စက်မှုဝန်ကြီးဌာနနှင့် စီမံဘဏ္ဍာဝန်ကြီးဌာနကို ပူးပေါင်းဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ

စက်မှုဝန်ကြီးဌာနနှင့် စီမံဘဏ္ဍာဝန်ကြီးဌာနကို ပူးပေါင်းဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ
■ ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်
■ ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်
Published 15 November 2019
စိုးမင်းထိုက်၊အောင်မင်းသိန်း

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတိုကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးကိစ္စနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က တင်ပြခဲ့သည်။

ထိုသို့ဝန်ကြီးဌာနနှစ် ပူးပေါင်းဖွဲ့စည်းခြင်းသည် စက်မှုလက်မှုလုပ်ငန်းများ အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန်ထိရောက်ပြီး ရေရှည် တည်တံ့ခိုင်မြဲသော အသွင်ကူးပြောင်းမှုရလာဒ်များကို ရရှိလာနိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်က လွှတ်တော်၌ပြောကြားသည်။

စက်မှုဝန်ကြီးဌာန၏ လက်ရှိဖွဲ့စည်းပုံသည် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းလေးခုရှိပြီး ဦးစီးဌာနသုံးခုသည် ဝန်ကြီးရုံး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများဖြစ်ကြောင်း၊ လုပ်ငန်းလေးခုသည် အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်းနှင့်မြန်မာ့ဆေးဝါးလုပ်ငန်းတို့ ဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။

“လက်ရှိစက်မှုဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံဟာ နိုင်ငံတော်စက်ရုံ အလုပ်ရုံများကို စီမံကြီးကြပ်လည်ပတ်နိုင်ရေးကို အဓိက ဦးစားပေးထားတဲ့ ဖွဲ့စည်းပုံတစ်ခုဖြစ်တာကို တွေ့ရှိရပါတယ်။ ဗဟိုအုပ်ချုပ်တဲ့ စီးပွားရေးစနစ်အတွက် လိုအပ်တဲ့အုပ်ချုပ်ရေးယန္တရားများနဲ့ စျေးကွက်စီးပွားရေးစနစ်ကိုအကောင်အထည်ဖော်လာခဲ့ရာမှာ အရေးပါတဲ့ လုပ်ငန်းစဉ်များကို ယခုဖွဲ့စည်းပုံမှာ ရောထွေးစွာ ဖွဲ့စည်းထားတာကို တွေ့ရှိရမှာပါတယ်” ဟု ဒုတိယဝန်ကြီးက လွှတ်တော်၌ပြောကြားခဲ့သည်။

လက်ရှိနိုင်ငံတော်၏ စီးပွားရေးစနစ်သည် စျေးကွက်စီးပွားရေးစနစ်ကို ဦးတည်နေသည့်အတွက် ယင်းစနစ်ကို ဖော်ဆောင်နိုင်မည့် စက်မှုကဏ္ဍဆိုင်ရာမူဝါဒများနှင့် ကြီးကြပ်ထိန်းကွပ်မှုများကို ဆောင်ရွက်နိုင်မည့် ဖွဲ့စည်းပုံ အသစ်ကို အသွင်းကူးပြောင်းရေးသည် အလွန်တရာအရေးကြီးလှကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြော ကြားခဲ့သည်။

ဒုတိယဝန်ကြီးက “စက်မှုဝန်ကြီးဌာန လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ စက်မှု လက်မှုလုပ်ငန်းများ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်မှာ အဓိကအားဖြင့် အပိုင်း(၂)ပိုင်း ပါဝင်ပါတယ်။ ပထမ အပိုင်းမှာတော့ စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပုံသေပိုင်ပစ္စည်းများကို ပုဂ္ဂလိကကဏ္ဍသို့ မဟာဗျူဟာ ကျကျနဲ့ စနစ်တကျ လွှဲပြောင်းပေးရန်ဖြစ်ပါတယ်။ ဒုတိယ အပိုင်းကတော့ မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းများနဲ့ SME အခန်းကဏ္ဍကို ထိရောက်စွာ ထိန်းကျောင်းမြှင့်တင်နိုင်စေရန်အတွက် မူဝါဒများချမှတ်ခြင်း၊ ကြီးကြပ် ထိန်းကျောင်းခြင်းများပြုလုပ်ခြင်း၊ လူသားအရင်းအမြစ်များ ပျိုးထောင်ခြင်းလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်တဲ့ဖွဲ့စည်းပုံကို အသွင်ကူးပြောင်းခြင်းဖြစ်ပါတယ်။ ယခုလို အဆိုပြုတဲ့အတိုင်း ပူးပေါင်းဖွဲ့စည်း ခြင်းအားဖြင့် မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းများ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပိုမိုမြန်ဆန်ထိရောက်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော အသွင်ကူးပြောင်းမှုရလာဒ်များကို ရရှိ လာနိုင်မှာဖြစ်ပါတယ်” ဟု လွှတ်တော်၌ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စက်မှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စက်ရုံများကို အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု Public- Private Partnership(PPP) ပုံစံဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းဆောင်ရွက်ခဲ့သည့် စက်ရုံပေါင်း(၅၅)ရုံရှိပြီး လက်ရှိရရှိထားသော သတင်းအချက်အလက်များအရ လုပ်ငန်းရပ်ဆိုင်းထားရသည့် စက်ရုံများ၊ စာချုပ်ဖျက်သိမ်းရန်တင်ပြထားသည့်စက်ရုံများ၊ စာချုပ်အတိုင်းအကောင်အထည်မဖော်နိုင်သည့်စက် ရုံများနှင့် အရှုံးဖြင့်လုပ်ငန်းလည်ပတ်နေသည့်စက်ရုံများ၏အရေအတွက်သည် အမြတ်ရရပြီးလုပ်ငန်းလည်ပတ် နေသည့် စက်ရုံအရေအတွက်ထက်ပိုမိုများပြားနေကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ပြောကြားသည်။

“စက်မှုဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှုလက်အောက်မှာရှိတဲ့နိုင်ငံပိုင် စက်ရုံ (၅၇) ရုံအနက် စက်ရုံ(၄)ရုံတွင် သာလျှင် အမြတ်ဖြင့် လုပ်ငန်းလည်ပတ်နေကြတာကိုတွေ့ရှိရမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ နိုင်ငံတော်၏ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးကိုအကျိုးပြုနိုင်ရန် အဆိုပါစက်ရုံများကို ပုဂ္ဂလိက အသွင်သို့စနစ်တကျ ကူးပြောင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ထိုသို့ကူးပြောင်းရာမှာအစုရှယ်ယာများ၊ ပိုင်ဆိုင်မှုများ၊ PPP စာချုပ်များကို စီမံခန့်ခွဲနိုင်ရန်နှင့် ဘဏ္ဍာငွေယိုစီးမှုများနည်းပါးစေရန်အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုများကို ယခုပူးပေါင်းဖွဲ့စည်းမည့် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပါက ပိုမိုမြန်ဆန်ထိရောက်မည် ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေအနေအရ မြန်မာနိုင်ငံအတွက် Strategic Economic Planning များကို ရေးဆွဲ အကောင် အထည်ဖော်လျက်ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေများကို စနစ်တကျစီမံခန့်ခွဲလျက်ရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနကို ပူးပေါင်း၍ ဖွဲ့စည်းရန် အသင့်လျော်ဆုံးဖြစ်ပါကြောင်း၊ စက်မှုလက်မှု လုပ်ငန်းများအား အသွင်ကူးပြောင်းရာတွင် အဓိကလိုအပ်သော ဘဏ္ဍာရေးနှင့် စီမံကိန်းဆိုင်ရာစီမံခန့်ခွဲရေး၊ ပုဂ္ဂလိကအသွင်ကူးပြောင်းရေးနှင့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို တာဝန် ယူထားသော ဌာန/အဖွဲ့အစည်းများသည်လည်း စီမံကိန်းနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်အောက်တွင် တည်ရှိကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံပိုင်မြေများနှင့် စက်ရုံအလုပ်ရုံများ စသည့် ပုံသေပိုင်ပစ္စည်းများကို အသွင်ကူးပြောင်းရေးနှင့် PPP စာချုပ်စာတမ်းများ စီမံခန့်ခွဲရေးတွင်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ PPP Center သည် အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်ရမှာ ဖြစ်ခြင်းကြောင့် ဝန်ကြီးဌာနတစ်ခုတည်းအောက်တွင် တည်ရှိကြပါက စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနများသည် စက်မှုစီမံကိန်း၊ကြီးကြပ်ခြင်းနှင့်စောင့်ကြည့်အကဲဖြတ်များအပြင်ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာစေရန်အတွက်လည်း များစွာကူညီပံ့ပိုးပေးနိုင်မည် ဖြစ် ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးဖြစ်နေသည့်အတွက် အထက်ပါကဲ့သို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအားဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို ဝန်ကြီးဌာနတစ်ခုတည်းအောက်တွင် တစ်စုတစ်စည်းတည်း ဖြစ်စေသဖြင့် စီမံခန့်ခွဲရေး နှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာထိရောက် မြန်ဆန်စေမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ တင်ပြခဲ့သည်။

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန အဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း အစီအစဉ်ကို အောက်တိုဘာ ၂၀ ရက်တွင် ဆောင်ရွက်ရန်လျာထားပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အနေဖြင့် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီနောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

 

   

 

 

Most Read

Most Recent