နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ အချက်ကို ဖောက်ဖျက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိိမည်မဟုတ်ဟု အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၂၀ အားပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတိပေးချက် ထုတ်ပြန်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ အချက်ကို ဖောက်ဖျက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိိမည်မဟုတ်ဟု အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၂၀ အားပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတိပေးချက် ထုတ်ပြန်
Published 15 November 2019
ဉာဏ်လင်းထွန်း

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်စဉ်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို စောင့်ထိန်းလိုက်နာမည်ဆိုသည့် ဝန်ခံချက်အား စောင့်ထိန်းရန် ပျက်ကွက်လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ ကို သတိပေးထားကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ပါတီ ၂၀ က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်သည် မမှန်မကန်အထောက်အထားမရှိသည့် သတင်းအချက်အလက်များ ရေးသားဖော်ပြထားသည်ကို တွေ့ရှိရကြောင်းနှင့်  ကော်မရှင်၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက် စေကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အထက်ပါအချက်ကို ထည့်သွင်းသတိပေးခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများအနေဖြင့် ပါတီမှတ်ပုံတင်စဉ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ (ဃ) တွင် ပါရှိသည့် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေ နိုင်သည့် ရေးသားမှုမျိုး မပြုလုပ်ရေးဆိုသည့် အချက်ကို ဝန်ခံကတိပြုထားပြီးဖြစ်ပြီး ထိုဝန်ခံချက်ကို ဖောက်ဖျက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်း ကော်မရှင်က ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဂုဏ်သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက် စေသည့် ရေးသားဖော်ပြမှု၊ မမှန်မကန်ရေးသားဖော်ပြမှုများ ထပ်မံဆောင်ရွက်ခြင်းမပြု ရန်နှင့် ဆောင်ရွက်ကြောင်း တွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ကော်မရှင်၏ ပါတီ ၂၀ ကို သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပါတီ ၂၀ ၏ထုတ်ပြန််ချက်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ အခြားပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ၏ အထင်အမြင်လွဲမှားစေနိုင်သည်ကိုလည်း စိစစ်တွေ့ရှိရကြောင်း ကော်မရှင်က ထုတ်ပြန်ချက်က ဆိုသည်။

အမေရိကန်အခြေစိုက်  International Foundation For Electoral System (IFES) မှ မြန်မာနိုင်ငံအတွက် လက်ပ်တော့အလုံး ၁၃၀၀ နှင့် ဆက်စပ်ပစ္စည်းများအတွက် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါသည် တင်ဒါစည်းကမ်း များအတိုင်း လိုက်နာမှုမရှိကာ ပွင့်လင်းမြင်သာမှုလည်း မရှိကြောင်း၊ တင်ဒါခေါ်ယူရခြင်းသည် ရွေးကောက်ပွဲအရာရှိများအား နည်းပညာထောက်ပံ့ပေးရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စေရန်၊ တိုးတက်စေရန်ဟု ဖော်ပြထားကြောင်း ပြည်ခိုင်ဖြိုး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ က နိုဝင်ဘာ ၂ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ယင်းတင်ဒါခေါ်ယူချက်ကို အောက်တိုဘာ ၁၇ ရက်ထုတ် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားပြီး မြန်မာသတင်းစာများတွင် လုံးဝထည့်သွင်းထားခြင်းမရှိကြောင်း ပါတီ ၂၀ က ဆိုသည်။

IFES မှ ထောက်ပံ့ပေးသောပစ္စည်းများကို မြို့နယ်အသီးသီးရှိ ကော်မရှင်အဖွဲ့ ခွဲများသို့ ဖြန့်ခွဲအသုံးပြုမည်ဟု သိရကာ ယင်းသို့ဆောင်ရွက်ခြင်းက ပွင့်လင်းမြင်သာမှုမရှိဘဲ ရစေလိုသောအဖွဲ့အစည်းမှ ပစ္စည်းများ ကို အသုံးပြုရန် ခေါ်ယူသော တင်ဒါဖြစ်ခြင်း ကြောင့်လည်းကောင်း၊ ကွန်ပျူတာတွင် ထည့် သွင်းအသုံးပြုမည့် ခေါင်းစဉ်အကြောင်းအရာ အချက်အလက်များအရလည်းကောင်း လာမည့်ရွေးကောက်ပွဲဖြစ်စဉ်သည် နည်းပညာတစ်ခု၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိပြီး ပြည်ပသံရုံးတစ်ခုခုကလည်းကောင်း၊ အဖွဲ့အ စည်းတစ်ရပ်ကလည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကလည်းကောင်း ရွေးကောက်ပွဲ ရလဒ်ကို ပုံဖော်ခွင့်ရရှိသွားစေနိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၂၀ ၏ ထုတ် ပြန်ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ရှင်းလင်း၍ သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲရလဒ်ကို ပြည်ပနိုင်ငံတစ် ခုခုက သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ဝင် ရောက်စွက်ဖက်ခြယ်လှယ်မည့် အရေးကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ပါတီ ၂၀ ၏ ထုတ်ပြန်ချက်က ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမို ကရက်တစ်ပါတီ (မြန်မာ) အပါအဝင် အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီစသည့် တိုင်းရင်းသားပါတီများလည်း ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

နိုင်ငံတော်ကို မထိခိုက်လျှင် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ထုတ်ဝေပိုင်ခွင့်၊ ကြေညာပိုင်ခွင့်ရှိသည်ဆိုသည့် အခြေခံဥပဒေပါ အခွင့်အရေးနှင့်အညီ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက နိုဝင်ဘာ ၁၄ ရက် ကော်မရှင် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအပြီး မီဒီ ယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။

ကော်မရှင်နှင့်တွေ့ဆုံစဉ် ယင်းအချက် ကို ထပ်မံဆွေးနွေးခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကွန်ပျူတာပစ္စည်းများကို သက်သက်အလှူခံခြင်းသာဖြစ်ပြီး သုံးစွဲမည်မဟုတ်ကြောင်း၊ ယင်းပစ္စည်းများတွင်  Software များလည်း ထည့်သွင်းမည်မဟုတ်ကြောင်း၊ မည်သည့်နိုင်ငံခြားသားမှ ဝင်ရောက်အစွက် ဖက်ခံမည်မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်ဟု ပြည်ခိုင်ဖြိုးဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းက ဆိုသည်။

“ဒီလို ဥက္ကဋ္ဌကိုယ်တိုင်က ကတိပေးသွားတဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ်စောင့် ကြည့်ရမယ့်အနေအထားပေါ့နော်။ ဒါကတော့ မှန်ကန်တယ်လို့ ယူဆပါတယ်။  ဥက္ကဋ္ဌ ကိုယ်တိုင်ပြောသွားတဲ့အတွက်ကြောင့် ဥက္ကဋ္ဌ အနေနဲ့ ဒီဟာကို မှန်မှန်ကန်ကန်လုပ်လိမ့် မယ်လို့ အန်ကယ်တို့အနေနဲ့ ယူဆပါတယ်” ဟု ပြည်ခိုင်ဖြိုးဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြောကြားသည်။   

 

Most Read

Most Recent