleven Media Group အနေနဲ့ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ဖို့၊ ကျူးလွန်သူတွေအပါအဝင် နောက်ကွယ်ကနေ စေခိုင်းခဲ့သူတွေကိုပါ စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ဆက်လက် တောင်းဆိုထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ သုံးနှစ်ပြည့်ကိုရောက်ရှိလာခဲ့ပေမယ့် လက်ရှိအချိန်အထိ အမှုမှန်မပေါ်ပေါက်သေးတာ၊ မဖော်ထုတ်ပေးနိုင်သေးတာကြောင့် ကိုစိုးမိုးထွန်း မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေနဲ့ မိတ်ဆွေတွေက သူလုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့နေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက မုံရွာမြို့မှာ အမှုမှန်အမြန် ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ သုံးနှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်မတို့ မိသားစုမှာ မနေ့ညက ဖြစ်ခဲ့သလိုပဲ ကြေကွဲဝမ်းနည်းပြီးတော့ ခံစားနေရဆဲပါ။ အခု သုံးနှစ်ပြည့်သွားတဲ့အထိ အမှုမှန်မဖော်ထုတ်နိုင်သေးဘူးဆိုတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အားမရပါဘူး။ အမှုစပြီးဖြစ်တဲ့အချိန်တုန်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ အဲဒီတုန်းက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ အခုအဲဒီတုန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း မရှိတော့သလို အမှုကလည်း ဘာမှ ထူးခြားမလာတော့ပါဘူး။ တကယ်တမ်းဆိုရင် ဒီအမှုဟာ ကျွန်မရဲ့ အထင်ပြောရမယ်ဆိုရင် ပေါ်နေပြီးသားကို မဖော်ထုတ်တာလို့ပဲ မြင်မိတယ်။ သိနေတာကို မဖော်ထုတ်တာပါ။ ဒါကြောင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်”

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ သုံးနှစ်ပြည့်အချိန်ကို ရောက်ရှိလာခဲ့ချိန်အထိ အမှုမှန်မပေါ်ပေါက်သေးတာကြောင့် အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးကြဖို့ သူ့ရဲ့မိသားစုဝင်တစ်ဦးက ရင်ဖွင့်တောင်းဆိုထားတာ ဖြစ်ပါတယ်။

 

လူသတ်မှုစတင်ဖြစ်ပွားခဲ့စဉ်က ရဲတပ်ဖွဲ့ ဆောင်ရွက်ချက်နဲ့ လက်ရှိအမှုအခြေအနေ

ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး နောက်တစ်ရက်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းပြီး တရားခံအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အလေးထား ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ အဲဒီအဖွဲ့ကိုတော့မုံရွာ ခရိုင်ရဲတပ်ဖွဲ့က ‘ အထူးအမှုစစ်’ အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ရာထူးအလိုက် တာဝန်တွေခွဲဝေပေးထားတာ တွေ့ရပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ သတင်းရရှိရေးအတွက် စုံစမ်းရေးအဖွဲ့နဲ့ စစ်ကြောရေးအဖွဲ့ဆိုပြီး နှစ်ပိုင်းခွဲခြားပြီးတော့ အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါ တယ်။ အဲဒီအထူးအမှုစစ်အဖွဲ့ဟာ EMG ရဲ့ မုံရွာမြို့ အခြေစိုက်သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုနဲ့ ပတ်သပ်ပြီး အမှုနဲ့ ပတ်သက်ဆက်စပ်တဲ့သူတွေကို ခေါ်ယူစစ်ဆေးတာ မသင်္ကာသူအချို့ကို ချုပ်ရမန်ရယူပြီးတော့ စစ်ဆေးတာ၊ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခြင်း မခံရမီအချိန်က ခေါ်ဆိုထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ရေး ရုံးချုပ်တွေကိုပို့ဆောင်ပြီး ဖော်ထုတ်စစ်ဆေးတာ၊ အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ ကိုစိုးမိုးထွန်းကိုသတ်ဖြတ်ရာမှာ အသုံးပြုခဲ့တယ်လို့ယူဆရတဲ့ တုတ်ကို စစ်ဆေးတာ၊ အခြားသက်သေခံပစ္စည်းတွေကို စစ်ဆေးတာ၊ သူနဲ့ အဆင်မပြေဖြစ်ခဲ့ဖူးတဲ့ သူတွေကို ခေါ်ယူမေးမြန်းတာ၊ သတင်းစုံစမ်းတာ စတဲ့ ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်သင့်တဲ့ အချက်တွေကို လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာလူမျိုးတို့ရဲ့ အယူအစွဲတစ်ခုဖြစ်တဲ့ သေဆုံးသွားသူရဲ့ဝိညာဉ်ကို ခေါ်ယူပြီးတော့ မေးမြန်းတာအဆုံး အစရှိတဲ့အမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ခဲ့တာတွေကို EMG ရဲ့ သတင်းထောက် တစ်ယောက်အနေနဲ့ ကိုယ်တိုင်သွားရောက် သတင်းရယူနေခဲ့ရတဲ့အတွက် သိရှိခဲ့ရပါတယ်။ အမှုနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခဲ့တဲ့ သူတွေနဲ့ ချုပ်ရမန်နဲ့ချုပ်ရက်ရယူပြီး စစ်ဆေးခဲ့သူတွေကိုလည်း တရားစွဲတင်နိုင်တဲ့ ခိုင်လုံတဲ့အချက်အလက်တွေ မတွေ့ရှိတာကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၉ အရ အချုပ်ကနေ ပြန်လွှတ်ပေးလိုက်ရပါတယ်။

သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် လအနည်းငယ်ကြာချိန်အထိ ဆောင်ရွက်ချက်တွေကအား ရစရာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာတော့ တဖြည်းဖြည်းနဲ့ အားလျော့သွားတာ တွေ့ရပါတယ်။ မုံရွာခရိုင်ရဲတပ်ဖွဲ့က ဖွဲ့စည်းပေးခဲ့တဲ့ ‘အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့’ ရဲ့ ခေါင်းဆောင်အချို့အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေဟာ ရာထူးအပြောင်းအရွှေ့ တာဝန်တွေနဲ့  ပြောင်းရွှေ့သွားကြပြီး နောက်ပိုင်းမှာတော့ အမှုဟာတဖြည်းဖြည်းနဲ့ မှုန်ဝါးလို့လာခဲ့ပါတယ်။ အမှုကို ဦးဆောင်စစ်ဆေးခဲ့ရာမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မုံရွာမြို့မစခန်းမှူး (ယခုပြောင်းရွှေ့သွား)ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းနဲ့ ခင်မင်ရင်းနှီးမှု ရှိသူတစ်ယောက်ဖြစ်တာနဲ့အညီ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့အထက်အရာရှိတွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးအတွက် ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ထို့အတူပဲ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးအတွက် သူ့ရဲ့မိခင်သတင်းဌာနဖြစ်တဲ့ Eleven Media Group က လိုအပ်နိုင်မယ့် ကူညီမှုတွေ၊ လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေကိုလည်း EMG က ကူညီထောက်ပ့ံပေးမှုတွေကို ယခုအချိန် အထိလုပ်ဆောင်ပေးထားဆဲ ဖြစ်ပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်းအမှု လက်ရှိအခြေအနေကတော့ အမှတ်(၁၃) မှုခင်းတပ်ဖွဲ့စုရုံး မုံရွာ CID က အမှုကိုလွှဲပြောင်းရယူပြီး ကိုင်တွယ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အမှုကို CID က ကိုင်တွယ်ထားပြီး တရားခံဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်ဆိုတာကလွဲလို့ ထူးခြားမှုက ဆက်လက်တိုးတက် မလာသေးပါဘူး။ သူ့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုယနေ့အချိန်အထိ မမေ့ကြသေးပါဘူး။ အမှုအမှန် အမြန်ဆုံးပေါ်ပေါက်စေချင်ကြသလို အဓိကကျူးလွန်သူတွေ အပါအဝင် နောက်ကွယ်ကနေစေခိုင်းခဲ့သူတွေကိုပါ အမြန်ဆုံးဖော်ထုတ်ပေးစေလို နေကြပါပြီ။ သေသောသူကြာလျှင်မေ့ ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုကိုတော့ သူ့ရဲ့မိသားစု အပါအဝင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ရဲ့ မိတ်ဆွေအတော်များများက ယနေ့အချိန်အထိ မမေ့နိုင်ကြသေးပါဘူး။ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် သတင်းထောက်အများစုဟာ အမှုမှန်မပေါ်ပေါက်သေးတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ခံစားနေကြရပါတယ်။ သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဒီဇင်ဘာ ၁၃ ရက်မှာ သုံးနှစ်မြောက်ကို ရောက်ရှိခဲ့ပါပြီ။ သူ့ရဲ့မိသားစုဝင်တွေမှာလည်း သေဆုံးသူအတွက် ဝမ်းနည်းကြေကွဲခဲ့ရတာ သုံးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

“ ကျွန်မကတော့ အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့အတွက် အမြဲတောင်းဆိုနေတာ။ အခုဆိုရင် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ သုံးနှစ်ပြည့်သွားခဲ့ပြီ။ အမှုက အခုထိမပေါ်သေးဘူး။ သူ့ရဲ့အမှုကိုကိုင်တွယ် စစ်ဆေးနေတဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကိုလည်း မေးကြည့်ပါတယ်။ သူတို့ကတော့ အမှုကိုမပေါ်ပေါ်အောင် ဖော်ထုတ်သွားမှာလို့တော့ ပြောထားတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေနဲ့ အမြန်ဆုံးကြိုးစားပြီးတော့ ဖော်ထုတ်ပေးစေချင်ပါတယ်” လို့ သေဆုံးသူ ကိုစိုးမိုးထွန်းရဲ့ဇနီးဖြစ်သူက သူသိထားတဲ့ အမှုအခြေအနေကို ပြောပြပါတယ်။

သတင်းထောက်ကိုစိုးမိုးထွန်းအမှုဟာ သုံးနှစ်ပြည့်ခဲ့တဲ့အချိန်အထိ အမှုမှန်မပေါ် ပေါက်သေးတာ၊ ကျူးလွန်သူတွေကို မဖော်ထုတ်နိုင်သေးတာ စတဲ့အချိန်ကြန့်ကြာမှုတွေ ရှိနေတာကြောင့် သူ့ရဲ့မိသားစုဝင်တွေက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးတို့ဆီကို အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့ အသနားခံစာ တင်ပြသွားရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

 

လူသေမှုမဟုတ်တဲ့လူသတ်မှုကို လျစ်လျူရှုလိုက်ကြပြီလား

သတင်းထောက် ကိုစိုးမိုးထွန်းကို ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပြီး ယခု ၂၀၁၉ ဒီဇင်ဘာ ၁၃ ရက်မှာ သုံးနှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အမှုဟာ သုံးနှစ်ပြည့်သွားလို့ လေးနှစ်တာ ကာလထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယခုအချိန်အထိ အမှုနဲ့ပတ်သက်ပြီး အဓိက ကျူးလွန်သူအပါအဝင် အမှုနဲ့ပတ်သက်သူ ဆက်စပ်သူတွေကို တစ်ဦးတစ်ယောက်ကိုမျှ သက်ဆိုင်ရာရဲတပ်ဖွဲ့အနေနဲ့ ဖော်ထုတ် ဖမ်းဆီးထားနိုင်ခြင်း မရှိသေးပါဘူး။ သုံးနှစ်ပြည့်သွားပြီးချိန်အထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိသေးတာကြောင့် အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့အတွက် ကိုစိုးမိုးထွန်းရဲ့မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေနဲ့ မိတ်ဆွေတွေက သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့ကို ထပ်မံတောင်းဆို ထားကြတဲ့အပြင် လက်ရှိအချိန်မှာ အမှုဟာမေ့ဖျာက်ခံပုံစံဖြစ်နေတဲ့အတွက် သက်ဆိုင်ရာကို မေးခွန်းထုတ် ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ သုံးနှစ်ပြည့်ခဲ့ပေမဲ့ ကျူးလွန်တဲ့တရားခံဆိုတာထက် အမှုနဲ့ဆက်စပ် ပတ်သက်နေတဲ့သူ တစ်ဦးတစ်ယောက်ကိုမျှ ဖော်ထုတ်ဖမ်းဆီးထားနိုင်ခြင်း မရှိသေးတာက သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို မေးခွန်းထုတ်ဝေဖန်စရာတွေ ဖြစ်နေပါတယ်။ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရပြီးမကြာခင်မှာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ အမှုအခြေအနေနဲ့ပတ်သက်ပြီး တရားခံမပေါ်ပေါက်သေးတဲ့အပေါ် ကသာမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးမြန်းခဲ့ပါသေးတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းမေးမြန်းမှုအပေါ်မှာ နယ်လုံဝန်ကြီး (ယခုပြောင်းရွှေ့ပြီး) က ပြန်လည် ဖြေကြားခဲ့ရာမှာ ပြစ်မှုကျူးလွန်သူတရားခံကို ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်ပြီး မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး ဆောင်ရွက်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့တာ တွေ့ရပါတယ်။ အဲဒါက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက မေးမြန်းခဲ့တာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ အဲဒီတုန်းက အမှုကိုကိုင်တွယ်ခဲ့ကြတဲ့ ရဲအရာရှိအားလုံးနီးပါးဟာ ပင်စင်ယူသွားသူတွေရှိသလို ရာထူးအပြောင်းအရွှေ့နဲ့ နေရာပြောင်းရွှေ့သွားကြပြီဖြစ်တဲ့အပြင် မေးခွန်းကိုဖြေကြားခဲ့တဲ့ နယ်လုံဝန်ကြီးပါ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို ပြောင်းရွှေ့သွားပေမယ့်လည်း ဒီအမှုဟာ လူသတ်မှုဖြစ်တာကြောင့် နောက်ထပ်ရောက်ရှိလာတဲ့ ရဲအရာရှိတွေက အမှုကိုပြန်လည်ကိုင်တွယ်ပြီးတော့ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ သတင်းထောက်ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေ အပါအဝင် အများပြည်သူသိရှိစေဖို့အတွက် လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးသင့်တဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်ပေးသင့်ပါတယ်။ လက်ရှိအချိန်မှာ ဘာမှထူးခြားမှုမရှိတဲ့အပြင် အမှုဟာ အမေ့လျော့ခံအမှုတစ်ခုလို ဖြစ်နေတဲ့အတွက် အမှုနဲ့ပတ်သက်ပြီး အမှုမှန်မပေါ်ပေါက်မှာကို စိုးရိမ်နေကြတဲ့အတွက် ဝေဖန်နေကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လူသေမှုမဟုတ်တဲ့ လူသတ်မှုတစ်ခုဟာ မေ့လျော့ခံ၊ လျစ်လျူရှုခံထားရတဲ့အနေအထားလို ဖြစ်နေပါတယ်။

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိသေးတာကြောင့် ကိုစိုးမိုးထွန်းရဲ့အမှုကို မမေ့လျော့ကြတဲ့ မိသားစုဝင်များ၊ မုံရွာမြို့ အခြေစိုက် သတင်းထောက်များ၊ မြို့ခံများက အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရေးအတွက် ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက မုံရွာမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရေး ဆန္ဒထုတ်ဖော်မှုကို မုံရွာမြို့ မြို့တော်ခန်းမှရှေ့မှ စတင်ခဲ့ကြပြီး သတင်းထောက်ကိုစိုးမိုးထွန်း ရုပ်ပုံပါ တူညီအကျႌများ ဝတ်ဆင်ပြီးတော့ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆောင်လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် အမှုမှန် အမြန်ဆုံးပေါ်ပေါက်စေရန် ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်မှာ ဖယောင်းတိုင် ထွန်းညှိဆုတောင်းခြင်း၊ အမျှပေးဝေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်း သုံးနှစ်ပြည့် အမှုမှန်ဖော်ထုတ်ပေးရေး ဆန္ဒထုတ်ဖော်တဲ့နေ့မှာ မုံရွာမြို့ခံ သတင်းသမားတွေက သတင်းထောက်ကိုစိုးမိုးထွန်းရဲ့ အမှုမှန်မပေါ်ပေါက်သေးတဲ့အပေါ်မှာ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြပါတယ်။

မုံရွာမြို့ခံ သတင်းသမားတွေရဲ့ သဘောထားထုတ်ပြန်ကြေညာချက်မှာ သတင်းထောက်ကိုစိုးမိုးထွန်းသည် အချိန် နှင့်တစ်ပြေးညီ အများပြည်သူသတင်းမှန်ရရှိ သိပိုင်ခွင့်အား လုပ်ကိုင်ဆောင်ရွက်နေသော သတင်းသမားတစ်ဦးဖြစ်ကြောင်း၊ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်မှာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တာဝန်ဝတ္တရားများ ကျန်ရှိနေခြင်းမှာ တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို များစွာထိခိုက်စေသကဲ့သို့ ပြစ်မှုကျူးလွန်သူများ လွတ်မြောက်နေခြင်းမှာလည်း သတင်းသမားများသတင်းရယူခွင့်နှင့် သတင်းရေးသားခွင့်ဆိုင်ရာ အခွင့်အလမ်းများအပေါ် ခြိမ်းခြောက်နေသည့် သဘောသက်ရောက်နေသည့်အတွက် အများပြည်သူ သတင်းမှန် ရရှိသိပိုင်ခွင့်ကို  ထိခိုက်စေကြောင်း၊ သတင်းသမားများသည်  တိုင်းပြည်၏ နား၊ မျက်စိသဖွယ် သတင်းစာ ကျင့်ဝတ်သိက္ခာများအရ မိတ်ဆွေ၊ ရန်သူမခွဲခြားဘဲ ချစ်ခြင်း၊ မုန်းခြင်းကင်းရှင်းစွာ အများပြည်သူ သတင်းမှန်ရရှိသိပိုင်ခွင့်ကို အချိန် နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိသော်လည်း UNESCO Observatory of Killed Journalists မှတ်တမ်းများအရ ၁၉၉၃ ခုနှစ် မှ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် သတင်းသမား ၁၃၇၀ ဦး လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊ ထိုသို့ လုပ်ကြံသတ်ဖြတ်မှုများအနက် သတင်းသမား ၈၇၀ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သူများမှာ ယင်းတို့သတ်ဖြတ်သူများမှာ သတင်းသမားများဖြစ်ကြောင်း သိရှိစွာဖြင့်ပင် လုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အဆိုပါ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၁၃၇၀ ဦးတွင် အမှုမှန် ဖော်ထုတ်နိုင်ပြီး တရားရုံးရှေ့သို့ ရောက်ရှိလာသည့်အမှုမှာ ၁၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး ကျန် ၈၆ ရာခိုင်နှုန်းမှာ လွတ်မြောက်နေကြဆဲဖြစ်ကြောင်း၊ ထိုသို့ လွတ်မြောက်နေသည့် မှတ်တမ်းများထဲတွင် မြန်မာနိုင်ငံမှ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် သတင်းသမားသုံးဦးအနက် သတင်းထောက်ကိုစိုးမိုးထွန်း၏ အမှုမှာလည်း တစ်မှုအပါအဝင်ဖြစ်ကြောင်း၊ သတင်းသမားများ လုပ်ကြံသတ်ဖြတ်ခံရခြင်းသည် တိုင်းပြည်၏ နား၊ မျက်စိများကို ထိုးဖောက်ဖျက်ဆီးရာ ရောက်စေသည့်အပြင် အများပြည်သူ သတင်းမှန်ရရှိသိပိုင်ခွင့်ကိုပါ ပိတ်ပင်တားဆီးရာရောက်စေကြောင်း၊ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ ဘဝလုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိပါးစော်ကားရာရောက်စေသဖြင့် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် သက်ဆိုင်ရာက အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရန် လေးလေးနက်နက် တိုက်တွန်းသည်လို့ သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားချက်က လေထဲမှာပျောက်ကွယ်သွားပြီလား

Eleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး တစ်ပတ်ခန့်အကြာ (ဒီဇင်ဘာ ၁၉ ရက်) မှာ ကိုစိုးမိုးထွန်းရဲ့အိမ်ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရောက်ရှိလာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေကို သူခရီးလွန်နေတာကြောင့် နာရေးကိုမလာရောက်နိုင်တဲ့အကြောင်း၊ အမှုနဲ့ပတ်သက်ပြီး မိသားစုကို အားပေးစကားပြောကြားတာ၊ နာရေးကူညီထောက်ပ့ံငွေ ပေးအပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ မိသားစုဝင်တွေကို အားပေးစကားပြောကြားခဲ့သလို ထိုစဉ်က အမှုကိုစုံစမ်းစစ်ဆေးနေသူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ မုံရွာမြို့မစခန်းမှူး (ယခု ပြောင်းရွှေ့သွား)ကို အမှုနဲ့ပတ်သက်ပြီး အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ နောက်ကွယ်ကနေ အမှုမှာပါဝင်ပတ်သက်သူတွေကိုပါ ဖော်ထုတ်အရေးယူပေးဖို့ ပြောကြားခဲ့ပါတယ်။

မိသားစုဝင်တွေကို အားပေးစကား ပြောကြားရာမှာ “ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက်ကိုစိုးမိုးထွန်းက တာဝန်ကျေပွန်ခဲ့တဲ့ သတင်းမီဒီယာ သမားကောင်းတစ်ဦးဖြစ်ကြောင်း၊ သူလုပ်ကြံသတ်ဖြတ်ခံရတဲ့အကြောင်းကို ကျွန်တော်အနေနဲ့သတင်း ကြားမိစဉ်မှာ အ့ံသြထိတ်လန့်ဖြစ်ခဲ့ရကြောင်း၊ မုံရွာမြို့အတွက် အားထားရတဲ့ သတင်းမီဒီယာသမားတစ်ဦး ဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်တွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ကိုစိုးမိုးထွန်းအတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ လက်ရှိအမှုဖြစ်စဉ်ကို အမြန်ဆုံး အမှုမှန် ပေါ်ပေါက်စေရန်အတွက် ညွှန်ကြားမှုများပြုလုပ်ထားပြီး အမှုမှန်ပေါ်ပေါက်စေရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် မုံရွာမြို့ပေါ်တွင် ဖြစ်ပွားခဲ့တဲ့ ယခုသတင်းထောက် သတ်ဖြတ်ခံရသည့်အမှုကို မဖော်ထုတ်နိုင်ပါက သိက္ခာကျစရာဖြစ်ကြောင်း၊ ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်မှုကို လုံးဝ လက်ခံသွားမှာ မဟုတ်ကြောင်း” အစရှိသဖြင့် မိသားစုဝင်တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။

ထို့အတူပဲ အမှုနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကို ပြောကြားထားခဲ့တာလည်း ရှိပါသေးတယ်။ “ ဒီအမှုကို အမှန်အတိုင်းပဲ ပေါ်စေချင်တယ်။ ဒီအမှုက သေသချာချာနဲ့ ကြိုတင်ကြံစည်ပြီးတော့ စနစ်တကျနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်တယ်။ ကျူးလွန်သူဟာ သုံးဦးခန့်ရှိမယ်လို့ သိရတယ်။ အဲဒါက လူသတ်မှု ကျူးလွန်ခဲ့သူတွေ။ အဲဒီလူသတ်မှုကို နောက်ကွယ်ကနေပြီး စနစ်တကျနဲ့ ကြိုးကိုင်စေခိုင်းသူတွေ အများကြီး ရှိနေသေးတယ်။ အဲဒီသူတွေကိုပါ ဖော်ထုတ်ဖမ်းဆီးပေးဖို့လိုတယ်။ ဖော်ထုတ်ပြီးလည်း ဥပဒေနဲ့အညီ ဖမ်းဆီးရမယ်။ အမှုနဲ့ပတ်သက်ပြီး ခင်ဗျားတို့အဆုံးထိ လိုက်ပါ။ အဆုံးအထိလုပ်ပါ။ ဥပဒေနဲ့အညီ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကြပါ။ အဲဒါဆိုရင် ကျွန်တော်တတ်နိုင်တာ အားလုံးကူညီပေးမယ်။ ရဲရဲဝ့ံဝ့ံနဲ့ လုပ်ဆောင်ပါ။ ခင်ဗျားတို့ဘက်မှာ လိုအပ်ရင် ကျွန်တော်ရပ်ပေးမယ်။ အမှုအမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းခဲ့တဲ့သူတွေကိုလည်း ရအောင်စုံစမ်းပြီး ဖော်ထုတ် ဖမ်းဆီးပေးပါ။ မင်းမဲ့စရိုက်ဆန်တာကို လက်မခံနိုင်ဘူး။ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီလိုလုပ်ချင်သလို လုပ်နေတာကို လုံးဝလက်မခံနိုင်ဘူး။ ဒီလူသတ်မှုမှာဆိုရင် ကျူးလွန်ခဲ့သူ သုံးဦးပဲဖမ်းဆီးမိပြီး ပြီးသွားရင် ဒါဟာ မဟုတ်သေးဘူး။ နောက်ကွယ်မှာ ကြိုးကိုင်စေခိုင်းနေသူတွေကိုပါ ရအောင်စုံစမ်းဖော်ထုတ်ပါ။ အဆုံးအထိလိုက်ပါလို့ ပြောချင်တယ်။ ဒီလူသုံးယောက်လောက်နဲ့ မပြီးပါနဲ့။ နောက်ကွယ်က ကြိုးကိုင်ခဲ့သူကိုပါရအောင် ဖော်ပေးပါ။ လူသတ်သမားက ငွေရှိရင် ကိုယ်တိုင်လုပ်မှာမဟုတ်ဘူး။ တခြားသူကိုခိုင်းမှာပဲ။ ဒါကြောင့် နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူကို ဖော်ထုတ်ဖမ်းဆီးပါ။ နောက်ထပ်မှာချင်တာက ဒီအိမ်က ညတိုင်းမှာ အကြောက်တရားတွေနဲ့ နေထိုင်နေရတယ်။ သူတို့မိသားစုကိုလည်း လုံခြုံရေးလုပ်ပေးထားပါ။ အမှုကို အမြန်ဆုံးအမှန်အတိုင်း ပေါ်ပေါက်ဖို့ အားလုံးဝိုင်းဝန်းပေးကြပါ” လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ ပြောကြားချက်တွေဟာ ကိုစိုးမိုးထွန်းရဲ့မိသားစုဝင်တွေအတွက် အားတက်စရာ ဖြစ်ခဲ့သလို သူ့ရဲ့မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေအတွက်ပါ ထိုစဉ်က အားရစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမှုဟာ သုံးနှစ်ကျော်အချိန်ကာလကိုသာ ရောက်ရှိလာခဲ့ပေမဲ့ အဓိကကျူးလွန်သူ မဆိုထားနှင့် အမှုနှင့်ပတ်သက် ဆက်စပ်သူ တစ်ဦးတစ်ယောက်ကိုမှ ဖော်ထုတ်ဖမ်းဆီးထားနိုင်ခြင်း မရှိသေးပါဘူး။ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သလို ကိုစိုးမိုးထွန်းကို လုပ်ကြံ သတ်ဖြတ်တဲ့အမှုမှာက တစ်ဦးတစ်ယောက်တည်း မကနိုင်ဘူးလို့ ပြောကြားထားပါတယ်။ ဒါကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် နောက်ကွယ်က ပါဝင်ပတ်သက်နေသူတွေကိုပါ ရဲတပ်ဖွဲ့အနေနဲ့ဖော်ထုတ်ဖမ်းဆီးပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ အမှုမှန်ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ရင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သလို သိက္ခာကျစရာ ဖြစ်သွားနိုင်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြောကြားခဲ့တာတွေက အဲဒီအချိန်တုန်းက အားရဖွယ်ရာကောင်းခဲ့တာ အမှန်ပင်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အမှုဟာ သုံးနှစ်ကြာရှိလာချိန်အထိ ဘာမှထူးခြားမလာတဲ့အပြင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ပြောကြားထားတဲ့ အမှုမှန် အမြန်ဆုံးဖော်ထုတ်ရေးဆိုတဲ့ စကားဟာ လက်ရှိမြေပြင်မှာဖြစ်နေတာနဲ့ လုံးဝကွဲပြားခြားနားနေပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုလည်း မေးခွန်းထုတ်စရာ အချက်အချို့ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက သတင်းထောက် ကိုစိုးမိုးထွန်းအသတ်ခံခဲ့ရတာ တစ်နှစ်ပြည့်သွားပေမယ့် အမှုမှန်မဖော်ထုတ်နိုင်သေးတဲ့အပေါ် ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံကို အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့အတွက် အသနားခံစာတစ်စောင် တင်ပြခဲ့ကြပါတယ်။ အသနားခံစာ တင်ပြခဲ့တဲ့အပေါ်မှာ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေကြဘဲ အမှုမှန် အမြန်ဆုံး ဖော်ထုတ်ကြဖို့မှာကြားထားတယ်လို့ အကြောင်းပြန်ကြားခဲ့တယ်လို့ ကိုစိုးမိုးထွန်းရဲ့မိသားစုဝင်တွေထံကနေ သိရပါတယ်။ သို့သော် ယခုသုံးနှစ်ပြည့်သည့် အချိန်အထိ အမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူ တရားခံတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးရမိခြင်းမရှိသေးတဲ့အပြင် အမှုမှန်ပေါ်ပေါက်ဖို့ ဝေးစွ အမှုကိုပင်မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို မသိရသည့်အခြေအနေအထိ ဖြစ်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ပြောကြားချက်တွေဟာအရာ မရောက်တော့ဘူးလား၊ လေထဲမှာပဲ ပျောက်ကွယ်သွားတော့မှာလားလို့ မေးခွန်းထုတ်စရာတွေ ဖြစ်နေပါပြီ။ သုံးနှစ်ပြည့်တဲ့ အချိန်အထိ အမှုမှန်မပေါ်ပေါက်သေးတာကြောင့် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သလို အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့အတွက် သိက္ခာကျစရာဖြစ်နေပြီလားလို့ ယူဆရဖွယ် ရှိနေပါပြီ။

ဒါ့အပြင် ကိုစိုးမိုးထွန်းအမှုဟာ လက်ရှိ အစိုးရတက်ခါစဖြစ်တဲ့ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုဆို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကို ရောက်ရှိလာချိန်အထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ မကြာခင် ၂၀၂၀ ပြည့်နှစ်ရဲ့ အထွေထွေရွေးကောက်ပွဲကာလအတွင်းကို ရောက်ရှိလာတော့မှာဖြစ်ပြီး အမှုဟာလည်း အစိုးရ သက်တမ်းတစ်ခုကုန်ခါနီးအချိန်အထိ တရားခံ မဖော်ထုတ်နိုင်သေးတဲ့အဆင့် အခြေအနေ ဖြစ်နေရပါတယ်။ လူသတ်မှုကျူးလွန်ခဲ့တဲ့ တရားခံတွေနဲ့ နောက်ကွယ်ကကြိုးကိုင်ခဲ့သူ လူတစ်စုတို့ကတော့ လက်ရှိအချိန်အထိ တရားဥပဒေစိုးမိုးရေးနဲ့အမှန်တရားကို သွားဖြဲပြီး စိန်ခေါ်နိုင်နေဆဲလို့ ယူဆရမလိုဖြစ်ပါတယ်။

သတင်းထောက်ကိုစိုးမိုးထွန်း၏ နာရေးအိမ်သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် လာရောက်အားပေးစကားပြောကြားစဉ်နှင့် ရဲတပ်ဖွဲ့အား အမှုနှင့်ပတ်သက်၍ ညွှန်ကြားနေစဉ်

 

ကိုစိုးမိုးထွန်း မိသားစုဝင်တွေရဲ့ ထပ်မံတောင်းဆိုချက်

သေဆုံးသူကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေနဲ့ သူ့ရဲ့ဇနီးနဲ့ သားဖြစ်သူတို့ကတော့ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ထို့အတူပါပဲ သူ့ရဲ့မိခင် သတင်းဌာန ဖြစ်တဲ့ Eleven Media Group ကလည်း အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုထားဆဲဖြစ်ပါတယ်။ ကိုစိုးမိုးထွန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကလည်း အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြဆဲဖြစ်ပါတယ်။

“ ဒီအမှုနဲ့ပတ်သက်ပြီး တကယ်လိုအပ်မယ့်သူတွေကို ခေါ်စစ်ဆေးပေါ့။ အခြား မဆိုင်တဲ့သူတွေကို ခေါ်စစ်မနေနဲ့လေ။ သူတို့ သိပါတယ်။ သူတို့သိထားတဲ့ အဲဒီလူတွေကိုပဲ ခေါ်စစ်လိုက်ပေါ့။ ဘယ်သူတွေ သိတယ်ဆိုတာ သူတို့လည်းသိပါတယ်။ အဲဒီလို ခေါ်စစ်ဆေးမှ အဖြေမှန်ထွက်မှာလေ။ ကျွန်မကတော့ ကျွန်မသားလေးကို သတ်သွားတဲ့သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးစေချင်တယ်။ ဘာကြောင့်ဆို အမှုက မလိုအပ်ဘဲ အချိန်ဆွဲထားသလိုဖြစ်နေတော့ အချိန်တွေကြာလာပြီ။ ဒါကြောင့် သက်ဆိုင် ရာတာဝန်ရှိသူတွေအနေနဲ့ အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ကိုစိုးမိုးထွန်းရဲ့ မိခင်ဖြစ်သူ ဒေါ်ရီရီဌေးက သူ့သားရဲ့အမှုကို အမြန်ဆုံးအမှုမှန် ဖော်ထုတ်ပေးဖို့ တောင်းဆိုပြောကြားထားတာ ဖြစ်ပါတယ်။

“ ကိုစိုးမိုးထွန်းအမှုက အခုသုံးနှစ်ပြည့်ခဲ့ပါပြီ။ သုံးနှစ်ပြည့်ခဲ့တဲ့အချိန်အထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူး။ ဒါကြောင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ အခု သုံးနှစ်ပြည့် သွားတဲ့အထိ အမှုမှန်မဖော်ထုတ်နိုင်သေးတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အားမရပါဘူး။ အမှုစပြီး ဖြစ်တဲ့အချိန်တုန်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးဖို့ အဲဒီတုန်းက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ အခု အဲဒီတုန်းက ရဲတပ်ဖွဲ့ဝင်တွေလည်းမရှိတော့သလို အမှုကလည်း ဘာမှထူးခြားမလာပါဘူး။ တကယ်တမ်းဆိုရင် ဒီအမှုဟာ ကျွန်မရဲ့ အထင်ပြောရမယ်ဆိုရင် ပေါ်နေပြီးသားကို မဖော်ထုတ်တာလို့ပဲ မြင်မိတယ်။ သိနေတာကို မဖော်ထုတ်တာပါ။ ဒါကြောင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” လို့ သတင်းထောက်ကိုစိုးမိုးထွန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ချိုလတ်က အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းမှာ အခြေခံပညာမူလတန်းကို တက်ရောက် ပညာသင်ကြားနေတဲ့ အသက် ၁၀ နှစ်ကျော်အရွယ်ရှိတဲ့ အရွယ်မရောက်သေးတဲ့ သားလေးတစ်ယောက် ကျန်ရှိခဲ့ပါတယ်။ အဲဒီကျန်ရစ်ခဲ့တဲ့သားငယ်ရဲ့ ပညာရေးကိုတော့ ဧရာဝတီဖောင်ဒေးရှင်းက ကလေးငယ် ပညာရေးဆုံးခန်းတိုင်ချိန်အထိ ထောက်ပ့ံကူညီပေးထားတယ်လို့ သိရပါတယ်။ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့သားငယ်ဖြစ်သူကလည်း အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးပါလို့ ထပ်မံတောင်းဆိုထားပါတယ်။

 

သတင်းထောက် ကိုစိုးမိုးထွန်းဆိုတာ

ဒီနေရာမှာ အလျဉ်းသင့်တဲ့အတွက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းအကြောင်းကို အနည်းငယ် တင်ပြပေးချင်ပါတယ်။ ကိုစိုးမိုးထွန်းဟာ အရင်သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက သတင်းမီဒီယာ လောကထဲမှာ ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ မုံရွာမြို့အနီးဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ဒေသဆိုင်ရာ သတင်းတွေ၊ မုံရွာမြို့ပေါ်မှာ ဖြစ်ပျက်နေတဲ့သတင်းတွေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်နေတဲ့ သတင်းတွေ၊ သစ်မှောင်ခိုသတင်းတွေ၊ မုံရွာမြို့ပေါ်မှာ KTV ဆိုင်တွေ များပြားလာမှုတွေနဲ့ အခြားသော ဒုစရိုက်မှုတွေပါ ဖြစ်ပွားလာမှုတွေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ သတင်းတွေအပါအဝင် အစရှိတဲ့ သတင်းတွေကို စုံစမ်းဖော်ထုတ်ပြီး အမှန်အတိုင်း သတင်းရေးသားခဲ့တာကို တွေ့ရှိရပါတယ်။ သတင်းမီဒီယာလုပ်ငန်းအပေါ်မှာ စိတ်ဝင်စားမှုရှိပြီး မတရားမှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူလုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့အထိ သတင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်သွားခဲ့တာ တွေ့ရပါတယ်။

သူရဲ့ ပင်ကိုဟန်က အမြဲပြုံးရွှင်နေတတ်ပြီး အများအပေါ်မှာလည်း ကူညီတတ်တဲ့ စိတ်ထားရှိသူတစ်ယောက် ဖြစ်ပါတယ်။ မတရားမှုတွေ့လာရင် အဲဒီသူကို အားမနာတမ်း ဝေဖန်ထောက်ပြတတ်တဲ့အကျင့် စရိုက်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မုံရွာမြို့ပေါ်မှာ မတရားမှုလုပ်ဆောင်နေသူတွေ၊ သစ်မှောင်ခိုလုပ်ဆောင်နေသူတွေ စတာတွေကိုလည်း အမြဲဝေဖန်ရေးသားခဲ့တာလည်း တွေ့ရပါတယ်။ လူမှုဆက်ဆံရေးမှာလည်း အများနဲ့အဆင်ပြေစွာ ပေါင်းသင်း နေထိုင်တတ်သလို ရန်ငြိုးရန်စကင်း သူတစ်ယောက်ဖြစ်တာကိုလည်း စုံစမ်းတွေ့ခဲ့ရပါတယ်။ အမြဲပြုံးရွှင်စွာနေတတ်ပြီး အများအပေါ်မှာ ကူညီတတ်သူ၊ မတရားမှုတွေကို နှုတ်ဆိတ်တတ်လေ့မရှိဘဲ ဝေဖန်ထောက်ပြတတ်သူ၊ လူတိုင်းနဲ့အဆင်ပြေစွာ ပေါင်းသင်း နေထိုင်တတ်သူတစ်ယောက်ကို ဘယ်သူတွေက ဘယ်အငြိှုးကြောင့် အခုလို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြတာလဲ ဆိုတာ မတရားမှုတွေကို ဖော်ထုတ်တာကို မနှစ်မြို့ကြတဲ့၊ မတရားမှုကို နှစ်ခြိုက်ကြသူတွေက လုပ်ကြံသွားကြတာလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

 

သတင်းထောက် ကိုစိုးမိုးထွန်းကိုသတ်တာ ဘယ်သူလဲ၊ ဘာကြောင့် အမှုမှန်မပေါ်သေးတာလဲ

သတင်းထောက်ကိုစိုးမိုးထွန်းကို လုပ်ကြံသတ်ဖြတ်တာက သူ့တစ်ယောက်ကိုပဲ လုပ်ကြံသတ်ဖြတ်သွားတာ မဟုတ်ပါဘူး။ သူနဲ့ပတ်သက်ဆက်စပ်နေတဲ့ မိသားစုဝင်တွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုပ်ကြံသတ်ဖြတ်သွားခဲ့တာပါ။ “ မင်းတို့ ဒီလိုလုပ်ရင် ငါတို့လည်း ဒီလိုပြန်လုပ်ပြမယ်” လို့ဆိုတဲ့ လူမိုက်ဆန်တဲ့ အပေါစားစိတ်ဓာတ်တွေနဲ့ မတရားမှုကိုလုပ်ဆောင်နေသူတွေက အမှန်တရားနဲ့ တရားမျှတမှုကို မြတ်နိုးသူတွေကို ခြိမ်းခြောက်လုပ်ကြံလိုက်မှု တစ်ခုဖြစ်ပါတယ်။ နောက်ပြီး သတင်းထောက်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် မီဒီယာဆိုတဲ့ကလောင်ကိုင်တဲ့လက်ကို သွေးစွန်းစေတဲ့အထိ လုပ်ဆောင်ကြံစည်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလို ဖွံ့ဖြိုးစနိုင်ငံမှာ သတင်းမီဒီယာအလုပ်ကို လုပ်ကိုင်နေကြရသူတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ၊ လုပ်ကြံခံရမှုတွေနဲ့ အချိန်မရွေး ကြုံတွေနိုင်တယ်ဆိုတာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်သာဓကတွေက သက်သေပြနေပါတယ်။ ဒါ့အပြင် သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်နဲ့အညီ သွားလာလှုပ်ရှားသတင်း ရယူရတဲ့အချိန်မှာ လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ စိုးရိမ်စိတ်က လွှမ်းမိုးနေတဲ့အတွက် အများပြည်သူ သတင်းအမှန်သိရှိစေဖို့အတွက် ထိခိုက်ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

သတင်းမီဒီယာသမားတွေဟာ ပြည်သူကိုမျက်နှာမူပြီး ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေ၊ မတရားသဖြင့် ဖိနှိပ်ခံနေရမှုတွေ၊ တရားမျှတမှုမရှိတာတွေကို စုံစမ်းဖော်ထုတ် သတင်းရေးသားနေကြရသလို တစ်ဖက်ကလည်း ဥပဒေကို လက်တစ်လုံးခြား အသုံးပြုပြီး တရားစွဲဆိုထောင်ချချင်နေကြသူတွေနဲ့လည်း အများကြီး ကြုံတွေ့နေရပါတယ်။ အမှန်တရားကို ဖုံးဖိချင်သူတွေ၊ မတရားမှုကို နှစ်ခြိုက်ကြသူတွေကတော့ အမှန်တရားကို မြတ်နိုးပြီး တရားမျှတမှုကိုဖော်ထုတ်ချင်သူတွေကို မနှစ်မြို့မုန်းတီးကြမှာ ဧကန်မလွဲပါဘူး။ ယခုကိုစိုးမိုးထွန်းဖြစ်စဉ်က သက်သေပြသွားခဲ့ပါပြီ။ မတရားမှုတွေရှိနေသမျှ တရားမျှတမှုနဲ့ အမှန်တရားအတွက် စုံစမ်းဖော်ထုတ်သူတွေကတော့ မည်ကဲ့သို့ပင်လုပ်ကြံသတ်ဖြတ်ဖြတ် ထွက်ပေါ်လာနေဦးမှာ အမှန်ပင်ဖြစ်ပါတယ်။ ယခုမတရားမှုကို ဖော်ထုတ်ရင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းသေဆုံးသွားခဲ့တာ သုံးနှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ အမှုဟာ တရားခံကို စုံစမ်းရှာဖွေနေဆဲအဆင့်နဲ့သာ ရှိနေဆဲဖြစ်ပြီး အမှုမှန် မပေါ်ပေါက်သေးပါဘူး။ ယခု သုံးနှစ်ပြည့်ချိန်အထိ ကိုစိုးမိုးထွန်းကို ဘယ်သူသတ်သွားတာလဲဆိုတဲ့ မေးခွန်းတွေသာရှိပြီး သို့လော သို့လော အတွေးစများနဲ့အတူ ဘာကိုမှ ရေရေရာရာ မသိရသေးပါဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေနဲ့ တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးနဲ့ အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တစ်ဦးအနေနဲ့ ထပ်မံတောင်းဆိုချင်ပါတယ်။

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဒီဇင်ဘာ ၁၃ ရက်မှာ သုံးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ သို့သော် အမှုဟာ သုံးနှစ်ပြည့်ခဲ့ပေမယ့် ယခုအချိန်အထိ အမှုမှန်မပေါ်ပေါက်သေးတာကြောင့် ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေ အပါအဝင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေနဲ့ မိတ်ဆွေတွေက ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိနေကြပါတယ်။ လက်ရှိ အမှုအခြေအနေဟာ ယခင်အမှုကိုစုံစမ်းစစ်ဆေးခဲ့တဲ့ ရဲအရာရှိတွေ နယ်ပယ်အသီးသီးကို ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာ ထူးခြားမှု မရှိတော့ပါဘူး။ သို့သော် လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ လူသတ်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရတက်လာကာစ ၂၀၁၆ ခုနှစ်က ဖြစ်ခဲ့တဲ့အမှုဟာ မကြာခင်မှာ အစိုးရသက်တမ်း ငါးနှစ်ပြည့်မြောက်တော့မှာဖြစ်တဲ့အတွက် ယခုအစိုးရသက်တမ်းအတွင်းမှာ အမှုမှန်မဖော်ထုတ်နိုင်ဘဲ နောက်ထပ် အစိုးရတစ်ရပ်လက်ထက်အထိ ကူးပြောင်းရောက်ရှိသွားမှာကိုလည်း စိုးရိမ်စရာဖြစ်နေပါတယ်။ ဒါကြောင့် အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ သတင်းထောက်ကိုစိုးမိုးထွန်းကို ဘယ်သူသတ်တာလဲဆိုတဲ့ မေးခွန်းတွေကို အမြန်ဆုံးအဖြေမှန်ပေးနိုင်ဖို့အတွက် ကျူးလွန်ခဲ့သူတရားခံနဲ့ နောက်ကွယ်က ကြိုးကိုင်သူကြိုးဆွဲသူ စသဖြင့် အမြန်ဆုံးဖော်ထုတ်နိုင်ပြီး အမှုမှန်အမြန်ဆုံး ပေါ်ပေါက်နိုင်ပါစေဟုသာ ဆုတောင်းနေရမည်ကလွဲ၍။                     

 

Most Read

Most Recent