ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတစ်ခုပြင်ရုံဖြင့် ဒီမိုကရေစီဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်လာမည်မဟုတ်ဘဲ ပြည်သူများလိုလားသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့်လည်း အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် သုံးသပ်ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတစ်ခုပြင်ရုံဖြင့် ဒီမိုကရေစီဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်လာမည်မဟုတ်ဘဲ ပြည်သူများလိုလားသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့်လည်း အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် သုံးသပ်ပြောကြား
ဒီဇင်ဘာ ၃ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
ဒီဇင်ဘာ ၃ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Published 4 December 2019
အောင်မင်းသိန်း

ဖွဲ့စညး်ပုံအခြေခံဥပဒေပါ ပုဒ်မတစ်ခုပြင်ရုံဖြင့် ဒီမိုကရေစီဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်လာမည်မဟုတ်ဘဲ  ပြည်သူများလိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့်လည်း အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း NLD ပါတီဝင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြွယ်ကြွယ်က လွှတ်တော်၌ သုံးသပ်ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်၌ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ ပုဒ်မတစ်ခုပြင်ရုံနဲ့ ဒီမိုကရေစီဖက်ဒရယ် ဖွဲ့စည်းပုံကြီးဖြစ်လာမှာမဟုတ်ပါဘူး။ ဆိုလိုချင်တာကတော့ ပုဒ်မတစ်ခုချင်းစီ၊ တစ်ခုချင်းပြင်နေခြင်းဖြင့် ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ အလှမ်းဝေးနေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပုဒ်မ ၂၆၂ ပုဒ်မခွဲ (က)၊ အပိုဒ်ခွဲ (၁) ၊ အပိုဒ်ခွဲ (၃) တွေကိုပြင်ပြီး အပိုဒ်ခွဲ (၂) ကို မပြင်ရင် ပြည်နယ်နဲ့တိုင်းတွေရဲ့ အစိုးရအဖွဲ့တွေဟာ လွတ်လပ်မှုရှိမှာ မဟုတ်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ပုံစံနဲ့ အလှမ်းဝေးနေမှာ ဖြစ်ပါတယ်။ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ (၇၄/၂၀၁၉) ရဲ့ အစီရင်ခံစာအရ အခုတင်သွင်းလာတဲ့ ဥပဒေကြမ်းကို ငြင်းပယ်တာမဟုတ်ပါဘူး” ဟု ဒေါက်တာကြွယ်ကြွယ်က ဆိုသည်။

လွှတ်တော်သို့တင်ပြီးသား ဥပဒေကြမ်းများနှင့် တင်သွင်းလာလတ္တံ့သော ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်ပြလာမည့် အစီရင်ခံစာနှင့်အတူတူ စိစစ်လေ့လာ၍ ပြည်ထောင်စုလွှတ်တော်တွင် တစ်ပြိုင်တည်းဆောင်ရွက်ခြင်းဖြင့် ပိုမိုချောမွေ့လျင်မြန်ပြီး ပြည်သူလူထု၏ ဒီမိုကရေစီဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး မျှော်လင့်ချက်ကို ပြည့်ဝစေမည်ဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

“ ရထားတွဲများကို တစ်ဆက်တည်းချိတ်ပြီး (၁၅/၂၀၁၉) ပြင်ဆင်ရေး ပူးပေါင်းကော်မတီကြီးဟူသော စက်ခေါင်းကြီးဖြင့် တစ်ခုတည်းသော ပန်းတိုင်ကို သွားကြပါစို့။ ရထားတစ်တွဲ၊ စက်ခေါင်းတစ်ခေါင်း၊ ခရီးတစ်ထောက်၊ တစ်ယောက်တစ်ပေါက်၊ တစ်ဘူတာစီ သွားနေလျှင် ပြည်သူလူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မပေါင်း ၄၅၇ ခုကို ပုဒ်မတစ်ခုချင်းစီကို တစ်ယောက်ချင်းစီက ပြင်ဆင်ချက် ဥပဒေကြမ်းတစ်ခုချင်း တင်သွင်းနေပါက ဥပဒေကြမ်းပေါင်း ၄၅၇ ခု ရရှိလာမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာကြွယ်ကြွယ်က ပြောကြားသည်။

၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကြီး၏ ၁၅ နှစ်စံချိန်ကိုကျော်လွန်ပြီး ကြာမြင့်သွားနိုင်ခြင်းကြောင့် ပြည်သူလူထုထံ ပြည်သူလူထုပိုင်သော အချုပ်အခြာအာဏာ ၁၀၀ ရာခိုင်နှုန်း အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန် (၇၄/၂၀၁၉) သဘောထားမှတ်ချက် အစီရင်ခံစာအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြလာမည့်အစီရင်ခံစာနှင့်အတူ ယခု ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို တစ်ပြိုင်တည်းစိစစ်လေ့လာ၍ ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြင်လိုလှပါတယ်။ အမှန်တကယ်ပြင်နိုင်ဖို့ ကျွန်တော်တို့ လွှတ်တော်တစ်ရပ်လုံးတွင် တာဝန်ရှိနေပါတယ်။ စိတ်ကောင်းစေတနာကောင်းနဲ့ ပြင်းပြသောဆန္ဒရှိဖို့သာ လိုအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ အမျိုးသားရေးဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ ပြင်ဆင်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ သာယာဝပြောရေးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအားလုံးရဲ့ ခံဝန်ချုပ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ လူတစ်ဦး တစ်ယောက်ရဲ့ နိုင်ငံရေးမဟုတ်သလို ပါတီတစ်ခုရဲ့ နိုင်ငံရေးလည်း မဟုတ်ပါဘူး။ အစုအဖွဲ့တစ်ခုရဲ့ နိုင်ငံရေးလည်း မဟုတ်ပါဘူး” ဟု ဒေါက်တာကြွယ်ကြွယ်က ဆွေးနွေးသည်။

 

 

 

Most Read

Most Recent