စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပူးပေါင်းမည့်အစီအစဉ် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေး

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပူးပေါင်းမည့်အစီအစဉ် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေး
Published 22 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း



စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်းမည့်အစီအစဉ်ကို NLD ပါတီဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေး ကိစ္စနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနနှင့် စီမံ/ဘဏ္ဍာဝန်ကြီးဌာန ပေါင်းစည်းမည့် အစီအစဉ်ကို ထောက်ခံကြိုဆိုကြောင်း လွှတ်တော်၌ ဆွေးနွေးရာတွင် NLD ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။

စက်မှုဝန်ကြီးဌာနက တိုက်ရိုက်ကြီးကြပ်သည့် နိုင်ငံပိုင်စက်ရုံ ၅၇ ရုံကို လေ့လာကြည့်ရာတွင်လည်း စက်ရုံလေးရုံသာ အမြတ်နှင့် လည်ပတ်နေသည်ကို တွေ့ရမှာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒါတွေကို ကြည့်လို့ရှိရင် ကျွန်မတို့အနေနဲ့ စက်မှုဝန်ကြီးဌာနအောက်မှာရှိတဲ့ နိုင်ငံပိုင်စက်ရုံတွေကို စျေးကွက်စီးပွားရေးစနစ်နဲ့အညီ ပုဂ္ဂလိကကဏ္ဍကို စနစ်တကျ ကူးပြောင်းနိုင်ရေးဟာ ရေရှည်မျှော်တွေးပြီးတော့ မဖြစ်မနေ ထိထိရောက်ရောက် ဆောင်ရွက်ရတော့မယ်ဆိုတာ အထူးပြောစရာမလိုတဲ့အတွက် ကျွန်မအနေနဲ့ ဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းဆောင်ရွက်မှာကို လေးလေးနက်နက် ကြိုဆိုထောက်ခံနေခြင်းပဲ ဖြစ်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

အသွင်ကူးပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနတစ်ခုတည်းအောက်တွင် တစုတစည်းတည်း ဆောင်ရွက်မယ်ဆိုပါက ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဦးဆောင်သည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနိုင်မည့် အစိုးရအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာရန်အတွက် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများကိုပေါင်းစပ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်လျက်ရှိခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်မှ သဘောတူပေးရန် တင်ပြထားခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ထီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦးက ပြောကြားသည်။

“စက်မှုဝန်ကြီးဌာနရဲ့မူဝါဒထဲမှာလည်းပဲ နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံတွေကို အောင်မြင်မှုရရှိရန်အတွက် ပုဂ္ဂလိက အခန်းကဏ္ဍကို အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ပိုမိုမြှင့်တင်နိုင်ဖို့၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဆောင်ရွက်မယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ အထက်က တင်ပြခဲ့တဲ့ အချက်တွေအပြင် အခြားဆက်စပ်တဲ့ လုပ်ငန်းစဉ်တွေ ရှိနေပြီးသားလည်း တွေ့ရှိရပါတယ်။ နောက်တစ်ခု တင်ပြလိုတာကတော့ ဝန်ကြီးဌာနနှစ်ခုရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်တဲ့နေရာမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာလည်း အရင်ကဆိုရင် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းခဲ့တာတွေ တွေ့ရသလို ယခုစက်မှုဝန်ကြီးဌာနအနေနဲ့လည်း ယခင်က စက်မှု (၁)၊ စက်မှု (၂) ဆိုပြီး ခွဲခြားပြီး ဆောင်ရွက်ခဲ့တာတွေ တွေ့ရပါတယ်” ဟု ဦးမြတ်လေးဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးက တင်ပြသည့် ဝန်ကြီးဌာနနှစ်ခုကို ပေါင်းစပ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း၍ မူဝါဒကောင်းကောင်းနှင့် အကောင်းဆုံးရည်မှန်းချက်များ၊ အမှန်ကန်ဆုံး လုပ်ငန်းစဉ်များကို ပြန်လည်ရေးဆွဲပြီး မဟာဗျူဟာ နည်းဗျူဟာကောင်းကောင်းဖြင့် မြန်မာ့စက်မှုကဏ္ဍကို ပြန်လည်ဆောင်ရွက်မည်ဆိုပါက ခေတ်အဆက်ဆက်က စီမံအုပ်ချုပ်မှု အလွဲအမှားများနှင့် နိုင်ငံအကျိုးကို မကြည့်ဘဲ လူတစ်စုကောင်းစားရေးအတွက်သာ အလေးထား ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့ရသည့် မြန်မာ့စက်မှုကဏ္ဍကို ပြန်လည်မြှင့်တင်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး NLD ပါတီဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးကြသော်လည်း အခြားပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။