ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသည့် စာရင်းတွင်ပါဝင်သော နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးအနက် ၂၁၂၄၃ ဦးအား စိစစ်ပြီးဖြစ်ကြောင်း သိရ

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသည့် စာရင်းတွင်ပါဝင်သော နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးအနက် ၂၁၂၄၃ ဦးအား စိစစ်ပြီးဖြစ်ကြောင်း သိရ
Published 3 December 2019

ဘင်္ဂလားဒေ့ရှ်ဘက် မှ ပေးပို့ထားသည့်  စာရင်းတွင်ပါဝင်သော  နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦးအနက် ၂၁,၂၄၃  ဦးအား စိစစ်မှု ဆောင်ရွက်ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စာရင်းမှာ  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်အထိ စိစစ်မှုဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ဘင်္ဂလား‌‌‌‌ဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ပြုလုပ်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ မြန်မာ – ဘင်္ဂလားဒေ့ရှ်  တတိယအကြိမ်မြောက်  ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦးစာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 ပြန်လည်ဝင်ရောက်လာသူများအား နေရာချထားရာတွင် မြန်ဆန် ချောမွေ့စေရန် လုပ်ငန်းလိုအပ်ချက်အရ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ် ပြီးသူများအား ကျေးရွာအလိုက် ပြန်လည်စာရင်းပြုစုပြီး အသုတ်အလိုက် ပေးပို့လျက် ရှိရာ သတ္တမအသုတ်အထိ ကျေးရွာအလိုက် စိစစ်ပြီးသူ ၃,၄၅၀ ဦးစာရင်းအား ဘင်္ဂလား ဒေ့ရှ်ဘက်သို့ ဇူလိုင် ၁၁ ရက်တွင် ပေးပို့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ အဆင်သင့်အနေထားဖြင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထား ရှိပြီးဖြစ်သော်လည်း ပြန်လည်ဝင်ရောက်လာသူမရှိ‌သေး‌ကြောင်း သိရှိရသည်။

သို့ရာတွင် ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ နိုဝင်ဘာ ၁ ရက်အထိ ပြန်လည်ဝင်ရောက်သူ ဦးရေ ၄၁၄ ဦး ရှိပြီဖြစ်ကြောင်း  ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့အ‌ခြေစိုက် မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။