ကုလသမဂ္ဂ၏  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှုကို ဒီဇင်ဘာလအတွင်း ကြားနာစစ်ဆေးမည်

ကုလသမဂ္ဂ၏  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှုကို ဒီဇင်ဘာလအတွင်း ကြားနာစစ်ဆေးမည်
Published 19 November 2019
Ref: AFP

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲထားမှုအား ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးရှေ့မှောက်၌ ဒီဇင်ဘာလအတွင်း ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂခုံရုံးက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

မွတ်စလင်အများစု နေထိုင်သည့် အာဖရိကနိုင်ငံငယ်ကလေးဖြစ်သော ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အား ဘင်္ဂါလီများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အရေးပေါ်တရားရုံးအမိန့်စာတစ်ရပ် ထုတ်ပေးရန် တောင်းဆိုမည်ဖြစ်ပြီး အမှု၏  ပိုမိုကျယ်ပြန့်သည့်အပိုင်းကို ကိုင်တွယ်မည်လား ဟူသည်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ရပ် ချရန်ကိုမူ ဆိုင်းငံ့ထားဆဲဖြစ်သည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူနည်းစုကို ပစ်မှတ်ထားလျက် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခြင်းမှတစ်ဆင့် ကုလသမဂ္ဂ၏ ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည်။

ICJ သည် အဆိုပါအမှုကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း လူသိရှင်ကြား ကြားနာစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။

ကြားနာစစ်ဆေးမှုများသည် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့် အကြိုအချက်အ လက်များနှင့်ပတ်သက်သော ညွှန်ပြချက်များနှင့်ပတ်သက်၍ တောင်းဆိုမှုအပေါ် အဓိက ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်သည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ကိုယ်စား အမှုဖွင့်ခြင်းဖြစ်သည်ဟု ဂမ်ဘီယာနိုင်ငံက ပြောကြားခဲ့သည်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဟု ပြောကြားခဲ့ကြသော ၂၀၁၇ ခုနှစ် စစ်ဆင်ရေးအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂါလီမွတ်စလင် ၇၄၀,၀၀၀ သည် ဘင်္ဂ လားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်လျက်ရှိသည်။

ဂမ်ဘီယာ၏ရှေ့နေများက ဘင်္ဂါလီမွတ်စလင်များ နောက်ထပ်ထိခိုက်မှုမရှိစေရေးကို ကာကွယ်ရန် ICJ အနေဖြင့် အရေးပေါ် ကာကွယ်မှုများ ချက်ချင်းကြေညာပေးရန် လိုလားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုအမှုသည် ဘင်္ဂါလီမွတ်စလင်များ အပေါ် ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ် စွဲထားမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တရားစီရင်မှုပြုလုပ်ရန် နိုင်ငံတကာက  ပထမဆုံးအဖြစ် ဥပဒေကြောင်းအရ ကြိုးပမ်းမှုလည်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုများကို ဖြေရှင်းရန် ICJ ကို ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၆ ခုနှစ်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။

စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ၂၀၀၂ ခုနှစ်တွင် ထူထောင်ထားခဲ့သည့် နောက်ထပ် သည်ဟိဂ်မြို့အခြေစိုက် တရားရုံးတစ်ရုံးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကလည်း ဘင်္ဂါလီမွတ်စလင်များအပေါ် နှိပ်ကွပ်မှုနှင့်ပတ်သက်၍ အပြည့်အဝ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ရန် နိုဝင် ဘာ ၁၄ ရက်တွင် တရားစွဲဆိုရေးအဖွဲ့ အကြီးအကဲကို အာဏာအပ်နှင်းခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များကလည်း ဘင်္ဂါလီမွတ်စလင်အရေးနှင့်ပတ်သက်၍ အာဂျင်တီးနားနိုင်ငံ၌ တရားစွဲဆိုမှုပြုလုပ်ထားရာ တရားစွဲဆိုခံရသူများစာရင်း$ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအိုင်ကွန်ဟောင်း ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။

စစ်သွေးကြွများကို နှိမ်နင်းရန် လိုအပ်ချက်အရ ပြုလုပ်ရခြင်းဖြစ်ပြီး ဘင်္ဂါလီမွတ်စလင်များကို နှိမ်နင်းခဲ့ခြင်းမရှိဟု မြန်မာနိုင်ငံက အထပ်ထပ် ကာကွယ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ICJ အမှုနှင့်ပတ်သက်၍ တုံ့ပြန်ခဲ့ခြင်းမရှိသော်လည်း ICC ၏ စုံစမ်း စစ်ဆေးမှုမှာမူ နိုင်ငံတကာဥပဒေများ နှင့် ကိုက်ညီခြင်းမရှိဟု လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပြောကြားခဲ့သည်။

ICC ကမူ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ICC အဖွဲ့ဝင် ဖြစ်သည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်သို့သာ သက်ရောက်သည့် ရာဇဝတ်မှုများဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ကိုင် တွယ်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

 

 

Most Read

Most Recent