AA နှင့်ပတ်သက်သည့် အရေးကြီးအဆိုသည် လွှတ်တော်ထဲ၌ ဆွေးနွေးသင့်သည့်အဆိုမဟုတ်ဘဲ ပြဿနာများကို လွှတ်တော်ထဲတင်၍ နိုင်ငံရေးအမြတ်ထုတ်သည့်ပုံစံဆိုပါက ပို၍အမုန်းတရားများ ကြီးလာရန်သာရှိကြောင်း ANP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

AA နှင့်ပတ်သက်သည့် အရေးကြီးအဆိုသည် လွှတ်တော်ထဲ၌ ဆွေးနွေးသင့်သည့်အဆိုမဟုတ်ဘဲ ပြဿနာများကို လွှတ်တော်ထဲတင်၍ နိုင်ငံရေးအမြတ်ထုတ်သည့်ပုံစံဆိုပါက ပို၍အမုန်းတရားများ ကြီးလာရန်သာရှိကြောင်း ANP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 19 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းသည့် AA နှင့်ပတ်သက်သော အရေးကြီးအဆိုသည် လွှတ်တော်ထဲတွင် ဆွေးနွေးသင့်သည့် အဆိုမဟုတ်ဘဲ ပြဿနာများကို လွှတ်တော်ထဲတင်၍ နိုင်ငံရေးအမြတ်ထုတ်သည့်ပုံစံဆိုပါက ပို၍အမုန်းတရားများ ကြီးလာရန်သာရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မြောက်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းသည့် အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးမှုအပေါ် ၎င်း၏အမြင်ကို သတင်းထောက်များက မေးမြန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက အထက်ပါကဲ့သို့ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော်ထဲမှာ ဆွေးနွေးသင့်တဲ့အဆိုလည်း မဟုတ်ဘူး။ မြန်မာ့လူ့အဖွဲ့အစည်း အပြောင်းအလဲမှာ အင်မတန်ကြီးမားတဲ့ ရှင်းလင်းရမယ့် ပြဿနာကြီးလည်း မဟုတ်ဘူး။ ဒီအဆိုကို သဘောထားမှတ်ချက်ယူပြီး အတည်ပြုလိုက်လဲရတယ်။ ဆွေးနွေးဖို့ခေါ်တာကိုတော့ ကျွန်တော်တို့ မကြိုက်ဘူး။ အဓိကကတော့ စစ်ပွဲပြဿနာပဲ။ စစ်ပွဲမှာ ပထမဆုံးကျဆုံးတာကတော့ အမှန်တရားပဲ။ ဒီလူပုဂ္ဂိုလ်တစ်ယောက်ပေါ့။ အမတ်ဆိုလည်း အမတ်ပေါ့။ တပ်မတော်သား၊ တပ်ရင်းမှူးတွေလည်း ကျတယ်။ အရပ်က အပြစ်မဲ့ပြည်သူတွေလည်းကျတယ်။ သူပုန်တွေလည်း ကျတယ်။ ကလေးတွေလည်း မိဘမဲ့ ဖြစ်တယ်။ မုဆိုးမတွေ ဖြစ်တယ်။ အဲဒီလောက် ဝမ်းနည်းစရာတွေ ဖြစ်နေတဲ့အခါမှာ ပြဿနာအရင်းအမြစ်ကိုပဲ ရှင်းဖို့လိုတယ်။ ဒီပြဿနာတွေကို လွှတ်တော်ထဲတင်ပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့ပုံစံဆိုရင်တော့ ပိုပြီးအမုန်းတရားတွေ ကြီးပွားလာဖို့ပဲရှိတယ်” ဟု ဦးဦးလှစောက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် တပ်မတော်ဘက်က ကျဆုံးမှုများကို စိတ်မကောင်းကြောင်းနှင့် ရခိုင်အမျိုးသမီးများ လင်သေ၊ ကလေးငယ်များ သေပါကလည်း စိတ်မကောင်းကြောင်း ဦးဦးလှစောက ပြောကြားသည်။

ဦးဦးလှစောက “အဲဒီတော့ ဒီဟာကြီးက နိုင်ငံရေးအရ ဖြေရှင်းရမယ့်ကိစ္စကြီးပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာဗျာ။ နိုင်ငံတော်ကို အများကြီးဖိအားတွေပေးနေတယ်။ အခုဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေရော၊ ဒီမိုကရေစီ ခေါင်းဆောင်တွေရော၊ သမ္မတဟောင်းတွေရော၊ သမ္မတအသစ်တွေရော အကုန်လုံးညီညီညွတ်ညွှတ် ဖြစ်ရမယ့်အချိန်မှာ လူတစ်ယောက်ရဲ့ မတော်တဆ၊ စစ်ပွဲကာလမှာ ဖြစ်တတ်တဲ့ သဘောသဘာဝရှိတဲ့ဟာလေးတစ်ခုကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးတယ်ဆိုတာ ကျွန်တော်တို့ မကြိုက်ဘူး” ဟု ပြောကြားသည်။

ဆက်လက်၍ “ဒါမျိုးတွေကိုလုပ်မယ့်အစား အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ထဲမှာ ဘယ်လိုဖြေရှင်းကြမလဲ။ အမုန်းတရားကို ဘယ်လိုတားအောင်လုပ်ရမလဲဆိုတာပဲ ကျွန်တော်တို့ အဖြေရှာသင့်တယ်။ အဲဒီအဖြေကို လွှတ်တော်ထဲမှာ သူတင်ကိုယ်တင် ဆွေးနွေးလို့တော့မထွက်ဘူး။ ပိုပြီးအမုန်းတရားပွားရုံပဲရှိမယ်။ အဲဒါကြောင့် ဒါကို နိုင်ငံရေးအားဖြင့် ကျွန်တော်တို့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး” ဟု ဦးဦးလှစောက ပြောကြားသည်။

အထက်ပါအဆိုမျိုးသည် လွှတ်တော်ကို မတင်သင့်ဟုမြင်ပြီး တစ်ဦးတစ်ယောက်ကို အသားပေးပြီး တင်သလိုလည်းဖြစ်နေကြောင်း၊ အဓိကမြေပြင်အခြေအနေအရ ဆိုပါက နှစ်ဦးနှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ ဖမ်းဆီးခံထားရခြင်းနှင့် သေဆုံခြင်းများ၊ တရားဥပဒေအရ တရားစွဲဆိုထားခြင်း ပျောက်ဆုံးနေခြင်းများရှိကြောင်း ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

Most Read

Most Recent