ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 14 November 2019

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် မဲစာရင်း မကောက်ယူနိုင်သေးသော်လည်း ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ထားပြီး အစီအစဉ်လည်းရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ  Grand Amara Hotel ၌ ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ယနေ့ထက်ထိ အဲဒီလိုပဲ ဆုံးဖြတ်ထားပါတယ်။ မဲဆန္ဒနယ်တိုင်းကို ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ဆောင်ရွက်သွားမယ်လို့ အစီအစဉ်ရှိပါတယ်။ အကုန်လုံး မြို့နယ်တိုင်းကိုနော်။ မြို့နယ်တိုင်းကို ကျင်းပဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ အစီအစဉ်ရှိပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

 ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မေလတွင် ကျင်းပဖွယ်ရှိကြောင်း သတင်းအချို့ ထွက်ပေါ်မှုအပေါ် မဟုတ်မှန်ကြောင်းနှင့် ကျင်းပမည့် ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယင်းနှစ်၏ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟုသာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။

ရခိုင်ပြည်နယ်တွင်း ၁၇ မြို့နယ်ရှိရာ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များ အပါအဝင် မြို့နယ် ကိုးခုထက်မနည်းတွင် တပ်မတော်နှင့် AA အဖွဲ့ တိုက်ပွဲဖြစ်ပွားမှုများရှိပြီး မြို့နယ်အချို့တွင် ညမထွက်ရအမိန့် (ပုဒ်မ - ၁၄၄) ထုတ်ပြန်ထားဆဲ ဖြစ်သည်။ 

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် နှစ်ဖက်သော လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကို အမှန်တယ် လိုလားခြင်း ရှိ၊ မရှိနှင့် နှစ်ဖက် အဖွဲ့အစည်းများ၏ ဆွေးနွေးညှိနှိုင်းမှုများအပေါ် များစွာ မူတည်မည်ဟု ထင်မြင်ကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောကြားသည်။

“ရွေးကောက်ပွဲ မကျင်းပနိုင်ရင် နိုင်ငံရေးပါတီတွေထက် အဓိက နစ်နာဆုံးရှုံးမှာ ပြည်သူလူထုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူရဲ့ အဖက်ဖက်က လိုအပ်နေတဲ့ နစ်နာမှုတွေ၊ ဖိနှိပ်ခံရမှုတွေ၊ မလွတ်လပ်မှုတွေ၊ လိုအင်ဆန္ဒတွေကို ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်ကမှပဲ လွှတ်တော်ဆိုတဲ့ နိုင်ငံရေးစင်မြင့်မှာ နိုင်ငံသိ၊ ကမ္ဘာသိ ပြောနိုင်တဲ့ အခွင့်အရေးရှိတယ်။ အဲဒီတော့ ရွေးကောက်ပွဲ မရှိလို့ ပြည်သူ့ကိုယ်စားလှယ်ကို မတင်မြှောက်နိုင်ဘူး။ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် အဓိက နစ်နာမှာ ပြည်သူပဲ”ဟု ၎င်းက ပြောကြားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မြို့နယ်အများအပြား အပါအဝင် ကချင်၊ ကရင်၊ မွန် စသည့် ပြည်နယ်များတွင် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent