ပုသိမ်မြို့ရှိ ရွှေမြင်တင် အထက်တန်းကျောင်းမှ ဘုံကထိန် ငွေပဒေသာပင် ကျပ် ၂၄ သိန်းခန့် ဖောက်ထွင်းခိုးယူခံရ

ပုသိမ်မြို့ရှိ ရွှေမြင်တင် အထက်တန်းကျောင်းမှ ဘုံကထိန် ငွေပဒေသာပင် ကျပ် ၂၄ သိန်းခန့် ဖောက်ထွင်းခိုးယူခံရ
Published 8 November 2019
■ နီလာစိုး(ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာအုပ်စု ရွှေမြင်တင်ကျေးရွာရှိ အထက်တန်းကျောင်းမှ ဘုံကထိန်ငွေပဒေသာပင် သီထားသောပိုက်ဆံ ၂၃၆၉၀၀၀ ကျပ်အားနိုဝင်ဘာ ၈ ရက်နေ့ နံနက် ၂ နာရီခန့်က  ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း သိရသည်။

ရွှေမြင်တင်ကျေးရွာအတွင်းရှိ နိဂြောဓာ  ဘုန်းတော်ကြီးတော်ကြီးကျောင်းတွင် ဘုံကထိန်ခင်းရန် ကျောင်းသူကျောင်းသား လှူဒါန်းငွေများ၊ကျေးရွာအတွင်း လှည့်လည်အလှူခံငွေများကို ပဒေသာပင်များသီးကာ ရွှေမြင်တင်အထက်တန်းကျောင်း ပင်မဆောင်၏ အောက်တွင်ထားရှိစဉ် သံဇကာအား ဖြတ်တောက်ဝင်ရောက်ကာ ငွေသားများဖြုတ်ခိုးခံရခြင်းဖြစ်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။

"နှစ်တိုင်းလဲထားနေကြ တစ်ဖက်က သံဇကာ သောခတ်ထားတယ် တစ်ဖက်က သံပန်းတံခါး တပ်ထားတယ် ။ ညဘက်သိသိချင်း အုပ်ချုပ်ရေးမှူးတို့ ဘာတို့အကြောင်းကြားပြီး အုပ်ချုပ်ရေးမှူကနေ ရဲတွေကို အကြောင်းကြားခဲ့တာပါ"ဟု ရွှေမြင်တင် အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဟန်ကပြောသည်။

သီးသန့်လှူဒါန်းရန် ကျန်ရှိ အလှူငွေ များကို ငွေပဒေသာပင် များထပ်မံသီးကာ နိုဝင်ဘာ ၈ရက် နံနက်ပိုင်းတွင် ဘုံကထိန်းခင်းခဲ့ရကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ကျောင်းအုပ်ဆရာမကြီးမှ အမှုဖွင့်ခြင်း မရှိသောကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် ပုသိမ်မြို့ရဲစခန်းစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ခင်မှ ဦးစီး စုံစမ်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent