အာဆီယံထုတ်လုပ်ရေးကဏ္ဍ ခြောက်လဆက်တိုက် ဆုတ်ယုတ်နေပြီး အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် (၁) နေရာတွင် မြန်မာနိုင်ငံ ၁၀ လဆက်တိုက် ရပ်တည်

အာဆီယံထုတ်လုပ်ရေးကဏ္ဍ ခြောက်လဆက်တိုက် ဆုတ်ယုတ်နေပြီး အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် (၁) နေရာတွင် မြန်မာနိုင်ငံ ၁၀ လဆက်တိုက် ရပ်တည်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ စက်မှုကုန်ထုတ်စက်ရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ စက်မှုကုန်ထုတ်စက်ရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 8 December 2019
စည်သူအောင်

အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် (၁) နေရာတွင် မြန်မာနိုင်ငံ ၁၀ လဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ ခြောက်လဆက်တိုက် ဆုတ်ယုတ်နေကာ စစ်တမ်းတွင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံမှ လုပ်ငန်းအခြေအနေများ ဆိုးရွားစွာ ကျဆင်းနေကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

အာဆီယံထုတ်လုပ်ရေး ကုမ္ပဏီများ၏ လုပ်ကိုင်မှု အခြေအနေများသည် နိုဝင်ဘာတွင် ခြောက်လဆက်တိုက် ဆုတ်ယုတ်လာခဲ့ပြီး နောက်ဆုံးစစ်တမ်းအရ ထုတ်လုပ်မှု၊ လုပ်ငန်းအသစ်များနှင့် အလုပ်နေရာများ ရှေ့ဆက်ကျဆင်းလာမှုတို့က ထုတ်လုပ်ရေးကဏ္ဍ၏ လုပ်ကိုင်နိုင်စွမ်းကို ဖိစီးနေခဲ့သည်။ အာဆီယံ PMI အညွှန်းကိန်းသည် အောက်တိုဘာတွင် ၄၈ ဒသမ ၅ ရှိရာမှ နိုဝင်ဘာတွင် ၄၉ ဒသမ ၂ သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ခြောက်လဆက်တိုက် ဆုတ်ယုတ်လာကြောင်း အချက်ပြခဲ့သည်။

နိုင်ငံအလိုက် ဒေတာများက နောက်ဆုံး ၁၀ လအတွင်း မြင်တွေ့ခဲ့ကြရသည့်အတိုင်း စောင့်ကြည့်နေသည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက အကောင်းဆုံး စွမ်းဆောင်နိုင်သည့်နိုင်ငံ ဖြစ်ခဲ့သည်။ မြန်မာညွှန်းကိန်း ၅၂ ဒသမ ၇ က လုပ်ကိုင်မှု အခြေအနေများ အခိုင်အမာ တိုးတက်လာခြင်းကို ညွှန်ပြနေပြီး ၁၃ လ ဆက်တိုက် တိုးတက်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်၌လည်း တိုးတက်ခဲ့သော်လည်း ညွှန်းကိန်းမှာ ၅၁ ဒသမ ၄ သာရှိခဲ့သည်။ ဗီယက်နမ်ကလည်း ထုတ်လုပ်ရေးကဏ္ဍ ဦးမော့ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ညွှန်းကိန်းမှာ ၅၁ ရှိခဲ့သည်။

မလေးရှားနိုင်ငံ၏ နိုဝင်ဘာ လုပ်ကိုင်မှု အခြေအနေမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ နောက်ပိုင်း၌ လစဉ်မြင်တွေ့ခဲ့ရသည့် အတိုင်း ဆုတ်ယုတ်ခဲ့ပြီး ညွှန်းကိန်း ၄၉ ဒသမ ၅ ရှိခဲ့သည်။ ထိုင်းနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍသည် ဖေဖော်ဝါ ရီမှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် နိုဝင်ဘာတွင်ကျဆင်းခဲ့ပြီး ညွှန်း ကိန်း ၄၉ ဒသမ ၃ မှာ တစ်နှစ်ကျော် အတွင်း အနိမ့်ဆုံးနှုန်းဖြစ်သည်။ အင်ဒိုနီးရှားသည် ညွှန်းကိန်း ၄၈ ဒသမ ၂ ရှိခဲ့ ပြီး အောက်တိုဘာနှင့် နှိုင်းယှဉ်ပါက မသိမသာတိုးတက်ခဲ့ သော်လည်း လုပ်ငန်းအခြေအနေများ မှာ ငါးလဆက်တိုက် ဆုတ်ယုတ်လာခဲ့ သည်။ ၂၀၁၉ ခုနှစ် မတ်မှစပြီး လုပ်ငန်း အခြေအနေ ကျဆင်းနေသော စင်ကာပူသည် ညွှန်းကိန်း ၄၇ ဒသမ ၇ ရှိပြီး စောင့်ကြည့်နေသော ခုနစ်နိုင်ငံအနက် အပြင်းထန်ဆုံး ဆုတ်ယုတ်မှုကို ရင်ဆိုင်နေသောနိုင်ငံဖြစ်သည်။

ခြုံငုံလေ့လာကြည့်လျှင် နောက်ဆုံးစစ်တမ်းဒေတာက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အားနည်းမှုကို ဆက်ပြီး မီးမောင်းထိုးပြနေသည်။ ထုတ်လုပ်မှုနှင့် အော်ဒါသစ် နှစ်ရပ်စလုံး ရှေ့ဆက်ကျဆင်းလာမှုက ဆုတ်ယုတ်မှုကို ပို၍တွန်းအား ပေးခဲ့သည်။ အာဆီယံဒေသတစ်ဝန်း လုပ်သားအင်အားဦးရေမှာ ခြောက်လဆက်တိုက် ကျဆင်းလာခဲ့ပြီး အလုပ်နေရာ လျှော့ချခံရမှုနှုန်းမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး ဒုတိယအများဆုံးဖြစ်ခဲ့သည်။

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ တိုးတက်မှုနှုန်း နိုဝင်ဘာတွင် ဆက်လက်အားကောင်းခဲ့ပြီး သွင်းကုန်စျေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုနှုန်း လေးလဆက်တိုက် ကျဆင်းခဲ့ကာ ကုန်ကျစရိတ်မြင့်မားမှု ဖိအားများ လျော့နည်းလာကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန် ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေးမန် နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

စစ်တမ်းအရ နိုဝင်ဘာတွင် လုပ်ငန်းလည်ပတ်မှု အခြေအနေများ အခိုင်အမာ ပိုကောင်းမွန်လာခဲ့ကြောင်း ထုတ်ဖော်ပြသခဲ့ပြီး အော်ဒါသစ်များ အခိုင်အမာ မြင့်တက်လာခြင်းက အားဖြည့်ပေးသည်။ ထုတ်လုပ်မှုမှ အားရဖွယ်အရှိန်ဖြင့် တိုးလာခဲ့ပြီး ထုတ်လုပ်ရေးဆိုင်ရာ မျှော်လင့်ချက်များမှာ ပိုကောင်းလာခဲ့သော်လည်း ၂၀၁၉  ခုနှစ် နှစ်လယ်ပိုင်းထက် အားနည်းနေဆဲဖြစ်သည်။ ယင်းအတောအတွင်း ပျမ်းမျှဝယ်စျေးများမှာ စစ်တမ်းကို စတင်ခဲ့သည့် လွန်ခဲ့သော လေးနှစ်ကတည်းက အနည်းဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့၍ ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများ အားပျော့လာခဲ့သည်။

မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းသည် နိုဝင်ဘာ၌  ၅၂ ဒသမ ၇ ရှိခဲ့ရာ အပေါင်းလက္ခဏာ နယ်ပယ်ထဲ၌ ဆက်ရှိနေပြီး လုပ်ငန်းအခြေအနေ တစ်ရပ်လုံး အခိုင်အမာ တိုးတက်ကောင်းမွန်လာခဲ့ခြင်းကို အချက်ပြနေသည်။ ယင်းမှာ အောက်တိုဘာ၏ ၅၃ ထက် မသိမသာ နိမ့်နေသော်လည်း ရေရှည်ပျမ်းမျှဂဏန်းဖြစ်သည့် ၅၁ ဒသမ ၁ နှင့်စာလျှင် အတော်ပင် မြင့်မားသော နှုန်းဖြစ်သည်။

 

Most Read

Most Recent