စာသင်ခန်းထဲက မူးယစ်ဆေးဝါးအန္တရာယ်

စာသင်ခန်းထဲက မူးယစ်ဆေးဝါးအန္တရာယ်
ဒဂုံမြို့သစ် (တောင်ပိုင်း) ၂၁ ရပ်ကွက်ရှိ အထက (၁) ကျောင်းတွင် ကျောင်းသားအချို့ထံမှ ရှာဖွေတွေ့ရှိခဲ့သည် ဟုဆိုသော မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများကို တွေ့ရစဉ်
ဒဂုံမြို့သစ် (တောင်ပိုင်း) ၂၁ ရပ်ကွက်ရှိ အထက (၁) ကျောင်းတွင် ကျောင်းသားအချို့ထံမှ ရှာဖွေတွေ့ရှိခဲ့သည် ဟုဆိုသော မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများကို တွေ့ရစဉ်
Published 9 December 2019
နေမျိုးဝင်း

ဒဂုံမြို့သစ်တောင်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကားကြီးကားငယ်များက ဥဒဟို သွားလာလျက်ရှိသည်။

အဆိုပါလမ်းမကြီး နံဘေးက အခြေခံပညာ အထက်တန်းကျောင်းထဲရှိ စာသင်ခန်းများတွင် သနပ်ခါး ပါးကွက်ကြားနှင့် အဖြူအစိမ်း ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော ကလေးငယ်များ၏ စာအံသံများမှာ လမ်းပေါ်မှပင် ကြားနေရသည်။ ကျောင်းဝင်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် သစ်ပင်များက စိမ်းစိုလျက် ဆောင်းအငွေ့အသက်ကြောင့် အနည်းငယ်အေးစိမ့်စိမ့် ရှိလှသည်။

ထိုသို့ အေးစိမ့်နေသော ကျောင်းကလေးတွင် ထင်မှတ်မထားသည့် ပြဿနာတစ်ခုက ရှိနေမည်ဆိုလျှင် သင် မအံ့သြလိုက်ပါနှင့်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ယင်းကျောင်းမှ ကျောင်းသား ၁၁ ဦးထံတွင် မူးယစ်ဆေး သုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုသတင်းသည် ပြည်သူများအကြားတွင် အံ့သြစရာ၊ ထိတ်လန့် တုန်လှုပ် ချောက်ချားဖွယ်အဖြစ် ရတက်မအေးခဲ့ရသည့် အခြေအနေရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပညာနို့ရည် သောက်စို့နေကြသည့် အနာဂတ်လူငယ်များ၏ စာသင်ခန်းထဲတွင် မူးယစ်ဆေး အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ရှာဖွေဖမ်းမိခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ် လူငယ်များကို ခြိမ်းခြောက်လာသည့် အနေအထားတွင် ရှိနေသည်။

ထိုသို့ စာသင်ခန်းထဲအထိ မူးယစ်ဆေးဝါး ပျံ့နှံ့ဝင်ရောက်လာမှုကို မေးခွန်းထုတ်ရမည်ဆိုလျှင် ယင်းမူးယစ်ဆေးဝါးများ အဘယ်သို့သော လမ်းကြောင်းများမှ ဝင်ရောက်လာသည်က စဉ်းစားစရာပင်။

   လမ်းကကောက်ရတာ

နိုဝင်ဘာ ၂၈ ရက်က ဒဂုံမြို့သစ် တောင်ပိုင်း ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဦးထံ ဖုန်းဝင်လာသည်။ ဦးဌေးဦးက ဖုန်းကိုင်ပြောပြီးနောက် ရာအိမ်မှူးတစ်ဦးကိုခေါ်၍ တောင်ဒဂုံ အထက (၁) ကျောင်းသို့ လိုက်သွားကြသည်။

“ကျောင်းအုပ်ဆရာမ မရှိတာကြာပြီ။ ဆရာမတွေ ပြောပုံအရဆိုရင် ၁၁ လလောက်ရှိပြီ။ ဒီကျောင်းဆရာမလေးက တာဝန်ခံလုပ်တဲ့ ဆရာမပေါ့။ ဦးကြီးရေ ခဏလာပါဦးတဲ့။ ဆေးကိစ္စ တစ်ခုဖြစ်လို့ ခဏလာပါဦးဆိုတော့ ကျွန်တော်နဲ့ ရာအိမ်မှူး ဦးအေးလွင်နဲ့ နှစ်ယောက်သွားတာပေါ့။ သွားတဲ့ အခါကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဖြစ်တဲ့ ကလေးလေး နှစ်ယောက်ပေါ့။ နှစ်ယောက်ကို ရုံးခန်းထဲ ခေါ်ထားတယ်။  ဘာခေါ်မလဲ စုပ်သောက်တဲ့ ကော်ပိုက်လေး တစ်ခုရယ်၊ သုံးလက်မလောက်ရှိတဲ့ ခဲပြားလေး တစ်ခုရယ်၊ ရေသန့်ဘူးခွံ အနီရောင်လေး တစ်ခုရယ် ဒါပဲ သူတို့ဆီက တွေ့တယ်” ဟု တောင်ဒဂုံ ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးများ မတွေ့ရှိသော်လည်း မူးယစ်ဆေးဝါး သုံးစွဲရာတွင် ဆက်စပ် အသုံးပြုသည့်ပစ္စည်းများ တွေ့ရှိသဖြင့် ဆရာမများက ယင်းကလေးငယ် နှစ်ဦးကို မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းရင်းဖြင့် တစ်ဦးဖော် နှစ်ဦးဖော် စကားစရရာမှ မူးယစ်ဆေးဝါး အသုံးပြုသည့် ကလေးငယ် ၁၁ ဦးအထိ ရှိခဲ့နေသည်ကို ဆရာမများက သိခဲ့ရသည်။

“၁၀ တန်း နှစ်ဦး၊ ကိုးတန်းက ကိုးဦး။ စုစုပေါင်း ၁၁ ဦးပေါ့။ သူတို့ကို စစ်ဆေးပြီးတဲ့ အခါကျတော့ ဆရာမတွေက ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ ကျွန်တော်တို့ကို တိုင်ပင်တယ်။ ကျွန်တော်တို့က ရဲတပ်ကြပ်ကြီး ဦးအေးဝင်းလည်း ပါသေးတယ်။ ပစ္စည်းမမိဘူး ဦးအေးဝင်း။ ဘယ်လိုလုပ်မလဲ ဆိုတော့ ဦးအေးဝင်းက ဘယ်လိုမှ လုပ်လို့မရဘူးတဲ့။ ကျောင်းကိစ္စ ဖြစ်တဲ့အတွက် ဆရာမကြီးတို့ ဆုံးဖြတ်ချက်ပဲ လုပ်ဆိုပြီးတော့ ကျွန်တော်တို့ က ပြောထားခဲ့တယ်။ ဆုံးဖြတ်တယ်ဆိုတာ မိဘတွေကို ပြန်ပြီးတော့ ခေါ်တာ။ ခေါ်ပြီးတော့ အကျိုးအကြောင်း ပြောပြတာ” ဟု ဦးဌေးဦးက ဆိုသည်။

ထို့နောက် ကျောင်းသားမိဘများကို ခေါ်ယူ၍ အကျိုးအကြောင်း ပြောပြကာ ကျောင်းသားငယ်များကို ပြန်အပ်ခဲ့သည်။ ကျောင်းသား ၁၁ ဦးကို ကျောင်းစည်းကမ်းအရ လတ်တလောတွင် အနားပေးထားပြီး စာမေးပွဲ ဖြေချိန်ရောက်မှသာ စာမေးပွဲ လာရောက်ဖြေဆိုရန် ခွင့်ပြုခဲ့သည်။ မိဘများအနေဖြင့် ၎င်းတို့ သားသမီးများကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်သည့် အချိန်မှသာ ကျောင်းက ပြန်လည်လက်ခံမည် ဖြစ်ကြောင်း သိရသည်။

“၁၁ ယောက်ထဲက နှစ်ယောက်ရဲ့ မိဘတွေကတော့ စိတ်ညစ်ပါတယ် ဆိုပြီးတော့ သူ့ဘာသူ ထုတ်မယ်။ နယ်မှာပဲ သွားထားမယ်ဆိုပြီး ထုတ်သွားတယ်။ ထုတ်သွားပေမဲ့ ပါးစပ်ကပေါ့။ ကျောင်းထွက် လက်မှတ်တွေ ဘာတွေ လာယူခြင်း မရှိသေးဘူး။ ပစ္စည်းစတွေ့တဲ့ ကောင်လေးတွေကို ဒီပစ္စည်းတွေ ဘယ်ကရတာလဲ ဆိုတော့ လမ်းကကောက်ရတာလို့ပဲ ဖြေတာ။ ဘယ်လိုမေးမေး ဒါပဲထွက်တယ်” ဟု ဦးဌေးဦးက ပြောကြားသည်။

သို့သော် ကျောင်းသားများအနေဖြင့် WY ဆေးပြားသာမက ဆေးခြောက် ပါဝင်သည့် ဆေးပေါ့လိပ်များကိုပါ သုံးစွဲနေသည်ကို သိရှိခဲ့ရကြောင်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

“ကလေးတွေကို ထပ်ပြီး မေးရင်းနဲ့မှ ဒီ  WY သုံးစွဲနေတဲ့အပြင်ကို ဆေးခြောက်ပါတဲ့ ဆေးလိပ်ကိုလည်းပဲ သုံးတယ်ဆိုတဲ့အပေါ်မှာ ထပ်ပြီး သိရှိခဲ့ရတာပေါ့” ဟု ဦးညီညီက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးညီညီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့ထံ အကြောင်းကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ ထိုသို့သော အခြေအနေများကြောင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာတွင် ရန်ကုန်တိုင်းလွှတ်တော်၌ ကျောင်းနေအရွယ် ကလေးများအကြားတွင် ပျံ့နှံ့နေသည့် WY ခေါ် စိတ်ကြွမူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်စေရန်အတွက် စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရန် အဆိုတင်သွင်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော့်ဆီ စာရောက်တာကတော့ ၁ ရက်နေ့မှာ ရောက်ပါတယ်။ ကျောင်းသားမိဘ တစ်ဦးကနေပြီးတော့ တင်ပြတဲ့စာပေါ့။ ကလေးတွေ အဲဒီလိုမျိုး ဆိုးရွားနေတယ်။ ပတ်ဝန်းကျင်မှာလည်းပဲ ဒါတွေက ဘယ်မှာ သွားသွား ရနေတယ်၊ ပြုနေတယ် ဆိုတဲ့အကြောင်း။ ပြီးတော့ ကလေးတွေ ကျောင်းထွက်တဲ့ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေရောပေါ့။ အဲဒီဟာကို ကျွန်တော်သိသိချင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးအောင်စိုးမိုးကို ဖုန်းနဲ့ ဖြစ်စဉ်တွေကို အသိပေး အကြောင်းကြားခဲ့သလို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုလည်း ကျွန်တော် အကြောင်းကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆို ဒီအခြေအနေက အတော့်ကို စိတ်မသက်မသာဖြစ်တဲ့ အခြေအနေတစ်ခုပါ။ မကြာခင်ကာလ တစ်ခုအတွင်းကလည်းပဲ။  အရွယ်မရောက် ကလေးသူငယ်များနဲ့ ကျောင်းနေအရွယ် ကလေးတွေကြားမှာ ပျံ့နှံ့နေတဲ့ WY ခေါ် စိတ်ကြွမူးယစ်ဆေးဝါးတွေ သုံးစွဲနေမှုမှ ပပျောက်စေမှုမှ စီမံချက်တစ်ရပ် ရေးဆွဲနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ကျွန်တော် အဆိုတင်ခဲ့ပါတယ်” ဟု ဦးညီညီက ပြောကြားသည်။

   ကျောင်းနေအရွယ် ကလေးငယ်တွေကြားက WY ကိစ္စ လွှတ်တော်တွင် အဆိုတင်ခဲ့

ပြီးခဲ့သည့် စက်တင်ဘာအတွင်း၌ တိုင်းဒေသကြီး လွှတ်တော်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက် ကလေးသူငယ်များနှင့် ကျောင်းသားအရွယ် လူငယ်များအကြားတွင် တွေ့ကြုံဖြစ်ပွားနေသော မူးယစ်စိတ်ကြွဆေးပြား သုံးစွဲမှုများ ပပျောက်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းကြောင်း” အဆိုတစ်ခု တင်ခဲ့သည်။

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်သူ စုစုပေါင်း ၁၁၀ အနက် ထောက်ခံမဲ ၇၂ မဲ၊ ကြားနေမဲ ခုနစ်မဲနှင့် ကန့်ကွက်မဲ ၁၈ မဲ ရှိခြင်းကြောင့် အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။ အဆို အောင်မြင်ခဲ့သော်လည်း အဆိုကို အကောင်အထည်ဖော်မည့် အစည်းအဝေးမှာ လက်ရှိအချိန်အထိပင် မခေါ်ယူရသေးကြောင်း အဆိုရှင်  ဦးညီညီက ပြောကြားသည်။

“ကျွန်တော်တို့အဆို အောင်ခဲ့ပါတယ်။ ဒီအဆိုကို တင်သွင်းတယ် ဆိုတဲ့အပေါ်မှာလည်းပဲ စာရွက်လည်းကိုင်ပြီးတော့ ဖတ်တာ မဟုတ်ဘဲနဲ့ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ စီမံချက်တစ်ရပ် ရေးဆွဲနိုင်ဖို့အတွက် ဆိုရင်လည်း ဒီအပေါ်မှာ ပူးပေါင်းဆောင်ရွက်မယ်။ ကျောင်းသားမိဘ တွေကလည်း ပူးပေါင်း ဆောင်ရွက်နိုင်ရမယ်။ အဲဒီတော့ အကုန်လုံး ပါဝင်နိုင်တဲ့စီမံချက် ရေးဆွဲနိုင်ရေး၊ စီမံချက် ဖော်ဆောင်နိုင်ရေး အစည်းအဝေးတစ်ရပ်ကို မဖြစ်မနေ ခေါ်ယူရမှာပါ။ အဲဒီမှာပဲ အားလုံး ပူးပေါင်းဆောင်ရွက်မယ် ဆိုတာကို ကျွန်တော် ပြောကြားခဲ့ပါတယ်။ အဲဒီမှာပဲ အကြောင်းအမျိုးမျိုးကြောင့်ပဲ မခေါ်ဖြစ်လားတော့ မသိဘူး” ဟု  ဦးညီညီက ပြောကြားသည်။

ထိုသို့ အဆိုအောင်မြင်ခဲ့သော်လည်း လက်ရှိတွင် ယခုကဲ့သို့ ကျောင်းသား လူငယ်များ၏ စာသင်ခန်းထဲအထိ မူးယစ်ဆေးဝါး ရောက်နေသည့်ကိစ္စသည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ၀ိသမလောဘသား မူးယစ်ဆေးဝါး ရောင်းချသူများကလည်း စာသင်ကျောင်းများကို ပစ်မှတ်ထားပြီး ကျောင်းသား ကလေးငယ်များကို အသုံးချနေသည့် အခြေအနေတွင် ရှိနေကြောင်း ဦးညီညီက သုံးသပ်ပြောကြားသည်။

“ဖြစ်လိုက်ပြီ တွေ့လိုက်ပြီ ဆိုလို့ရှိရင် ဆယ်ကျော်သက် လူငယ်လေးတွေပဲ တွေ့တာ များပါတယ်။ ဒီဆွဲကြိုးလုပြီ ဘာလုပြီ ညာလုပြီ ဆိုပြီး ကြည့်လိုက်တဲ့အခါမှာ နှစ်ဆယ်ကျော် ဝန်းကျင်လေးတွေပါ။ ကလေးတွေ ကြည့်လိုက်တဲ့အခါမှာ တစ်ခု မဟုတ် တစ်ခု သုံးစွဲထားတာကို ကျွန်တော်တို့ တွေ့ရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဒီလိုရောင်းတယ်ဆိုတဲ့ ကလေးတွေဟာ သုံးစွဲတဲ့သူတွေ များတယ်ဆိုတာဟာလည်း အပင်ကြီးတစ်ပင်ရဲ့ အကိုင်းအခက် တစ်ခုအနေနဲ့ပါ။ ပစ်မှတ်အနေနဲ့ သွားတာပါ။ ကလေးတွေကို သူတို့ကျွေးတယ်။ စိတ်ကြွဆေးပြားတွေကို အခမဲ့ ပေးသုံးတယ်။ ကလေးကလည်း သုံးစွဲတယ်။ တကယ်တမ်းသိပြီးလို့ ဒါ WY လို့ သိလိုက်တဲ့အချိန်မှာ သူတို့တွေက နှစ်သက်စွဲလမ်းသွားပြီ။ အဲဒီတော့ ပိုက်ဆံ မရှိတော့ဘူး။ ဒါဆိုရင်တော့ မင်းဒါလေး ပြန်ဖြန့်ကွာ။ မင်း သုံးလုံး ယူကွာ၊ လေးလုံးယူကွာ ဆိုတာလေးတွေ ကျွန်တော်တို့ ကြားသိခဲ့ရတယ်။ ဘာကြောင့် အဆိုတင်ခဲ့လဲဆိုတာ အဲဒီအဆို မတင်ခင်မှာကို ကျွန်တော့်ပတ်ဝန်းကျင်က ကျောင်းသားလေး တစ်ယောက်က အဲဒီလိုဖြစ်သွားလို့ပါ။ အခုအချိန်မှာလည်း အဲဒီကလေးက ပျက်စီးနေရင်းနဲ့ လမ်းဘေး အခြေအနေတစ်ခုကို ရောက်နေပါပြီ။ လူတစ်စုရဲ့ ခေါ်ယူထားပြီး ခိုင်းတဲ့ အဆင့်ကိုလည်း ရောက်နေပါပြီ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က ပြောကြားသည်။

   သမ္မတ ဦးဝင်းမြင့် ဘာပြောလဲ

မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ကြေညာထားသည့် အချက်ကိုးချက်အနက် နံပါတ် (၄) အချက်၌ စာသင်ကျောင်းများအနီး ၊ လူငယ်များအနီးတွင် မူးယစ်ဆေးကင်းစင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည်  ကျောင်းသား၊ မိဘ၊ ဆရာများအပြင် လူထုအခြေပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဆိုသည့်အချက် ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့သည်။ ယင်းပွဲကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့်   တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ စသည်တို့အပြင် သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် “ဘာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါး ပြဿနာကို အလေးထား ဦးစားပေးပြီး ဆောင်ရွက်နေရပါသလဲ။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူးအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လှည့်လည် သွားရောက်ခဲ့ချိန်မှာ ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းချိန်အတွင်းမှာကိုပဲ မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြတာကို စိတ်မကောင်းဖွယ်ရာ ကြားသိတွေ့ရှိခဲ့ရပါတယ်။ စာသင်ကျောင်းတွေမှာတောင် မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်တွေ အဖိုးနည်းနည်းနဲ့ လက်လှမ်းမီ လွယ်လင့်တကူ သုံးစွဲနေကြတဲ့ သတင်းတွေ ကြားသိခဲ့ရပါတယ်။ဒါဟာ အလွန်ရင်နာစရာ ကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်တော်တို့နိုင်ငံရဲ့ မျှော်လင့်ချက်တွေဖြစ်တဲ့ ဒီကနေ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူရရှိပြီး မူးယစ်သားကောင်တွေ ဖြစ်နေကြရတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျရှုံးမှုနွံတွင်းထဲ တွန်းပို့နေသလိုပဲ ကျွန်တော် ခံစားရပါတယ်”ဟု ထည့်သွင်း ပြောကြားသည်။

ထိုသို့ မူးယစ်ဆေးဝါး ပေါများနေရခြင်းမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကြောင့် တရားဥပဒေစိုးမိုးရေးကို နယ်စပ်ဒေသများအထိ ပြည့်ပြည့်ဝဝခိုင်ခိုင်မာမာ ဖြန့်ကြက်နိုင်ခြင်း မရှိခြင်းကြောင့် ဝေးလံခေါင်းပါးပြီး ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရစ်ခဲ့သည့် ဒေသများတွင် ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးဝါး ထုတ်လုပ်မှုများ ခိုင်မာအားကောင်းကာ  ထိရောက်စွာနှိမ်နင်းနိုင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း လစ်ဟင်းမှုများကြောင့် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝန်းကျင်တို့တွင် ၂၀၁၇ မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ၂၃ ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် အရှေ့ပိုင်းခရိုင်တွင် အမှု ၁၂ မှုနှင့် တရားခံ ၂၁ ဦး၊ အနောက်ပိုင်းခရိုင်တွင် အမှုနှစ်မှုနှင့် တရားခံ နှစ်ဦး၊ တောင်ပိုင်းခရိုင်တွင် အမှု လေးမှုနှင့် တရားခံ ရှစ်ဦး နှင့် မြောက်ပိုင်းခရိုင်တွင် အမှုသုံးမှုနှင့် တရားခံ ရှစ်ဦး အမှုစုစုပေါင်း ၂၁ မှုနှင့် တရားခံ ၃၉  ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

    မူးယစ်တပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်

မူးယစ်ဆေးဝါး သုံးစွဲမှု လျော့နည်းစေရန် ကြိုတင် အသိပညာပေးခြင်းသည် ထိရောက်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်နှင့်အညီ ကျောင်းသားလူငယ်များနှင့် ပြည်သူများကို အသိပညာပေးရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူလူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာများ တိုက်ရိုက် ရောက်ရှိစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့်  မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊  ရောင်းချခြင်း ၊ သိုလှောင်ခြင်း ပြုလုပ်သူများကို ဖမ်းဆီး၍  ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်နေသည့်အပြင်  မူးယစ်ဆေးဝါးများ မသုံးစွဲရန်အတွက်လည်း ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုကြားတွင် ပညာပေး ဟောပြောမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“စာသင်ခန်းတွေထဲကို ရောက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့အဲဒီမှာ တချို့ကျတော့လည်း မူးယစ်ဆေးဝါး  WY အစား ဥပမာပေါ့လေ။ WY တို့၊ ဆေးခြောက်တို့ သုံးစွဲတယ်ဆိုတဲ့ အပိုင်းလည်း ရှိနိုင်သလို တချို့ကျတော့လည်း မူးယစ်ဆေးဝါးလို့တော့ မသတ်မှတ်ထားဘူး။ သို့သော်လည်း အိမ်သုံးဆေးဝါးတွေကို အလွဲသုံးစား လုပ်တာပေါ့။ ထုတ်တာကတော့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် သုံးရမယ့် အိမ်သုံးဆေးဝါးတွေကို ကလေးတွေက အလွဲသုံးစားလုပ်ပြီး သုံးတာတွေလည်း တွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ မူးယစ်ဆေးဝါးနဲ့ကတော့ ကျွန်တော်တို့ ဥပဒေအရ အရေးယူလို့ရတဲ့အတွက် တစ်ခါတစ်ရံ ကျတော့လည်း ဒီအိမ်သုံးဆေးဝါးတွေကို အလွဲသုံးစားလုပ်ပြီးတော့ မူးယစ်တဲ့အခါမျိုး ကျတော့လည်း ကျွန်တော်တို့က အရေးယူဖို့တော့ ခက်တာပေါ့” ဟု ဒုတိယရဲမှူးကြီး မိုးအောင်က ပြောကြားသည်။

  အစိုးရ ဘယ်လိုနှိမ်နင်းမလဲ

သမ္မတဦးဝင်းမြင့် အနေဖြင့် ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်က ပြောခဲ့သည့် မိန့်ခွန်းတွင် မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းသွားမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ အချက် ငါးချက် ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအချက်များမှာ အဓိက ထုတ်လုပ်၊ ဖြန့်ဖြူးသိုလှောင်သည့် လက်ကြီးသမားများကို ဦးစားပေး နှိမ်နင်းရေး၊ အဓိက တာဝန်ရှိသူများကို ဦးစားပေးအရေးယူရေး၊ ပိုင်ရှင်မဲ့ ဖြစ်သွားသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရေး၊ မူးယစ်ရဲများ၏ လုပ်ပိုင်ခွင့်မြှင့်တင်ပေးပြီး ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက် ဖြစ်အောင် ပြင်ဆင်ရေး၊ လိုအပ်ပါက ဗဟိုတွင် လျှပ်တစ်ပြက် ဖမ်းဆီးနိုင်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့တစ်ဖွဲ့ ထားရှိရေး စသည့်အချက်များပင် ဖြစ်သည်။

ထို့နောက် မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ရန် “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” ကို နိုင်ငံတော်သမ္မတရုံးက ဖွင့်လှစ်ခဲ့သည်။

ထိုသို့ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ပတ်သက်၍ သမ္မတကိုယ်တိုင် ထိထိရောက်ရောက် နှိမ်နင်းရန် စီမံချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါး ပျံ့နှံ့မှုမှာမူ ကျောင်းစာသင်ခန်းအထိ ရောက်ရှိလာသည့်အပေါ် ပြည်သူများက ဝေဖန်မှုများရှိနေသည်။

“နောက်တခါ ကျောင်းတွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကွမ်းယာဆိုင်တို့၊ အိမ်သုံးဆေး ရောင်းတဲ့ဆိုင် ဒါတွေကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ နောက်တစ်ခါ ကျောင်းက  ဆရာဆရာမတွေကလည်း အမြဲမပြတ် စုံစမ်းပြီးတော့မှ ဒါလေးတွေကို အရေးယူဖို့ လိုအပ်လာရင်တော့  တရားဥပဒေနဲ့ အရေးယူနိုင်တယ်။ ဥပမာ တရားစွဲ အဖွဲ့အစည်းတွေဖြစ်တဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ရှိတယ်။ မူးယစ်တပ်ဖွဲ့ရှိတယ်။ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သင့်ပါတယ်” ဟု ဒုတိယရဲမှူးကြီး မိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာသင်ကျောင်း ၄၇၀၀၀ ကျော် ရှိပြီး မူလတန်း ကျောင်းသားကျောင်းသူ ငါးသန်းကျော် (၅,၁၇၈,၇၇၅ ဦး)၊ အလယ်တန်း ကျောင်းသူကျောင်းသားဦးရေ သုံးသန်းကျော် (၃,၂၈၇,၆၀၂ ဦး) နှင့် အထက်တန်း ကျောင်းသူကျောင်းသားဦးရေ တစ်သန်းကျော် (၁,၀၉၅,၂၉၅ ဦး) ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသည့် နိုင်ငံ့အနာဂတ် ကလေးငယ်များအတွက် စာသင်ခန်းထဲအထိ ရောက်လာသည့် မူးယစ်ဆေးဝါးအန္တရာယ်သည် အထူးကြပ်မတ်နှိမ်နင်းရန် အမြန်ဆုံး ဆောင်ရွက်သင့်သည့် အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် စာသင်ကျောင်းများတွင် ချိတ်ဆွဲထားသည့် “မူးယစ်ကင်းစင် တို့ကျောင်းတစ်ခွင်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါး မပျံ့နှံ့စေရန် အစိုးရအနေဖြင့် ပိုမိုကောင်းမွန်သည့် အစီအမံများချမှတ်၍ ဆောင်ရွက်ရမည့် အခြေအနေတွင် ဖြစ်နေသည်။ သို့မဟုတ်ပါက  “မိုးလွန်မှ ထွန်ချ”ဆိုသည့် မြန်မာစကားပုံကဲ့သို့ အချိန်နှောင်းမှ လုပ်ဆောင်မည်ဆိုလျှင် အနာဂတ်တွင် မြန်မာနိုင်ငံကို ဦးဆောင်မည့် ကျောင်းသားကလေးငယ်များ၏ ဘဝသည် မူးယစ်နွံတွင် နစ်သထက်နစ်ဖို့သာ ရှိတော့သည်။                                       

 

Most Read

Most Recent