ပြည်- ပေါက်ခေါင်း- အုတ်တွင်း ကားလမ်းတွင် ပေ ၁၀၀ ခန့်ရှိ ချောက်ထဲသို့ ဝါးကားထိုးကျတိမ်းမှောက်ခဲ့ရာမှ အမျိုးသားလေးဦး သေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

ပြည်- ပေါက်ခေါင်း- အုတ်တွင်း ကားလမ်းတွင် ပေ ၁၀၀ ခန့်ရှိ ချောက်ထဲသို့ ဝါးကားထိုးကျတိမ်းမှောက်ခဲ့ရာမှ အမျိုးသားလေးဦး သေဆုံးပြီး ၁၉ ဦးဒဏ်ရာရ
Published 5 December 2019
ဇော်ဝင်းချစ်(တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက် ပြည်- ပေါက်ခေါင်း- အုတ်တွင်း ကားလမ်းတွင် ပေ ၁၀၀ ခန့်ရှိ ချောက်ထဲသို့ ဝါးကားထိုးကျတိမ်းမှောက်ခဲ့ရာမှ အမျိုးသားလေးဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် ည ၉ နာရီခန့်က ၊ အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ပြောင်ခေါင်းရွာအနီး အုတ်တွင်း- ပေါက်ခေါင်း ကားလမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်း သတင်းအရ အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးချက်အရ ပြည်-ပေါက်ခေါင်း-အုတ်တွင်း ကားလမ်းအတိုင်း ပေါက်ခေါင်းလမ်းဘက် မိုင်(၂ဝ) ရွာဘက်မှ အုတ်တွင်းမြို့နယ်ဘက်သို့ ယာဉ်မောင်း ဆန်းမင်းဦး(၃၉) နှစ် (၄)မိုင်ရွာ၊ တောင်ငူမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ကြက်သောင်းဝါး ၂၅၀ လုံးခန့်နှင့် ဝါးခုတ်လုပ်သား ၂၀ ကျော်ခန့်တို့အား တင်ဆောင်မောင်းနှင်လာသော ယာဉ်အမှတ် 1A- - - -PE အမျိုးအစား အစိမ်းနုရောင် ခြောက်ဘီး မော်တော်ယာဉ်မှာ ကားလမ်းမ မိုင်တိုင်အမှတ် ၁၀၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားသို့ အရောက်၌ ဘရိတ်ပေါက်ရာမှ အရှိန်မထိန်းနိုင်ပဲ လမ်း၏ ဝဲဘက် ပေ ၁၀၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်း မှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အချိန်ကတော့ ၉ နာရီအချိန်ခန့်ပေါ့ဗျာ၊ မှောက်တဲ့နေရာကတော့ပေါက်ခေါင်း- အုတ်တွင်းလမ်း မိုင်တိုင်အမှတ် ၁၀၅/၅ နဲ့ ၆ ကြားမှာ ဘရိတ်ပေါက်ပြီးတော့ မှောက်သွားတယ်၊ ယာဉ်ပေါ်မှာတော့ ကျား ၂၁ ယောက်၊ မ ၃ ယောက်ပါတယ်၊ ယာဉ်မောင်းကတော့ တစ်ယောက်ပေါ့။ အဲ့ဒီမှာ သေဆုံးတာက ကျား ၄ ဦး သေဆုံးသွားတယ်၊ ဒဏ်ရာရတာတော့ ကျား ၁၆ ယောက်၊ မ ၃ ယောက်၊ ပေါင်း ၁၉ ယောက် ဒဏ်ရာရသွားတယ်၊ အဲ့ထဲမှာမှ စိုးရိမ်ရတာက ကျား ၃ ယောက်၊ မ ၁ ယောက်ဖြစ်တယ်၊ စိုးရိမ်ရတဲ့လူတွေကတော့ တောင်ငူကို လွှဲလိုက်ပါတယ်” ဟု အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး တင်ကိုကိုက ပြောကြားသည်။

သေဆုံးခဲ့သူများမှာ တောင်ငူမြို့နယ်နေသူများဖြစ်သည့် ကိုချောကြီး (၄၈ နှစ်)၊ ကိုကျော်နိုင် (၄၅ နှစ်)၊ ကိုထွန်းအေး (၃၈ နှစ်)နှင့် ပေါက်ခေါင်းမြို့နေ ကိုအငယ်လေး (ခ) ပေါက်ခေါင်း (၂၅ နှစ်)တို့ဖြစ်ပြီး အမျိုးသား၁၆ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၉ ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရကြောင်း ထိခိုက်ဒဏ်ရာရရှိသူများအနက် အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးတို့မှာ ဒဏ်ရာပြင်းထန်သောကြောင့် တောင်ငူဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်း ကုသပေးခဲ့ရကြောင်း အုတ်တွင်းမြို့မရဲစခန်းမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ အလောင်းများအား အုတ်တွင်းမြို့နယ် ရင်ခုန်သံရှင်ရေး ကူညီမှုအသင်း၊ ကမ်းမယ့်လက်များ လူမှုရေးအသင်း၊ မွန်မြတ်နှလုံးသား လူမှုရေးအသင်း၊ မေတ္တာရနံ့ လူမှုရေးအသင်း လူနာတင်ယာဉ်များဖြင့် သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ပြင်းထန်ဒဏ်ရာရရှိသော လူနာလေးဦးအား အုတ်တွင်းဆေးရုံမှ တောင်ငူဆေးရုံကြီးသို့ Ambulance Network Oktwin (ANO) အဖွဲ့မှ မော်တော်ယာဉ်ဖြင့် တောင်ငူဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်း ကုသပေးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်း ဆန်းမင်းဦးဆိုသူအား  အုတ်တွင်းမြို့မရဲစခန်းက ယာဉ် (ပ) ၈၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

Most Read

Most Recent