အစိုးရအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်နာ လုပ်ဆောင်သွားရန် KNU တိုက်တွန်း

အစိုးရအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်နာ လုပ်ဆောင်သွားရန် KNU တိုက်တွန်း
ဘားအံခရိုင် လေးဝါးရှိ KNU ဌာနချုပ်တွင် နိုဝင်ဘာ ၅ ရက်မှ ၂၂ ရက်အထိ တတိယအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး (ဒုတိယပိုင်း)  ကျင်းပစဉ်
ဘားအံခရိုင် လေးဝါးရှိ KNU ဌာနချုပ်တွင် နိုဝင်ဘာ ၅ ရက်မှ ၂၂ ရက်အထိ တတိယအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး (ဒုတိယပိုင်း)  ကျင်းပစဉ်
Published 23 November 2019
မင်းနိုင်စိုး

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တတိယအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး (ဒုတိယပိုင်း) အား KNU ဌာနချုပ်တည်ရှိရာ ဘားအံခရိုင် လေးဝါးတွင် နိုဝင်ဘာ ၅ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးကာလအတွင်း လက်ရှိနိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အခြေအနေများကို ဆွေးနွေးခဲ့ရာ အစိုးရအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်နာ လုပ်ဆောင်သွားရန် KNU က တိုက်တွန်းသည်။

KNU အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများ၊ အစိုးရမှ ရင်ဆိုင်နေရသော တရားရေးဆိုင်ရာ ကိစ္စများတို့အပေါ် သုံးသပ်ခဲ့ကြပြီး အစိုးရအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်နာ လုပ်ဆောင်သွားရန် KNU က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့က ဒီလိုပါ။ အခု နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ICJ တို့၊ CIJ တို့မှာ တရားစွဲခံရတယ်။ ဂမ်ဘီယာနိုင်ငံ စွဲတယ်ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှုကို အခြေခံပြီးတော့ ဖြစ်လာတာကိုး။ တကယ်လို့သာ ဒီက အစအနပဲဖြစ်ဖြစ်၊ ဒါက မဖြစ်ဘူးဆိုလို့ရှိရင်တော့ ဟိုဥစ္စာပေါ့လေ။ ဒါက စွဲစရာမရှိဘူး။ ဒါပေမဲ့ လက်တွေ့မှာကျတော့ ကျွန်တော်တို့အနေနဲ့ ရပ်တည်တာကတော့ ဒါကတကယ့်ကမ္ဘာ့ခုံရုံးမှာ ဆွေးနွေးရမယ့်ကိစ္စလို့ တရားသူကြီးရဲ့ဆုံးဖြတ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးအဖွဲ့ကနေ မဆုံးဖြတ်မချင်း ဘယ်သူက မှန်သလား၊ မှားသလားဆိုတာကို ကျွန်တော်တို့ ဒါကပြောလို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားစွဲတာရှိသလို တရားစွဲခံရတဲ့ပုဂ္ဂိုလ်ကလည်း သူ့ထုချေပိုင်ခွင့် ရှိနေတယ်။ အခုက သူတို့ပြောနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုက ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ တကယ့်စဉ်းစားစရာ အချက်တွေ အများကြီးရှိနေတယ်” ဟု KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ဆက်လက်၍ “ ကျွန်တော်တို့ သဘောထားကတော့ အစိုးရကနေပြီးတော့ ဟိုဥစ္စာပေါ့။ သူတို့ရင်ဆိုင်ရတဲ့ တရားစွဲမှုကို တာဝန်ရှိရှိ တာဝန်ခံပြီးတော့ ရင်ဆိုင်ဖို့။ ဒီအချိန်မှာ ကိုယ့်ဘက်က တင်ပြဖို့အချက်အလက်တွေ အရေးကြီးပေမဲ့ သူမှားတယ်၊ ကိုယ်မှန်တယ် ဆိုတာကိုတော့ ကျွန်တော်တို့က လက်လှမ်းမမီဘူး။ နောက်ဆုံးကတော့ ဘာဖြစ်သလဲဆိုတော့ တရားခံတစ်ယောက်က ဘယ်လိုပဲ အမှုစွဲစွဲ တရားသူကြီးက အပြစ်ရှိတယ်လို့ မဆုံးဖြတ်သေးရင် သူ့ကို မှားတယ်လို့ ပြောလို့မရဘူး။ ဒါက သူ့မှာ ထုချေရင်ဆိုင်ပိုင်ခွင့် ရှိနေတော့ သူ့အလုပ် သူလုပ်ပေါ့။ သူလုပ်ရမယ့်တာဝန်ကို သူတာဝန်ခံပြီးတော့ လုပ်ရမှာပေါ့” ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

KNU သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာနိုင်ငံအတွင်း အရှည်ကြာဆုံးသော ပြည်တွင်းစစ်အတွင်း ပါဝင်တော်လှန်နေသည့် ကာလတစ်လျှောက်လုံးတွင် အရပ်သား အကာအကွယ်ပေးမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကို လုပ်ဆောင်ခဲ့ပြီး ရှေ့ဆက်ပြီးလည်း စဉ်ဆက်မပြတ် ရပ်တည် လုပ်ဆောင်မည်ဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်သည်။

KNU ၏ ယခုအစည်းအဝေးတွင် ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ တင်သွင်းသည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပိုမိုခိုင်မာလာစေရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာအပေါ် အပြန်အလှန် အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

KNU ၏ ဌာနဆိုင်ရာ လုပ်ငန်းအစီရင်ခံစာများ၊ ခရိုင်အသီးသီးတို့၏ အစီရင်ခံစာများ၊ လုပ်ငန်းကော်မတီများတို့၏ အစီရင်ခံစာများနှင့် KNU ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များလည်း ချမှတ်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။