လူထုမျက်နှာမကြည့်ဘဲ ကုမ္ပဏီနှင့်ပေါင်းစားသော လွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်စရာမလိုဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား

လူထုမျက်နှာမကြည့်ဘဲ ကုမ္ပဏီနှင့်ပေါင်းစားသော လွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်စရာမလိုဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား
Published 30 November 2019
အောင်သူထွန်း

လူထုမျက်နှာမကြည့်ဘဲ ကုမ္ပဏီနှင့်ပေါင်းစားသော လွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်စရာမလိုဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ၂၆ ရက် ကလေး မြို့ မြို့တော်ခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းတို့က ကလေးမြို့ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည် ။

“ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လူထုက ရွေးချယ်လိုက်လို့ လူထုကို ကိုယ်စားပြုတယ်။ လူထုရဲ့အကျိုးစီးပွားကို မျက်နှာမူရမယ် ။ တစ်ခါတလေ လူထုက ဖြစ်ချင်တာတွေ သူတို့ ဆန္ဒအရ ပြောကြတာ ရှိပါတယ်။ သူတို့ဆန္ဒအရ လူထုကပြောဆိုပေမဲ့ ရေရှည်မှာ မကောင်းဘူးဆိုရင် ကိုယ်စားလှယ်တွေအနေနဲ့ လုပ်မပေးနိုင်ပါဘူး။ မဲပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ လူထုရဲ့ကိုယ်စား လူထုရဲ့ ဖွံ့ဖြိုးတိုတက်ဖို့ ခက်ခဲနေတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ကိုယ်စားပြု ဆောင်ရွက်ပေးဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ မဲပေးထားတဲ့ ကိုယ်စားလှယ်က လူထုမျက်နှာ မကြည့်ဘဲနဲ့ တင်ဒါတွေဆွဲ ကုမ္ပဏီနဲ့ ပေါင်းစားတဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုး ကျွန်တော်တို့ ရွေးချယ်စရာမလိုပါဘူး။ လူထုကို မျက်နှာမူတဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးစိုးဦးက ပြောကြားသည်။

အစိုးရဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များက ခန့်ထားခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်တွင် ပြင်ပပုဂ္ဂိုလ် ခန့်ထားသော်လည်း အများအားဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်များကို ခန့်အပ်မှုများကြောင်း ၎င်းက ပြောကြားသည်။

“ အဲဒီတော့ ကျွန်တော်တို့က ထိန်းကျောင်းခြင်းလုပ်တဲ့ နေရာမှာ ပုလင်းတူဘူးဆို့လုပ်ပြီး ထိန်းကျောင်းခြင်းမရှိဘဲ လူထုအတွက် အကျိုးမရှိတာတွေ လုပ်တာကို ပေါင်းပြီးလိမ်စားနေတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်စရာ မလိုပါဘူး။ ဒီလိုရွေးချယ်တဲ့နေရာမှာ မကြာခင်ကာလတွေမှာ မမေ့ပါနဲ့။ မျက်မှောက်ခေတ်ကာလ နိုင်ငံရေးအခြေအနေကိုလည်း မျက်ခြေပြတ်လို့ မရပါဘူး ။ တင်းပြည့်ကျပ်ပြည့် မဟုတ်တဲ့ ဒီမိုကရေစီနိုင်ငံမှာ လူထုရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးပါတယ်” ဟု ဝန်ကြီးဦးစိုးဦးက ပြောကြားသည်။

ပြည်သူလူထုက  မဲပေးရွေးချယ်လိုက်ပြီး သင့်တော်သည့်အချိန်တွင် တိုင်းပြည်က တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါက လွှတ်တော်နှင့် အစိုးရတို့တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ မဲပေးရွေးချယ်ခဲ့ကြသည့် ပြည်သူလူထုကလည်း တာဝန်ရှိသည်ဟု ဆက်လက်ပြောကြားသည် ။

“ ကျွန်တော်တို့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်တွေဟာ အစိုးရနဲ့ လွှတ်တော်က အုပ်ချုပ်တာ မဟုတ်ပါဘူး။ ပြည်သူလူထုက အုပ်ချုပ်တာပါလို့ အမေရိကန် သမ္မတဟောင်း ရုစဗဲ့က ပြောခဲ့ပါတယ်။ ဘာလို့ ဒီစကားပြောသလဲဆိုတော့ လွှတ်တော်နဲ့ အစိုးရဆိုတာ ပြည်သူလူထုကနေ မဲပေး ရွေးချယ်လိုက်တာပါ။ လွှတ်တော်အတွင်းရောက်ဖို့ အစိုးရဖြစ်ဖို့ဆိုတာ လူထုကရွေးချယ်မှ ဖြစ်တာပါ။ လူထုက မရွေးချယ်ဘူးဆိုရင် လွှတ်တော်ထဲကို ရောက်မလာပါဘူး။ အစိုးရကောင်းဖို့ လွှတ်တော်ကောင်းဖို့ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ကတည်းက စဉ်းစားရမှာပါ။ မဲပေးရွေးချယ်လိုက်ပြီး သင့်တော်တဲ့အချိန်မှာ တိုင်းပြည်က တိုးတက်သင့်သလောက် မတိုးတက်ဘူးဆိုရင် လွှတ်တော်နဲ့ အစိုးရမှာတင် တာဝန်ရှိတာမဟုတ်ဘဲနဲ့ လွှတ်တော်နဲ့ အစိုးရကိုပါ ရွေးချယ်လိုက်တဲ့ ပြည်သူတွေပါ တာဝန်ရှိတယ်လို့ ခံယူရမှာ ဖြစ်ပါတယ်”  ဟု ဝန်ကြီးဦးစိုးဦးက ပြောကြားသည်။

ကလေးမြို့တွင် ပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ဒေသခံပြည်သူလူထုက လိုအပ်ချက်များကို တင်ပြတောင်းဆိုခဲ့ကြပြီး အချိန်မရ၍ တင်ပြချင်သည့်ကိစ္စများကို တင်ပြစာဌာန ဖွင့်လှစ်ထားရှိခဲ့ရာ ပြည်သူလူထုက တင်ပြစာ ၃၁ စောင်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်ဟု သိရသည်။

“ ရွေးချယ်လိုက်တဲ့ ပါတီအဖွဲ့အစည်း ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေက ကိုယ့်ရဲ့အနာဂတ်တိုးတက်ဖို့ ဥပဒေတွေ ဖြစ်လာဖို့အတွက် စိတ်ဆန္ဒမရှိဘူးဆိုရင် ဒီလိုလွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့ မလိုပါဘူး။ သူ့ရဲ့လုပ်ငန်းစဉ်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတိုးတက်ဖို့အတွက် လက်ရှိကာလနဲ့ မလျော်ညီတာ အများကြီး ရှိပါတယ်။ ပြုပြင်ပြောင်းလဲလိုစိတ်မရှိတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်စရာ မလိုပါဘူး ” ဟု ဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

 

 

Most Read

Most Recent