အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးစီး ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးစီး ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်
နိုဝင်ဘာ ၂ ရက်က ပြုလုပ်သော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
နိုဝင်ဘာ ၂ ရက်က ပြုလုပ်သော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Published 21 November 2019
ပြည့်ဖြိုးအောင်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးစီး ဆောင်ရွက်မည်ဖြစ်‌ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုခဲ့ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ကြောင်း ပါရှိသည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများအား ငှားရမ်းထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့်အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဦးဆောင်သွားရောက်ရန်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂယန္တရားများနှင့် OIC ၏ ကျောထောက်နောက်ခံဖြင့် လှုပ်ရှားနေသည့် လူ့အခွင့်အရေးသမားများက နိုင်ငံတကာတွင် မြန်မာနိုင်ငံကို ပုံမှန်ဖိအားပေးနေသည့်အချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်၌ ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံ ပြုမှုဆက်ဆံပုံနှင့်ပတ်သက်၍ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ကုလသမဂ္ဂ၏ တရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (international Court of Justice-ICJ) တွင် နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ်မ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ  The Hague ရှိ ICJ တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ထိုသို့အမှုဖွင့်ရခြင်း၏ အဓိကစွပ်စွဲချက်သည် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများနှင့်ပတ်သက်၍ တပ်မတော်၏ ဆောင်ရွက်ချက်မှာ ၁၉၄၈ ကုလသမဂ္ဂ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်အား ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲထားမှုအား ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးရှေ့မှောက်၌ ဒီဇင်ဘာလအတွင်း ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂခုံရုံးက နိုဝင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများအပေါ် တပ်မတော်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗြိတန်အခြေစိုက် ဘင်္ဂါလီအဖွဲ့အစည်းများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဦးထင်ကျော်တို့ကို နိုဝင်ဘာ ၁၃ ရက်တွင် အာဂျင်တီးနားနိုင်ငံ၌ အမှုဖွင့်ခဲ့ကြောင်း သိရသည်။