နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း တစ်ခုချင်းစီနှင့် နိုင်ငံတော်စာရင်းတို့အကြားတွင် ရရန်ရှိ၊ ပေးရန်ရှိအဖြစ် စာရင်းတင်ဖော်ပြထားသော UFA (OA) စာရင်းပိတ်လက်ကျန် ကျပ် ၁၂၇၇၅ ဒသမ ၅၇၅ ဘီလျံကို စာရင်းချေသည့်နည်းဖြင့် ပိတ်သိမ်းမည်

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း တစ်ခုချင်းစီနှင့် နိုင်ငံတော်စာရင်းတို့အကြားတွင် ရရန်ရှိ၊ ပေးရန်ရှိအဖြစ် စာရင်းတင်ဖော်ပြထားသော UFA (OA) စာရင်းပိတ်လက်ကျန် ကျပ် ၁၂၇၇၅ ဒသမ ၅၇၅ ဘီလျံကို စာရင်းချေသည့်နည်းဖြင့် ပိတ်သိမ်းမည်
Published 4 December 2019
စည်သူ

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း တစ်ခုချင်းစီနှင့် နိုင်ငံတော်စာရင်းတို့အကြားတွင် ရရန်ရှိ ပေးရန်ရှိအဖြစ် စာရင်းတင် ဖော်ပြထားသော UFA (OA)  စာရင်းပိတ်လက်ကျန် ကျပ် ၁၂၇၇၅ ဒသမ ၅၇၅ ဘီလျံကို စာရင်းချေသည့်နည်းဖြင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

နေပြည်တော်၌ ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် သရက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့် မေးမြန်းသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ OA စာရင်းလက်ကျန် အခြေအနေများကို မည်သို့ ရှင်းလင်းဆောင်ရွက်သည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်နေ့ရှိ UFA (OA) စာရင်းပိတ်လက်ကျန် ကျပ် ၁၂၇၇၅ ဒသမ ၅၇၅ ဘီလျံဆိုသည်မှာ စာရင်းအရသာ ဖော်ပြထားတဲ့ လက်ကျန်များဖြစ်ပြီး နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းတစ်ခုချင်းစီနဲ့ နိုင်ငံတော်စာရင်းတို့ အကြားမှာ ရရန်ရှိ၊ ပေးရန်ရှိအဖြစ် စာရင်းတင် ဖော်ပြထားတဲ့ စာရင်းများသာ ဖြစ်ပါတယ်။ ၎င်းတို့ကို စာရင်းချေတဲ့နည်းဖြင့် ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်” ဟု  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် UFA (OA)  လက်ကျန်စာရင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူအတည်ပြုချက်ဖြင့် စာရင်းများပိတ်သိမ်းပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းသို့ စာရင်းပြောင်းရွှေ့ညှိနှိုင်းရန် ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်စွဲပါ စာအမှတ်၊ စဘ/ဘဏ္ဍာ - ၄/၁/၉ (၃၉၀၉/၂၀၁၉) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူအတည်ပြုချက်ဖြင့် ထုတ်ပြန်ထားပြီး ၎င်းညွှန်ကြားချက်နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ညွှန်ကြားချက်တွင် နိဒါန်း၊ အခြေခံမှု၊ စတင်မည့်ကာလ၊ နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများက ဆောင်ရွက်ရန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဆောင်ရွက်ရန်၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်ရန်၊ ငွေတိုက်ဦးစီးဌာနက ဆောင်ရွက်ရန်၊ နိဂုံးတို့ အပါအဝင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ် ဖော်ပြညွှန်ကြားထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ UFA (OA) စာရင်းများကို ပိတ်သိမ်းပြီး UFA (SEE Account) တစ်ခုတည်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း တစ်ခုချင်းစီ၏ OA လက်ကျန် စာရင်းများနှင့် နိုင်ငံတော်စာရင်းတို့အကြား စာရင်းချေရှင်းလင်းသည့်နည်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။                              

 

 

 

Most Read

Most Recent