အစိုးရ ဌာနဆိုင်ရာများအနေဖြင့် ဥပဒေများနှင့် လုပ်ပိုင်ခွင့်များ ကျော်လွန်ပြီး လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးသပ်ဆွေးနွေး

အစိုးရ ဌာနဆိုင်ရာများအနေဖြင့် ဥပဒေများနှင့် လုပ်ပိုင်ခွင့်များ ကျော်လွန်ပြီး လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးသပ်ဆွေးနွေး
Published 14 November 2019

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို  ကြည့်မည်ဆိုလျှင် လုပ်ပိုင်ခွင့်အာဏာ ရှိကြသည့် အစိုးရဌာနဆိုင်ရာများအနေဖြင့်  ဥပဒေများနှင့် လုပ်ပိုင်ခွင့်များ ကျော်လွန်ပြီး  လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ  လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ALP) ၏ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က သုံးသပ် ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၉ ဇန်နဝါရီမှ  စက်တင်ဘာ ၂၄ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးမြင့်နိုင်က အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဥပဒေနဲ့အညီ ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်နိုင်ခဲ့တာ အခုဆိုရင် ငါးနှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ငါးနှစ်အတွင်းမှာ ကော်မရှင်အနေဖြင့် ဘယ်လောက်ကြီး ဆောင်ရွက်နိုင်ခဲ့ပြီလဲ။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ သိရှိနားလည်ကြပြီ။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဘယ်လောက်အထိ လျော့ချနိုင်ပြီလဲ ဆိုတာကို သုံးသပ်ကြည့်ရန် လိုအပ်မယ်လို့ မြင်မိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများကတော့ လုပ်ပိုင်ခွင့်အာဏာရှိကြတဲ့ အစိုးရဌာနဆိုင်ရာများ၊ ဥပဒေများကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့်များ ကျော်လွန်ပြီး လုပ်ဆောင်ခြင်းများကြောင့် ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ပြည်သူတွေရဲ့ မူလရပိုင်ခွင့်တွေ မရရှိကြခြင်း၊ အစိုးရအနေနဲ့ ရရှိအောင် မဖန်တီးနိုင်ခြင်းများကြောင့် ဖြစ်နေရခြင်း ဖြစ်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာကို ကြည့်ပါက ပြည်သူများ၏ တိုင်ကြားစာအများစုသည် ဌာနဆိုင်ရာဝ န်ကြီးဌာနများနှင့် ပတ်သက်၍ တိုင်ကြားသည့် တိုင်ကြားစာများ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြည်သူတွေရဲ့ တိုင်ကြားစာအများစုတွေဟာ ဌာနဆိုင်ရာ၊ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေပဲ များနေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူ့အခွင့်အရေး အများအပြားကျူးလွန်တဲ့ ဝန်ကြီးဌာနများကို ပညာပေးနှိုးဆော်မှုများ၊ ပြည်သူတွေအပေါ် စာနာလာနိုင်ပြီး ပိုမိုဆောင်ရွက်လာနိုင်စေရေး၊ ပိုမိုဆောင်ရွက် ပေးသင့်ပါကြောင်း အကြံပြုလိုပါတယ်”ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ဆက်လက်၍ ဦးမြင့်နိုင်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်များနဲ့အညီ ပြည်သူတွေ အပြည့်အဝရရှိလာနိုင်ရေး အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံအပေါ် ကမ္ဘာ့စာမျက်နှာပေါ်မှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုများ ကျယ်လောင်စွာ ကြားနေသည်မှာလည်း အမြင်ပင်ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ပတ်သက်တဲ့ကိစ္စများ ပိုမိုများပြားလာနိုင်ပါတယ်။ လက်ရှိလည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ အမှန်တကယ် ရှိနေသည်မှာလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ မိမိမဲဆန္ဒနယ်မြေအတွင်း ကွင်းဆင်းလိုက်သည်နှင့် သိမြင်နေရပါတယ်။ ကော်မရှင်၏ အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ ကိစ္စတစ်ခုပဲ ပါလာတာ တွေ့ရပါတယ်။ ကျန်အချက်ပေါင်းများစွာ ရှိနေပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိသည့် ဖြစ်စဉ်များ အများအပြားရှိပြီး ဖမ်းဆီးထိန်းသိမ်းမှုများ၊ စစ်ဆေးမှုများ ပြုလုပ်သည့်အချိန်အတွင်း သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်းရှိကြောင်း ဦးမြင့်နိုင်က ထည့်သွင်းပြောကြားသည်။

လူ့အခွင့်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်မှုများ မရှိစေရေးအတွက် ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်နိုင်သည့် ကော်မရှင်အဖြစ် ဆောင်ရွက်နိုင်ရေးနှင့် လွှတ်လပ်သည့် ကော်မရှင်တစ်ရပ်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးသင့်ကြောင်း ဦးမြင့်နိုင်က တိုက်တွန်း ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent