တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်း ၉၀ အထက်ရှိသော်လည်း ဝေးလံခက်ခဲနှင့် လုံခြုံရေးအရ ခက်ခဲသောဒေသများတွင် ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းနေ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်း ၉၀ အထက်ရှိသော်လည်း ဝေးလံခက်ခဲနှင့် လုံခြုံရေးအရ ခက်ခဲသောဒေသများတွင် ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းနေ
အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးအစီအစဉ်တွင်  ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကလေးငယ်နှင့် မိသားစုဝင်တစ်ဦးကို တွေ့ရစဉ်
အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကလေးငယ်နှင့် မိသားစုဝင်တစ်ဦးကို တွေ့ရစဉ်
Published 16 November 2019
အိသဥ္ဇာကျော်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်း ၉၀ အထက်တွင် ရှိသော်လည်း ဝေးလံခက်ခဲဒေသနှင့် လုံခြုံရေးအရ ခက်ခဲသောဒေသများတွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းနေဆဲဖြစ်ကြောင်း ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများ ဝယ်ယူရန် အမေရိကန် ဒေါ်လာ ၁၀ သန်း အသုံးပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

“ လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေအတွက် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ တိုက်ကျွေးဖို့ ပြင်နေပါတယ်။ နောက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာတော့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အခု ဘဏ္ဍာနှစ်မှာ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများ ဝယ်ယူဖို့အတွက် အစိုးရက ဒေါ်လာ ၁၀ သန်း အသုံးပြုမှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးတစ်ဦးမျှ မကျန်ရှိစေဘဲ ကာကွယ်ဆေး သာတူညီမျှရှိစေရန် ဆောင်ရွက်မည့်လုပ်ငန်းများတွင် Gavi အဖွဲ့က အကူအညီများ ဆက်လက်ပေးသွားမည် ဖြစ်သည်။

“ လက်ရှိ မြန်မာနိုင်ငံရဲ့ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် Gavi အဖွဲ့က ကာကွယ်ဆေးနဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ဒေါ်လာ ၃၂ သန်းကျော် ထောက်ပံ့ထားပါတယ်။ ဒီပမာဏက တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၇၆ ရာခိုင်နှုန်းအထိ ရှိပါတယ်။  အဲဒီထောက်ပံ့မှုက၂၀၁၇ ခုနှစ် တစ်နှစ်တာအတွင်း ထောက်ပံ့ခဲ့တဲ့ ငွေကြေး ပမာဏဖြစ်ပြီး ဆက်လက်ပြီးတော့၂၀၁၈ က ၂၀၂၁ ခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းတွေနဲ့ အအေးလမ်းကြောင်းဆိုင်ရာ ပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်မယ့် အစီအစဉ်တွေအတွက် Gavi အဖွဲ့က ရန်ပုံငွေတွေ ဆက်လက်ပံ့ပိုးပေးမှာပါ” ဟု ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံ၏ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် Gavi အဖွဲ့က၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ပေးအပ်ထားကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၇ သန်း၊ Gavi နှင့် အစိုးရ ပူးပေါင်းပြီး အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၃ သန်း စုစုပေါင်း ဒေါ်လာ ၅၃ သန်း အသုံးပြုထားကြောင်း သိရသည်။

“ ကျန်းမာရေးဌာနအနေနဲ့ ပုံမှန်အားဖြင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွေကို လစဉ် ဆောင်ရွက်နေတယ်။ အဓိက ဆောင်ရွက်တာကတော့ အခြေခံကျန်းမာရေး ဝန်ထမ်းတွေဖြစ်တဲ့ ကျေးရွာရပ်ကွက်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖွားဆရာမတွေပေါ့။ များသောအားဖြင့် လတစ်လရဲ့ ပထမပတ်မှာ သူတို့လုပ်ငန်း ဆောင်ရွက်ပါတယ်။ ကာကွယ်ဆေးက မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအနေနဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်း၊ တချို့အများဆုံး ၉၀ ရာခိုင်နှုန်းလောက် ရတာမျိုးတွေရှိတော့ ၁၀ နဲ့ ၂၀ ရာခိုင်နှုန်းကြားမှာ နှစ်စဉ်နှစ်စဉ် ကာကွယ်ဆေး မရတာမျိုးတွေ ရှိနေပါတယ်” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဒေါက်တာ ထားထားလင်းက ပြောကြားသည်။