မြောက်ပိုင်းလေးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသလား၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို အမှန်တကယ် လျှောက်မည်လား ဆိုသည့်အချက် သေချာပါက ငြိမ်းချမ်းရေးကို ဆက်သွားနိုင်မည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြောက်ပိုင်းလေးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသလား၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို အမှန်တကယ် လျှောက်မည်လား ဆိုသည့်အချက် သေချာပါက ငြိမ်းချမ်းရေးကို ဆက်သွားနိုင်မည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 16 November 2019
နေရိုင်း၊ဇေယျာထွန်း

မြောက်ပိုင်းလေးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသလား၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို အမှန်တကယ် လျှောက်မည်လားဆိုသည့်အချက် သေချာပါက ငြိမ်းချမ်းရေးကို ဆက်သွားနိုင်မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုဝင်ဘာ ၁၅ ရက်က နိုင်ငံတော်သမ္မတ အိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ အိမ်တော်သတင်းထောက်များနှင့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦး၏ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ မတွေ့ဆုံနိုင်ခြင်းသည် တွေ့ဆုံရန် နေရာအခက်အခဲအပြင် အခြားအခက်အခဲများကြောင့်လားဟု မေးမြန်းချက်နှင့် ပတ်သက်ပြီး ဦးဇော်ဌေးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းလေးဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံမှုများရှိကြောင်း၊ ၎င်းတို့ဘက်မှ အဆိုပြုချက်များနှင့် ညှိနှိုင်းမှုများရှိကြောင်း၊ လက်ရှိတွင် အစိုးရဘက်မှ ဆောင်ရွက်နေသည့် အချက်နှစ်ချက်ရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ နံပါတ်တစ်ကတော့ ဒီလေးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသလား။ အမှန်တကယ် ငြိမ်းချမ်းရေးလမ်းကို လျှောက်မှာလား။ ဒီဟာ သေချာဖို့။နံပါတ်နှစ်ကတော့ Bilateral Agreement Ceasefire က အခုတွေ့ပြီးရင် အခုညှိလို့ရတယ်။ အခုထိုးလို့ရတယ်။ သို့သော် ဒါထိုးပြီးရင် နောက်တစ်ဆင့် ဘာသွားမှာလဲ။ ဒီ Process က သူ့ဘက်ကိုယ့်ဘက် ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုတယ်။ အဲဒီလိုရှင်းလင်းမှ ဒါထိုးပြီးသွားရင် နောက်တစ်ဆင့် ဆက်သွားလို့ရမယ်။ ဆက်သွားလို့မရဘဲ ရပ်နေလို့တော့ မရဘူး။ ဒီ Bilateral နဲ့ တင်ရပ်နေလို့မရဘူး။ အဲဒါကို ကျွန်တော်တို့ သေချာအောင် လုပ်နေတယ်။ အဲဒါကြောင့်မို့ ပြီးခဲ့တဲ့ ကျိုင်းတုံဆွေးနွေးပွဲမှာ သဘောတူခဲ့တာက အောက်တိုဘာလအတွင်းမှာ ပြန်တွေ့မယ်လို့ လုပ်ထားတယ်။ သို့သော် ကျွန်တော်တို့ ပြန်မတွေ့ဘူး။ ဒီကာလမှာ ဒီလေးဖွဲ့ရဲ့ လှုပ်ရှားမှုတွေ၊ ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ သုံးသပ်ပါတယ်။ လှုပ်ရှားမှုတွေကိုလည်း သုံးသပ်တယ်။ သူတို့ရဲ့ သဘောထားတွေကိုလည်း သုံးသပ်တယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အဖမ်းခံရတဲ့အထိပေါ့ နော်။ ကျွန်တော်တို့ သုံးသပ်ပါတယ်။ သုံးသပ်ပြီးတော့ ဒီအဖွဲ့တွေအတွက် အစောက ပြောတဲ့ မေးခွန်းနှစ်ခု ပေါ်လာတယ်။ ဒီမေးခွန်းနှစ်ခု သေချာပြီဆိုရင်တော့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်သွားမှာ ဖြစ်တယ်” ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

Bilateral Agreement Ceasefire နှင့်ပတ်သက်၍ ကျိုင်းတုံတွင် နှစ်ဖက်သဘောထားကို သိပြီးသားဖြစ်ကြောင်း၊ အစိုးရဘက်မှ လက်မခံနိုင်သည့်အပိုင်းများကို ပွင့်ပွင့်လင်းလင်း ပြောထားသည့်အပြင် မြောက်ပိုင်းအဖွဲ့များဘက်မှလည်း လိုလားချက်များကိုလည်း ပွင့်ပွင့်လင်းလင်း ပြောထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တွင် ပါဝင်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့( AA)နှင့် တအန်းလက်နက်ကိုင်အဖွဲ့(TNLA) တို့ သည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။