အသစ်တည်ဆောက်နေသော နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆေးရုံသစ်ကြီးအတွက် အဓိကဆေးရုံသုံး စက်ပစ္စည်းများကို ကျပ် ၄၂ ဘီလျံခန့် ဝယ်ယူမည်

အသစ်တည်ဆောက်နေသော နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆေးရုံသစ်ကြီးအတွက် အဓိကဆေးရုံသုံး စက်ပစ္စည်းများကို ကျပ် ၄၂ ဘီလျံခန့် ဝယ်ယူမည်
 နှလုံး၊ ဦးနှောက်နှင့် အာရုံကြောရောဂါ အထူးကု ဆေးရုံသစ်ကြီး တည်ဆောက်ရေး လုပ်ငန်းခွင်ကို အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
နှလုံး၊ ဦးနှောက်နှင့် အာရုံကြောရောဂါ အထူးကု ဆေးရုံသစ်ကြီး တည်ဆောက်ရေး လုပ်ငန်းခွင်ကို အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
Published 3 December 2019
အိသဥ္ဇာကျော်

လမ်းမတော်မြို့နယ်ရှိ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) ကြားတွင် အသစ်တည်ဆောက်နေသော နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆေးရုံသစ်ကြီးအတွက် လိုအပ်သော အဓိက ဆေးရုံသုံးစက် ပစ္စည်းများကို ကျပ် ၄၂ ဘီလျံခန့် ဝယ်ယူဖြည့်တင်းမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်က ဆေးတက္ကသိုလ်(၁) ရန်ကုန်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ Chief representative နှင့်အဖွဲ့တို့ ဆေးရုံကြီး တည်ဆောက်နေမှု စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် ဆေးရုံကြီးအတွက် စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်နိုင်ရေး၊ ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား ခွင့်ပြုအတည်ပြုနိုင်ရေး၊ ကုသမှုပေးမည့် နှလုံးဆေးပညာ၊ နှလုံးခွဲစိတ်ကုပညာ၊ ဦးနှောက်နှင့် အာရုံကြော ဆေးပညာရပ်နှင့် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကု ပညာရပ်ဆိုင်ရာ ပါမောက္ခ၊ ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများ သီးသန့် တာဝန်ယူ ခန့်ထားနိုင်ရေး၊ ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူ ဝယ်ယူပေးမည့် စက်ပစ္စည်းကိရိယာများ အချိန်မီရရှိရေးနှင့် အမျိုးအစားတူ ဆက်စပ်ပစ္စည်း ကိရိယာများကို ပေါင်းစည်းစုဖွဲ့၍ အရည်အသွေး ကောင်းမွန်ခိုင်မာသော ကုမ္ပဏီများထံမှ Lot အလိုက် ဝယ်ယူနိုင်ရေး၊ လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များကို စွမ်းဆောင်ရည်မြှင့် လေ့ကျင့်သင်ကြားနိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ဒီဆေးရုံကြီး ဖွင့်ပြီးရင် တစ်တိုင်းပြည်လုံးအတွက် အကျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ လူနေမှုပုံစံတွေ ပြောင်းလဲလာတဲ့ အတွက် အခုနောက်ပိုင်း နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါနဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ လေဖြတ်တာ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ အဖြစ်များလာတယ်။ လူတိုင်းရဲ့ အသက်က အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တာဝန်က ဆေးရုံအသစ် ဖွင့်ရေးက ကျွန်တော်တို့ရဲ့ ရည်မှန်းချက် မဟုတ်ပါဘူး။ ဆေးရုံကိုလာတဲ့ လူနာများ လျော့ကျဖို့သာလျှင် ကျွန်တော်တို့ရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။ ဆေးရုံတွေဖွင့်ဖို့ မလိုဘူးလား ဆိုတာလည်း မဟုတ်ပါဘူး။ ဖွင့်ဖို့လိုပါတယ်။ လူဦးရေကလည်း များလာသလို ရောဂါဖြစ်ပွားမှုတွေကလည်း များလာတယ်။ နောက်တစ်ခုက ဆေးကုသမှုနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကလည်း ခေတ်နဲ့အညီ ပြောင်းလဲလာတယ်။ ပြောင်းလဲလာတဲ့အတွက် ကုသမှုပိုင်းဆိုင်ရာ သုတေသန လုပ်ငန်းတွေကိုလည်း နိုင်ငံတကာနဲ့ ယှဉ်တွဲလုပ်ဆောင်ဖို့ လိုလာပါတယ်” ဟု  Launching Ceremony of The Project for the Construction of New Yangon Specialist Hospital အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဆေးကုသမှု ဆောင်ရွက်ခြင်းအပြင် မြန်မာ-ဂျပန် ပူးပေါင်း၍ Multicentric Research, Climical Trial စသည့် ကုသမှုပိုင်းဆိုင်ရာ သုတေသန လုပ်ငန်းများကိုပါ ယှဉ်တွဲလုပ်ဆောင်၍ အဆိုပါ သုတေသနများမှ ရရှိသော အချက်အလက်များအား ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် လက်တွေ့ အသုံးချနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဆေးရုံသစ်ကြီးသည် နိုင်ငံတကာအဆင့်မီ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆေးရုံကြီးဖြစ်ကာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောက်လုပ်ခြင်း ဖြစ်ကြောင်းနှင့် ဆေးရုံတည်ဆောက်ရာတွင် ကုန်ကျစရိတ်အားလုံး အတွက် ဂျပန်အစိုးရမှ ၅၅ ရာခိုင်နှုန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၄၅ ရာခိုင်နှုန်း ကုန်ကျခံ တည်ဆောက်လျက်ရှိသည်။

နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီး (ရန်ကုန်) တည်ဆောက် လည်ပတ်နိုင်ရန် ဂျပန်နိုင်ငံ အစိုးရက ဂျပန် ယန်းငွေ ၈ ဒသမ ၆ ဘီလျံခန့်အား ထောက်ပံ့ကူညီမည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မြန်မာကျပ်ငွေ ၄၂ ဘီလျံခန့် ကျခံသုံးစွဲ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းများ ပြီးစီးမည် ဖြစ်သည်ဟု သိရသည်။

Most Read

Most Recent