မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ အစိုးရ၏သဘောထား ရပ်တည်ချက်ကို ထောက်ခံကြောင်း “ ၀” အဖွဲ့က ထုတ်ပြန်ခဲ့ပြီး မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နှင့် “ ၀” အဖွဲ့အကြား သဘောထားကွဲလွဲနေ

မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ အစိုးရ၏သဘောထား ရပ်တည်ချက်ကို ထောက်ခံကြောင်း “ ၀” အဖွဲ့က ထုတ်ပြန်ခဲ့ပြီး မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နှင့် “ ၀” အဖွဲ့အကြား သဘောထားကွဲလွဲနေ
Published 30 November 2019

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစိုးရ၏ သဘောထား ရပ်တည်ချက်ကို ထောက်ခံကြောင်း “ ၀ ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ “ ၀ ” လက်နက်ကိုင်အဖွဲ့ (UWSP/UWSA) က နိုဝင်ဘာ ၂၇ ရက် ရက်စွဲဖြင့် နိုဝင်ဘာ ၃၀ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီး ICJ တွင် တုံ့ပြန်ဆောင်ရွက်သွားမည့်ကိစ္စသည် ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ထိန်းမည့် လုပ်ဆောင်ချက်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ နယ်သာလန်နိုင်ငံ The Hague မြို့သို့ သွားရောက်ချေပ ပြောဆိုတုံ့ပြန်မှုဖြင့် ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ထိန်းနိုင်မည့် လုပ်ဆောင်ချက်အား လေးစားစွာ ဂုဏ်ယူကြောင်း UWSP/UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ရည်ရွယ်ချက်က ရှင်းပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ခြင်း၊ မမြောက်ခြင်းက ဒါကတရားရုံးက ဆုံးဖြတ်မယ့်ကိစ္စ၊ ဒါကတစ်ကဏ္ဍပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မျက်စိစုံမှိတ်နေတာထက် ဒါမျိုးတာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ သွားရောက်ဖြေရှင်းတယ်ဆိုတာကို ကျွန်တော်တို့ အားပေးပါတယ်” ဟု UWSP/UWSA ၏ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်၏ အခြေအနေသည် ရှုပ်ထွေးပြီး သမိုင်းကြောင့် ချန်လှပ်ခဲ့သောပြဿနာမှာ နှစ်ပေါင်း ၂၀၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ နယ်မြေရောယှက်ခြင်း၊ ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသည့် ရှုပ်ထွေးသော ပဋိပက္ခများကို မည်သည့်ဘက်လိုက်မှုမျိုးမဆို (သို့မဟုတ်) မသင့်လျော်သော နိုင်ငံတကာစွက်ဖက်မှုသည် ရခိုင်ပြည်နယ်၏ အခြေအနေအား မတည်မငြိမ်ဖြစ်မှုနှင့် ရှုပ်ထွေးမှုများ ပိုမိုဖြစ်စေနိုင်ကြောင်း UWSP/UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

UWSP/UWSA အနေဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခကို တရားမျှတမှုမရှိသော မည်သည့်ဖြေရှင်း ဆောင်ရွက်ချက်မဆို ကန့်ကွက်ကြောင်း UWSP/UWSA က ကြေညာချက် ထုတ်ပြန်သည်။ 

နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်တွင် အတည်ပြုထားသော နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို လိုက်နာ၍ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်း ကိုင်တွယ်သည့်မူ အပါအဝင် အပြန်အလှန် လေးစားမှု အခြေခံပြီး သက်ဆိုင်ရာနှစ်ဖက်နိုင်ငံနှင့် ကြားဝင်စေ့စပ်ပေးသော နိုင်ငံတို့မှ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများမှတစ်ဆင့် ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရန် စေတနာမှန်ဖြင့် မျှော်လင့်ကြောင်း UWSP/UWSA ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မြန်မာနိုင်ငံအတွင်း သက်ဆိုင်သည့် အဖွဲ့များအနေဖြင့်လည်း ဉာဏ်ရည်ထက်မြက်စွာ စိတ်ရှည်သဘောထားကြီးသည့် နည်းလမ်းဖြင့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာများမှ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့် ဆန္ဒဖြင့် အတူတကွ ပူးပေါင်းကြိုးပမ်းသွားလျှင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို ပြေလည်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း UWSP/UWSA က ထုတ်ပြန်ကြေညာခဲ့သည်။

“ ၀ ” အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ ခေါင်းဆောင်တာဝန်ယူထားပြီး အဆိုပါကော်မတီတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့လည်း ပါဝင်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင်လည်းကောင်း၊ အာဂျင်တီးနား တရားရုံးတွင်လည်းကောင်း အမှုဖွင့်ထားပြီး ကျူးလွန်ခဲ့သော တပ်မတော်ကို အရေးယူရန် စတင်ကြိုးပမ်းနေသည်ကို အပြည့်အဝထောက်ခံကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သဘောထား ထုတ်ပြန်ထားသည်။

ICJ တွင် တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ FPNCC အဖွဲ့ဝင်များဖြစ်သည့် “ ၀ ”အဖွဲ့နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား သဘောထားကွဲလွဲနေခြင်းဖြစ်ပြီး ထိုသို့သဘောထားကွဲလွဲခြင်းမှာ ဒေသဖြစ်တည်မှုအပေါ် အခြေခံကြောင်း UWSP/UWSA ၏ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

“ ဒီကိစ္စက ဖြစ်တည်မှုအပေါ်မှာ အခြေခံပါတယ်။ ကျွန်တော်တို့ “ ၀ ” အဖွဲ့ကတော့ ငြိမ်းချမ်းရေးယူလာတာ နှစ် ၃၀ ကျော်လာပြီ။ အဲဒီတော့ ကျွန်တော်တို့အမြင်နဲ့ သူတို့အမြင်က သီးခြားစီပါ။ သူတို့ရဲ့ နယ်မြေဒေသတွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ ဒါက သူတို့အမြင်ပဲလေ။ တစ်နေ့နေ့ တစ်ချိန်ချိန် သူတို့ရဲ့ နယ်မြေတွေ အေးချမ်းမယ်၊ ငြိမ်းချမ်းမယ်ဆိုရင်တော့ အမြင်တွေ ပြောင်းလဲလာနိုင်မှာပါ။ အဲဒီတော့ သီးခြားအမြင်မတူတာက ကျွန်တော် ပြောသလိုပဲ နောက်ခံဖြစ်တည်မှုက မတူညီလို့ပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုပြောလိုတာက ကျွန်တော်တို့ FPNCC စုဖွဲ့မှုနဲ့ ဘာမှတော့ တစ်စုံတစ်ရာ ပတ်သက်မှု မရှိဘူးပေါ့။ ထိခိုက်မှုမရှိဘူး။ ကျွန်တော်တို့က ညီနောင် မဟာမိတ်တွေပဲ။ နိုင်ငံရေးမဟာမိတ်တွေပဲ။ ကျွန်တော်တို့က နိုင်ငံတော်အစိုးရနဲ့ ပုံမှန်ဆက်ဆံမှုတွေ၊ ဆက်သွယ်မှုတွေ ရှိနေတယ်။ သူတို့ကတော့ ရန်ဘက်သဘောမျိုးဖြစ်တော့ ရှုထောင့် မတူနိုင်ဘူးပေါ့” ဟု ဦးညီရန်းက ပြောကြားသည်။

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ  (FPNCC) ကို “ ၀ ” အဖွဲ့ (UWSA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့  (NDAA) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

Most Read

Most Recent