NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ PPST အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းကောင်းများ ဝိုင်းဝန်းရှာဖွေနိုင်ခဲ့ဟု ယာယီအဖွဲ့ခေါင်းဆောင် ပြောကြား

NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ PPST အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းကောင်းများ ဝိုင်းဝန်းရှာဖွေနိုင်ခဲ့ဟု ယာယီအဖွဲ့ခေါင်းဆောင် ပြောကြား
Published 5 December 2019
မင်းနိုင်စိုး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းကောင်းများ ဝိုင်းဝန်းရှာဖွေနိုင်ခဲ့ကြောင်း PPST အဖွဲ့၏ ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် NCA- S EAO အစုအဖွဲ့အတွင်း နည်းလမ်းရှာဖွေဆွေးနွေးနေခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းကောင်းတွေ ဝိုင်းဝန်းရှာဖွေနိုင်ခဲ့ပါတယ်။ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ သင့်တင့်မျှတတဲ့ အမြင်တွေကို ဖလှယ်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

PPST အစည်းအဝေးသည် အားလုံးအတွက် အရေးပါသော အစည်းအဝေးတစ်ခုဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှည့်အပြောင်းဖြစ်စေသော အစည်းအဝေးလည်းဖြစ်ပြီး အားလုံးအတွက် အဆင်ပြေစေသော မျှမျှတတဖြစ်စေသည့် ရလဒ်ကောင်းများကိုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် အားလုံးအကျိုးကို အဓိကထားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

PPST အစည်းအဝေးတွင် NCA- S EAO များ၏ စုဖွဲ့မှုနှင့်သက်ဆိုင်သော လုပ်ငန်းလမ်းညွှန်များကို အတည်ပြုနိုင်ခဲ့ခြင်း၊ အစိုးရကို ပြန်လည်အဆိုပြုရန် JICA အစည်းအဝေး ကျင်းပမည့်ရက်ကို သတ်မှတ်နိုင်ခြင်း၊ ညှိနှိုင်းရေးအဖွဲ့ကို ထပ်မံအားဖြည့် တိုးချဲ့နိုင်ခြင်း၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေများကို လက်တွေ့ကျကျ သုံးသပ်ခဲ့ခြင်းနှင့် မှန်ကန်သော ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

ထိုသို့ NCA- S EAO ၏ လုပ်ငန်း လမ်းညွှန်များကို အတည်ပြုနိုင်ခဲ့သည့်အတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အကြား စုစည်းမှု၊ ကျစ်လျစ်မှု၊ ညီညွတ်မှုများကို အားသစ်လောင်းပေးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး ခရီးကြမ်းရှည်ကြီးကို အတူတကွ ခိုင်ခိုင်မြဲမြဲလက်တွဲ၍ ဆက်လက်ချီတက်သွားနိုင်ရန် ကတိကဝတ်များ ပြုနိုင်ခဲ့သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုအကျိုးနှင့် ပြည်ထောင်စုသားအားလုံး အကျိုးများကို ဦးထိပ်ထားလက်ကိုင်ဆောင်ရွက် သွားမည်ဆိုပါက အားလုံးလိုလားသော ပန်းတိုင်ကို မလွဲမသွေရောက်ရှိမည်ဟု ယုံကြည်ကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent