BTS အဖွဲ့က ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများ၌ပြုလုပ်မည့် ဂီတဆုပေးပွဲနှင့် ပွဲတော်များတွင် ဖျော်ဖြေမည်

BTS အဖွဲ့က ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများ၌ပြုလုပ်မည့် ဂီတဆုပေးပွဲနှင့် ပွဲတော်များတွင် ဖျော်ဖြေမည်
Published 28 November 2019

ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ BTS အဖွဲ့က နှစ်ကုန်တွင် တောင်ကိုရီးယားနှင့် ပြည်ပနိုင်ငံများ၌ ပြုလုပ်မည့် ဂီတဆုပေးပွဲများတွင် ဖျော်ဖြေမည်ဖြစ်သည်။

BTS အဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်တွင် ဆိုးလ်ရှိ Gocheok Sky Dome ၌ ပြုလုပ်မည့် ၂၀၁၉ Melon ဂီတဆုပေးပွဲတွင် ဖျော်ဖြေပြီးနောက် ဒီဇင်ဘာတစ်လလုံး ဖျော်ဖြေမှုကို စတင်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် Melon ဂီတဆု ပေးပွဲတွင် BTS သည် ၎င်းတို့၏ သီချင်းများကို remixed ပုံစံဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ယခုနှစ် ဆုပေးပွဲတွင်လည်း BTS က ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များအတွက် အထူးဖျော်ဖြေမှုဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။ ယင်းဖျော်ဖြေမှုတွင် BTS အဖွဲ့ဝင် ခုနစ်ဦး၏ တစ်ဦးချင်း ၀ိသေသလက္ခဏာများကို အသားပေးပြီး တင်ဆက်သွားမည်ဟု Melon ဂီတဆုပေးပွဲ စီစဉ်သူများက ပြောကြားခဲ့သည်။ BTS အဖွဲ့သည် ဒီဇင်ဘာ ၄ ရက်တွင် ဂျပန်နိုင်ငံ နာဂိုယာမြို့၌ပြုလုပ်မည့် ၂၀၁၉ Ment အာရှဂီတ ဆုပေးပွဲတွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။

BTS အဖွဲ့သည် ဒီဇင်ဘာ ၆ ရက်တွင် ကယ်လီဖိုးနီးယား၌ ပြုလုပ်မည့် KIIS FM Jingle Ball ဖျော်ဖြေပွဲတော်တွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။ ယခုနှစ် KIIS FM Jingle တွင် အမေရိကန်နာမည်ကြီး ပေါ့ပ်စတားများဖြစ်သည့် ကာမီလာကာဘယ်လို၊ ဘီလီအိုင်းလစ်ရှ်၊လစ်ဇိုနှင့် Halsey တို့လည်း ဖျော်ဖြေမည်ဖြစ်သည်။

Bangtan Boys ဟုလည်း ခေါ်ဆိုသည့် BTS အဖွဲ့သည် ဒီဇင်ဘာလလယ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ပရိသတ်တွေ့ဆုံပွဲနှင့် ဖျော်ဖြေပွဲများပြုလုပ်မည်ဖြစ်သည်။

အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် BTS အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက်တွင် လော့စ်အိန်ဂျလိစ်ရှိ Microsoft Theater တွင် ပြုလုပ်ခဲ့သည့် အမေရိကန်ဂီတဆုပေးပွဲ (AMAs) ၌ Tour of the Year ဆုအပါအဝင် ဆုသုံးဆု ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင်ဖွဲ့ စည်းခဲ့သည့် ပေါ့ပ်စူပါစတားအဖွဲ့ဖြစ်သည့် BTS အဖွဲ့၏ Love Yourself: Speak Yourself ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်သည် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁၁၆.၆ သန်းအထိ စံချိန်တင် ရရှိခဲ့သည်ဟု Billboard က ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent