(၅၆)ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ဆုပေးပွဲ၏ အဓိကဆုများကို ထိုင်ဝမ်ဒရာမာဇာတ်ကား A Sun ဆွတ်ခူး

(၅၆)ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ဆုပေးပွဲ၏ အဓိကဆုများကို ထိုင်ဝမ်ဒရာမာဇာတ်ကား A Sun ဆွတ်ခူး
  အမျိုးသားသရုပ်ဆောင်ဆုရရှိသည့် ထိုင်ဝမ်သရုပ်ဆောင် Chen Yi Wen နှင့် အမျိုးသမီးသရုပ်ဆောင်ဆု ရရှိသည့် သရုပ်ဆောင် Yeo Yann Yann (Photo- AFP)
အမျိုးသားသရုပ်ဆောင်ဆုရရှိသည့် ထိုင်ဝမ်သရုပ်ဆောင် Chen Yi Wen နှင့် အမျိုးသမီးသရုပ်ဆောင်ဆု ရရှိသည့် သရုပ်ဆောင် Yeo Yann Yann (Photo- AFP)
Published 25 November 2019

တိုင်ပေတွင် နိုဝင်ဘာ၂၃ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ဆုပေးပွဲတွင် ထိုင်ဝမ်ဒါရိုက်တာ Chung Mong Hong ရိုက်ကူးသည့် မိသားစုဒရာမာဇာတ်ကား A Sun က အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုနှင့် တည်းဖြတ်ဆုတို့ကို ဆွတ်ခူးခဲ့သည်။

“အကောင်းဆုံးဇာတ်ကားဆု ရဖို့ အချိန်တွေ အများကြီးကြာဦးမယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ကျွန်တော်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကနေ အကျိုးအမြတ်တစ်စုံတစ်ရာ ပြန်မရဘူးဆိုရင်တောင် ကျွန်တော်ဝမ်းသာပါတယ်” ဟု Chung က ပြောကြားခဲ့သည်။

ဒါရိုက်တာ ရိုက်ကူးပြီး Chen Yi Wen၊ Samantha Ko၊ WuChien-hoနှင့် Liu Kuanting တို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် A Sun ဇာတ်ကားကို တိုရွန်တိုရုပ်ရှင်ပွဲတော်နှင့် တိုကျိုရုပ်ရှင်ပွဲတော်တို့တွင် ပွဲဦးထွက်ပြသခဲ့သည်။

စင်ကာပူအခြေစိုက် မလေးရှားသရုပ်ဆောင် Yeo Yann Yann က စင်ကာပူဒရာမာဇာတ်ကား Wet Season ဖြင့် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပြီး ထိုင်ဝမ်သရုပ်ဆောင်၊ ဒါရိုက်တာ Chen Yi Wen က A Sun ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။

တိုင်ပေနှင့် တရုတ်အကြား ဆက်ဆံရေးတင်းမာနေစဉ် ယခုနှစ် ရွှေမြင်းရုပ်ရှင်ပွဲတော်၌ တရုတ်ရုပ်ရှင်ဇာတ်ကားများ ပါဝင်ခဲ့ခြင်းမရှိပေ။

တရုတ်စကားပြော ဇာတ်ကားများအတွက် အော်စကာဆုပေးပွဲ တင်စားခေါ်ဆိုခံရသည့် ထိုင်ဝမ်၏ ရွှေမြင်းဆုပေးပွဲတွင် တရုတ်ရုပ်ရှင်ဇာတ်ကားများ ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်ကြောင်း တရုတ်နိုင်ငံ၏ ရုပ်ရှင်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သြဂုတ်တွင် ထုတ်ပြန်ခဲ့သည်။ အကြောင်းပြချက်မပေးဘဲ ယင်းကဲ့သို့ ပိတ်ပင်ခဲ့မှုသည် တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုမြင့်တက်လာမှုများကို ထင်ဟပ်စေသည့် သင်္ကေတတစ်ခုဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ရွှေမြင်းရုပ်ရှင် ဆုပေးပွဲတွင် ထိုင်ဝမ်ဒါရိုက်တာ Fu Yue က ထိုင်ဝမ်၏ လွတ်လပ်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့မှုကြောင့် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီးနောက် ရွှေမြင်းရုပ်ရှင်ဆုပေးပွဲတွင် တရုတ်ဇာတ်ကားများ ပါဝင်မှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

တရုတ်၏ ဖိအားပေးမှုများကြောင့် ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားများသည်လည်း ရွှေမြင်းရုပ်ရှင်ပွဲတော်တွင် ပါဝင်မှုမှ နုတ်ထွက်ခဲ့ရသည်ဆိုသော သတင်းများထွက်ပေါ်နေစဉ် ဟောင်ကောင်ဒါရိုက်တာ Johnnie To က သဘောတူစာချုပ်တွင် ပါဝင်သည့် လိုက်နာရမည့် ဝတ္တရားများကြောင့်ဟုပြောကြားခဲ့ပြီး ရွှေမြင်းရုပ်ရှင်ပွဲတော်၏ ဂျူရီအဖွဲ့ခေါင်းဆောင်နေရာမှ နုတ်ထွက်ခဲ့သည်။

ရွှေမြင်းရုပ်ရှင်ဆုပေးပွဲကို တရုတ်က သပိတ်မှောက်ခဲ့ပြီးနောက် ယင်းရုပ်ရှင်ဆုပေးပွဲအတွက် နိုင်ငံတကာ ကုမ္ပဏီအချို့၏ ငွေကြေးအထောက်အပံ့ပေးမှု ဆုံးရှုံးခဲ့ရသည်။ အီတလီ ဇိမ်ခံကားထုတ်လုပ်သည့်ကုမ္ပဏီ Maserati က တရုတ်၏ “One China” မူဝါဒကို ထောက်ခံသည်ဟု ပြောကြားခဲ့ပြီး ထိုင်ဝမ်၏ နှစ်စဉ်ကျင်းပသည့် ရွှေမြင်းရုပ်ရှင်ပွဲတော်အတွက် ငွေကြေးအထောက်အပံ့ပေးမှုကို ရပ်ဆိုင်းခဲ့သည်ဟု အတည်ပြုခဲ့သည်။ အထောက်အပ့ံရရှိမှု ကျဆင်းခဲ့သော်လည်း ရုပ်ရှင်ဆုပေးပွဲကို ထိခိုက်ခဲ့ခြင်းမရှိဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

 

Most Read

Most Recent