FDI ပြန်လည်မြင့်တက်ရေးတွင် ထိုးနှက်ချက် ဖြစ်လာနိုင်တဲ့ ဝန်ကြီးများရုံးမှ သုံးကြိမ်မြောက် အငြင်းပွားမှု

FDI ပြန်လည်မြင့်တက်ရေးတွင် ထိုးနှက်ချက် ဖြစ်လာနိုင်တဲ့ ဝန်ကြီးများရုံးမှ သုံးကြိမ်မြောက် အငြင်းပွားမှု
ဝန်ကြီးများရုံးအတွင်း De Beau ဆိုင်ဖွင့်ပွဲပြုလုပ်သည့်နေ့က မြင်ကွင်း (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
ဝန်ကြီးများရုံးအတွင်း De Beau ဆိုင်ဖွင့်ပွဲပြုလုပ်သည့်နေ့က မြင်ကွင်း (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 3 November 2019
ဖြိုးဝေ

(၁)

အောက်တိုဘာ ၂၆ ရက်က ဖွင့် လှစ်ခဲ့တဲ့ စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ De Beau Wellness Center ဟာ စတင်ဖွင့်လှစ်လိုက်တဲ့နေ့မှာပဲ မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေကြားမှာ ထင်ရှားကျော်ကြား နာမည်ကြီးခဲ့ပါတယ်။ စတင်ဖွင့်လှစ်စမှာတင် တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့ပေမဲ့ ကောင်းသော နာမည်ကြီးခြင်းနဲ့ မဟုတ်ဘဲ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး ကျဆုံးခဲ့တဲ့နေ ရာနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အ ဆောက်အအုံတစ်ခုဖြစ်တဲ့နေရာမှာ De Beau Wellness Center ကို ဖွင့်လှစ်လိုက်တာကြောင့် ဒီလိုနေရာမျိုးမှာ မဖွင့်လှစ်သင့်ဘူးလို့ ကန့် ကွက်သံတညံညံနဲ့ လူသိများခဲ့တာပါ။

ကန့်ကွက်သံတွေ ညံနေခဲ့ပေမဲ့ De Beau Wellness Center ကို ဝန်ကြီးများရုံးမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို တစ်ဖက်မှာလည်း ဒီစင်တာဟာ ကျန်းမာရေးစင်တာဖြစ်တယ်လို့ ငြင်းခုံသံတွေ၊ Massage ဆိုပေမဲ့ မိသားစုကျန်းမာရေးစင်တာဆိုတာ တွေ၊ Spa ဆိုပေမဲ့ အမျိုးသမီးတွေကိုပဲ Target ထားတာဖြစ်ပြီး လိင် ပိုင်းဆိုင်ရာဖျော်ဖြေမှုတွေ မပါဝင်ဘူးလို့ အပြန်အလှန်ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဝန်ကြီးများရုံးကို အရင်အစိုးရက ခွင့်ပြုပေးခဲ့တာဖြစ်တယ်။ လက်ရှိအစိုးရနဲ့ မဆိုင်ဘူးဆိုတဲ့ ထောက်ခံသူတွေဘက်က အသံတွေဆူညံခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု ဖြစ်လို့ လုပ်ငန်းရှင်ဘက်ကိုကြည့်ဖို့ ပြောဆိုကြတာရှိပါတယ်။ တစ်ဖက်မှာလည်း ဒီလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ခွင့်ပြုထားတာမရှိဘူး ငြင်းဆိုခဲ့ကြတဲ့အပြင် လုပ်ငန်းကိုပါ ပိတ်သိမ်းဖို့ ညွှန်ကြားချက် ထုတ်ပြန်တဲ့ အထိ တုံ့ပြန်မှုပြင်းထန်ခဲ့တဲ့အပြင် အရေးယူမယ်ဆိုတဲ့အထိပါ အစိုးရတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတဲ့ အထိ အဆုံးစွန်အခြေအနေကို တွန်းပို့ခဲ့တာ တွေ့ရပါတယ်။

ဒီနေရာမှာ တကယ်ပဲ အစိုးရ တာဝန်ရှိသူတွေမသိဘဲ De Beau Wellness Center ကို ခွင့်ပြုလိုက် သလားဆိုတာ အငြင်းပွားစရာဖြစ်ပေမဲ့ ဝန်ကြီးများရုံးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းကတော့ “ရန်ကုန်မြို့မှာ ရှေးဟောင်းအဆောက်အအုံပေါင်း ၂၀၀ ကျော်လောက်ကို ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်မှုတစ်ရပ် ကျွန်တော်တို့ ပြုလုပ်နေပါတယ်။ ဆူးလေဘုရားနားမှာရှိတဲ့ ယခင်က Tourist Burma အဆောက်အအုံ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံးခဲ့တဲ့ အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) ကိုလည်း ရှေးဟောင်းအမွေအနှစ်များ ပြန် လည်ထိန်းသိမ်းသွားဖို့အတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက် ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်နေမှုရှိပါတယ်” လို့ အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်မှာ အတိအလင်းပြောခဲ့တဲ့စကားအရဆိုရင်တော့ ဝန်ကြီး များရုံးက လုပ်ငန်းဆောင်တာမှန်သ မျှဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကြီးကြပ်ကွပ်ကဲမှုကနေပဲ သွားနေတဲ့ သဘောရှိနေပါတယ်။

ဒီလိုမျိုး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ကြီးကြပ်ကွပ်ကဲနေတယ်ဆိုတဲ့ သမိုင်းဝင် ဝန်ကြီးများရုံးမှာ အငြင်းပွားဖွယ်ရာ စင်တာတစ်ခုဖွင့်လှစ်ခဲ့မှုက ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

 

ဝန်ကြီးများရုံးကို မွမ်းမံနေတဲ့အချိန် ၂၀၁၅ ခုနှစ် မတ် ၂၁ ရက်မှာ

အနော်မာအနုပညာကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးရဲ့

မွေးနေ့ပွဲကို ဝန်ကြီးများရုံးမှာ ကျင်းပခဲ့တာကြောင့်

တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေဆဲမှာ လုပ်ကြံခံရပြီး

သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကိုးဦး

သွေးမြေကျရာနေရာမှာ မွေးနေ့ပွဲကျင်းပတာကို

ပြည်သူအများစုက နှစ်လိုမှုမရှိလို့ အပြင်းအထန်ကန့်ကွက်ခဲ့ . . .

 

(၂)

သမိုင်းဝင် ဝန်ကြီးများရုံးဆိုတာ ဟိုးအရင် စစ်အစိုးရလက်ထက်မှာတောင် အများပြည်သူကို တစ်နှစ် တစ်ရက်တောင် ဝင်ခွင့်ပေးခဲ့တာ မဟုတ်ဘဲ ဦးသိန်းစိန်အစိုးရလက်ထက်ကျမှ အာဇာနည်နေ့တစ်ရက်ပဲ ဝင်ခွင့်ပေးခဲ့တဲ့နေရာပါ။

နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့တိုင်း ဒီနေရာကိုရောက်တဲ့ မြန်မာနိုင်ငံသားတိုင်းဟာ လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ကို ဝမ်းနည်းတသစွာ ဦးညွှတ်ဂါရဝပြု ကြတဲ့ နေရာပါ။

အခြားတစ်ဖက်မှာဆိုရင် အကျယ်အဝန်း ၁၆ ဧကခန့်ရှိတဲ့ ဒီ သမိုင်းဝင်အဆောက်အအုံ ပရိဝုဏ် အတွင်းမှာ လွတ်လပ်ရေးရအပြီး ပထမဆုံး နိုင်ငံ့အလံလွှင့်ထူခဲ့တဲ့ အလံတိုင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကိုးဦးအတွက် ပထမဆုံး စိုက်ထူခဲ့တဲ့ အထိမ်းအမှတ်ကျောက် စာတွေနဲ့ ခမ်းနားနေတဲ့နေရာဖြစ် သလို ပထမဆုံး မြန်မာ့လွှတ်တော် အစည်းအဝေးတွေကို ၁၉၃၆ ခုနှစ် ကနေ ၁၉၆၂ ခုနှစ်အထိ ကျင်းပပြု လုပ်ခဲ့တဲ့နေရာဖြစ်ပြီး နိုင်ငံအတွက် အစောပိုင်းဖွဲ့စည်းပုံအခြေခံဥပဒေကို မူကြမ်းတွေ ရေးဆွဲခဲ့တဲ့နေရာ လည်းဖြစ်ပါတယ်။ လူသိနည်းပြီး တိမ်မြုပ်စပြုနေတဲ့ အရေးကြီးအချက်အလက်အဖြစ် ၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၁၉၃၂ ခုနှစ် အိန္ဒိယက ခွဲထွက်ရေးအတွက် မြန်မာ့ ဥပဒေပြုရေးကောင်စီရဲ့ ရွေးကောက် ပွဲ၊ ၁၉၃၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံက ခွဲထွက်ပြီးနောက်ပိုင်း “၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးအက်ဥပဒေ” အဖြစ် ပြောင်းလဲလာမှုတွေအားလုံးဟာ အတွင်းဝန်ရုံးကနေ စတင် ခဲ့တာပါ။ 

ဝန်ကြီးများရုံးအဆောက်အအုံကို အင်္ဂလိပ်ဗိသုကာပညာရှင် Henry Hoyne-Fox က ဒီဇိုင်းရေး ဆွဲပြီး ၁၈၈၉ ခုနှစ်မှာ စတင်ဆောက် လုပ်ခဲ့ပါတယ်။ ၁၈၉၃ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး ဗြိတိသျှကိုလိုနီအုပ် ချုပ်ရေးစနစ်တစ်ခုလုံးကို စီမံခန့်ခွဲခဲ့ပေမဲ့ ရုံးချိန်ပြင်ပတွေနဲ့ ညနေခင်းတွေမှာ အများပြည်သူအပန်းဖြေလို့ ရအောင် ဖွင့်ပေးခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ အစောင့်အရှောက်တွေနဲ့ ပိတ်ထားခဲ့ ပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက် မှာ ပြုပြင်ထိန်းသိန်းစောင့်ရှောက်နိုင်မှုမရှိတဲ့ ဒီသမိုင်းဝင်မြေနေရာကို  လေလံတင်ခဲ့ရာမှာ အနော်မာအနု ပညာကုမ္ပဏီက လေလံရခဲ့ပါတယ်။ ဒေါ်လဲ့ရည်စိုး၊ ဒေါ်သီသီထွန်း၊ ဒေါ်ဝင်းဝင်းခိုင်၊ Mr.Nichols Jonathan Paul ၊ ဦးစိုးသွင်ထွန်းတို့ပါဝင်တဲ့ အနော်မာအနုပညာကုမ္ပဏီဟာ ဝန်ကြီးများရုံးအတွက် အဲဒီအချိန်က တစ်ပြိုင်နက် လေလံပေးခဲ့တဲ့ စုပေါင်းရုံးလို၊ မီးရထားရုံးဟောင်းလို နှစ်စဉ် ငှားရမ်းခ၊ မြေအသုံးချမှုပရီမီယံကြေးတွေ ပေးခဲ့ရတာမဟုတ်ဘဲ ပြတိုက်တွေအတွက် ဝင်ငွေစုစုပေါင်းရဲ့ သုံး ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်း၊ စား သောက်ဆိုင်နဲ့ ရုံးခန်းတွေအတွက် ငှားရမ်းခရငွေရဲ့ ၁၅ ရာခိုင်နှုန်းနဲ့  ရိုးရာပစ္စည်းအရောင်းဆိုင်တွေနဲ့ အနုပညာရပ်ဆိုင်ရာ ပြပွဲကပွဲတွေ အတွက် ဝင်ငွေရဲ့ တစ်ရာခိုင်နှုန်းပဲ သတ်မှတ်ခဲ့တာလို့ အဲဒီအချိန်က လွှတ်တော်ကိုပေးပို့တဲ့ သဝဏ်လွှာအရ သိရပါတယ်။

စီးပွားရေးအတွက် ရည်ရွယ်ပေးခဲ့တာမဟုတ်ဘဲ ဝန်ကြီးများရုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပေး ခဲ့တဲ့ ရည်ရွယ်ချက်မှန်း ပေါ်လွင်အောင် ထပ်ပြောရမယ်ဆိုရင် စုပေါင်းရုံးအတွက် နှစ်စဉ်ငှားရမ်းခ ဟာ ဟိုတယ်ဝင်ငွေရဲ့ ခုနစ်ရာခိုင်နှုန်း၊ မြေအသုံးချမှုပရီမီယံကြေး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် သိန်း ၂၀၀၀၀၀ သတ်မှတ်ခဲ့ပြီး ရှေ့ နေချုပ်ရုံးကို နှစ်စဉ်ငှားရမ်းခကျပ် သိန်း ၂၄၀၀ နဲ့ မီးရထားရုံးချုပ်ကို နှစ်စဉ်ငှားရမ်းခ အမေရိကန် ဒေါ် လာ သုံးသိန်း၊ မြေအသုံးချမှုပရီမီယံ ကြေး အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၅ သန်းနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ သိန်း သတ် မှတ်ခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာ လေလံပေးခဲ့တဲ့ တခြားသမိုင်းဝင် ရှေးဟောင်းအဆောက်အအုံတွေရဲ့ ငှားရမ်းခနဲ့ နှိုင်းယှဉ်မယ်ဆို ဝန်ကြီး များရုံးက အကျိုးအမြတ်ရှာဖို့ မရည်ရွယ်ထားတာကို အထင်အရှားတွေ့ ရပါတယ်။

ဝန်ကြီးများရုံးကနေ အကျိုးအမြတ်ရှာဖို့ မရည်ရွယ်ထားပေမဲ့လည်း လက်ရှိအချိန်အထိတော့ ဗိုလ်ချုပ်တို့ သွေးမြေကျရာ ဒီနေရာမှာ မလျော်ကန်တာတွေလုပ်တယ်လို့ လူထုက ရှုမြင်တာကြောင့် ဝေဖန်မှုတွေ ဖြစ်ခဲ့ တာက ဒီ De Beau Wellness Center ဖြစ်စဉ်နဲ့ဆို သုံးကြိမ်တိုင်ပါ ပြီ။ ပထမဆုံးအကြိမ်က ၂၀၁၄ ခုနှစ် မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုချက်ရပြီး နောက်ပိုင်းမှာ အနော်မာအနုပညာကုမ္ပဏီ ဟာ ဝန်ကြီးများရုံးအဆောက်အအုံကို ပြန်လည်ပြင်ဆင်ခွင့် ရရှိခဲ့ပါ တယ်။ ဒီလို ဝန်ကြီးများရုံးကို မွမ်းမံ နေတဲ့အချိန် ၂၀၁၅ ခုနှစ် မတ် ၂၁ ရက်မှာ အနော်မာအနုပညာကုမ္ပဏီ ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးရဲ့ မွေး နေ့ပွဲကို ဝန်ကြီးများရုံးမှာ ကျင်းပခဲ့တာကြောင့် တိုင်းပြည်လွတ်လပ်ရေး အတွက် ကြိုးပမ်းနေဆဲမှာ လုပ်ကြံခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကိုးဦး သွေးမြေ ကျရာနေရာမှာ မွေးနေ့ပွဲကျင်းပတာကို ပြည်သူအများစုက နှစ်လိုမှုမရှိလို့ အပြင်းအထန်ကန့်ကွက်ခဲ့တာ ပထမအကြိမ်ပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဲဒီအချိန်က မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူတချို့ က ဝန်ကြီးများရုံးလုပ်ပိုင်ခွင့်မှာ မွေးနေ့ပါတီပွဲ ကျင်းပခွင့်မရှိတာ၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ဆောင်ရွက် ရင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ (ထိုစဉ် ၂၀၁၅ ခုနှစ်ကဖြစ်ပြီး လက် ရှိတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲထား) အရ အရေးယူနိုင်တယ်ဆိုတာနဲ့ မွေးနေ့ပွဲလုပ်တာမဟုတ်ဘဲ ဧည့်ခံ ပွဲလုပ်တာလို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပေမဲ့ နောက်ဆက်တွဲအရေးယူမှု ရှိ မရှိကတော့ ပြည်သူတွေ သိ အောင် ထုတ်ပြန်ခဲ့တာ မရှိခဲ့ပါဘူး။

ဒုတိယဖြစ်စဉ်က မြန်မာ-အမေရိကန် ပူးပေါင်းပြီး ဝန်ကြီးများရုံးမှာ ၂၀၁၉ ခုနှစ်မှာကျရောက်တဲ့ ပြည် ထောင်စုနေ့ညစျေးပွဲတော်ဖြစ်စဉ်ပါ။”ပြည်ထောင်စုနေ့ ဝန်ကြီးများရုံး ညအလှ၊ အမေရိကန်နှင့် မြန်မာ ပူး ပေါင်းတင်ဆက်မှု၊ ပေါင်းစုံသော Night Fest at the Secretariat” ဆိုတဲ့ ကြေညာချက်နဲ့ “ရန်ကုန်မြို့ လယ်ကောင်ရှိ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) ဖွင့်ပွဲ အကြိုအဖြစ် အများပြည်သူ ပါဝင်ဆင်နွှဲနိုင်သော ယဉ်ကျေးမှုတင်ဆက်ပွဲ၊ အမေရိကန် Style မြန်မာ Style ညစျေးဆိုင်တန်း များပါဝင်သော Night Fest at the Secretariat ပွဲကြီးကို လာမယ့် ဖေ ဖော်ဝါရီလ ပြည်ထောင်စုနေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ Night Fest at the Secretariat ပွဲကြီးကို Signature Night Market Organizer များမှ ဦးဆောင်ကျင်းပခြင်း ဖြစ်ပါတယ်။ ပွဲတွင် အမေရိကန်ဘက်မှ နာမည်ကြီးဆိုင်တွေဖြစ်တဲ့ Hard Rock ၊ Novotel နှင့် Park Royal အစရှိတဲ့ နာမည်ကြီးဆိုင်များ၊ Califonia ၀ိုင်မျိုးစုံ၊ Italy ၀ိုင်မျိုးစုံ၊ Cheses မျိုးစုံနှင့် မြန်မာဘက်မှ မြန်မာ့ ရိုးရာခေါင်ရည်နှင့် အစားအသောက်များကို တစ်နေရာတည်းမှာ စုံစုံလင်လင် မြည်းစမ်းခွင့်ရရှိမှာဖြစ်ပါတယ်။ အမေရိကန်ဘက်မှ Hard Rock Band  နှင့် မြန်မာ့ရိုးရာဆီမီးခွက်၊ ရုပ်သေးအကအလှများ၊ မြန်မာနာမည်ကြီးအဆိုတော်များရဲ့ ဖျော်ဖြေ မှုရသမျိုးစုံကိုလည်း ခံစားနိုင်မှာဖြစ် ပါတယ်။ အဓိက Attraction က တော့ ကြီးကျယ်ခမ်းနားလှတဲ့ The Secretariat အဆောက်အအုံရဲ့ ည အလှအား မိမိနှင့်တွဲ၍ အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်ပါတယ်” ဆိုပြီး ကြေညာထားတာပါ။ ပွဲတော် ဝင်ကြေးက မြန်မာနိုင်ငံသားတစ်ဦး ကို ကျပ် ၅၀၀၀ ဖြစ်ပြီးတော့ နိုင်ငံခြားသားတစ်ဦးကို ၁၀ ဒေါ်လာပါ။

ဝန်ကြီးများရုံးမှာ အရက်သေစာရောင်းချမြည်းစမ်းမယ့်အစီအစဉ်ကို မနှစ်မြို့သူတော်တော်များများက ညစျေးတန်းပွဲကို ကန့်ကွက်ကြောင်း ဝေဖန်သံမျိုးစုံ ထွက်ပေါ် လာခဲ့ပြီးနောက်မှာတော့ ဒီညစျေး ပွဲတော်ကို ရပ်ဆိုင်းလိုက်ပြီး လက်ရှိ တတိယအကြိမ်ဖြစ်တဲ့ De Beau Wellness Center ဖြစ်စဉ်ကတော့ ဘယ်လိုအပြီးသတ်မယ် မသိသေးပါဘူး။

(၃)

ဘယ်လိုအပြီးသတ်မယ် မသိသေးဘူးဆိုပေမဲ့ လက်ရှိအချိန်မှာတော့ ဝန်ကြီးများရုံးမှာလာရောက် ပြီး De Beau Wellness Center ဖွင့်လှစ်တဲ့ Mrs. Annie Gan Giok Em က “အတွင်းဝန်ရုံးက အရမ်းထူး ခြားပါတယ်။ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ နေရာဖြစ်လို့ ဒီမှာရင်းနှီးမြှုပ်နှံဖို့ ရွေး လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာတုန်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် ဒီစီးပွားရေးစင်တာ (ကျန်းမာရေး စင်တာ) ကို ဒီမှာဖွင့်ဖို့ရွေးလိုက်တာ ပါ” လို့ ဧရာဝတီသတင်းဌာနကို ဖြေ ဆိုထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသားရေးရာဝန်ကြီး နော် ပန်းသဥ္ဇာမျိုးကတော့”မသက်ဆိုင်ဘူးလို့တော့ ပြောလို့ရပါတယ်။ ကျွန်မက တာဝန်မယူနိုင်တဲ့စကားမျိုး ပြောတာ မဟုတ်ဘူး။ မျက်နှာလွှဲခဲပစ် ပြောလိုက်တာ မဟုတ်ဘူး။ ကျွန်မတို့ ဒီရင်းနှီးမြှုပ်နှံမှုကော်မတီက ဘယ်လိုကိစ္စရပ်တွေကို ဖြေရှင်းလဲဆိုရင် ဒီကော်မတီကနေပြီးတော့ လိုင်စင် ထုတ်ပေးလိုက်တယ်။ ဒီကုမ္ပဏီက စည်းကမ်းဖောက်ဖျက်သည်ဖြစ်စေ၊ စည်းကမ်းလိုက်နာသည်ဖြစ်စေ။ တကယ်လို့ စည်းကမ်းဖောက်ဖျက်မယ်ဆိုရင်လည်း တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်။ ကျွန်မတို့ကော်မတီ က ထုတ်ပေးထားတဲ့လိုင်စင်ဆိုရင်။ ဥပမာဆိုရင်လည်း ဒီပါမစ်တွေပေးလိုက်တယ်၊ ဒီကုမ္ပဏီတွေကို ပေး လိုက်လို့ရှိရင် နောက်သုံးလနေရင် အစီရင်ခံစာအပြည့်အစုံရယ် Quarterly Report ရယ် တင်ရတယ်။ တင်လို့မှ သူတို့အာမခံထားတဲ့ ဒီ လောက်ရင်းနှီးမြှုပ်နှံမှုတွေ ယူလာပါ့ မယ်။ ဒီလိုမျိုးအလုပ်သမားတွေကို ဒီလောက်လစာနှုန်းထားတွေ ပေးပါ့မယ်ဆိုပြီး ကျွန်မတို့ကို အဆိုပြုထားတဲ့အတိုင်း အပြင်မှာ တကယ်မလုပ်တဲ့သူဆိုရင် ကျွန်မတို့အရေးယူမယ်။ ဒါကြောင့်မို့ လက်ရှိဖြစ်နေတဲ့ အတွင်း ဝန်များရုံးမှာဖြစ်ပျက်နေတဲ့ ဒီကုမ္ပဏီသည် ကျွန်မတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ ဥပမာ ဒီ Spa ဖွင့်ထားတဲ့ကုမ္ပဏီက ကျွန်မတို့ရဲ့ YRIC (ရန်ကုန်တိုင်းဒေသကြီး ရင်း နှီးမြှုပ်နှံမှုကော်မတီ) မှာ လာပြီးစာ ရင်းသွင်းထားတာ၊ လောလောဆယ်တော့ စာရင်းသွင်းထားတဲ့ ကုမ္ပဏီမဟုတ်ဘူးလို့ ကျွန်မယူဆပါတယ်”လို့ ဆိုပါတယ်။

Spa လုပ်ငန်းပါဝင်တဲ့ De Beau Wellness Center ဖွင့်လှစ်ထားမှုဟာ အနော်မာကုမ္ပဏီကတစ် ဆင့် ပြန်လည်ခွင့်ပြုပေးထားခြင်းဖြစ်တာကြောင့် အရင်အစိုးရနဲ့ အနော်မာကုမ္ပဏီအကြား ဘယ်လိုသ ဘောတူညီမှုတွေနဲ့ စာချုပ်ချုပ်ဆိုထားလဲဆိုတာကို ပြန်ပြီးစိစစ်သွားရမယ်လို့လည်း ဆိုပါတယ်။

“တိုင်းအစိုးရက ပေးတာမဟုတ်ဘူး။ စည်ပင်သာယာဘက်ကပဲ လိုင်စင်ထုတ်ပေးတာ။ ရင်းနှီးမြှုပ်နှံခွင့် ကျတော့ ပါမစ်ပေးတာ ကျွန်မ သိသလောက်က Spa ကုမ္ပဏီက လာမတင်ထားဘူး။ အနော်မာနဲ့ချုပ်တာ အနော်မာနဲ့တစ်ဆင့် Client ။ ကျွန်မတို့ကျတော့ အစိုးရနဲ့ အနော်မာနဲ့ပဲ ချုပ်တာ။ အနော်မာက ဒီလိုလုပ်ခွင့် ရှိ မရှိကို အနော်မာနဲ့ ပြီးခဲ့တဲ့အစိုးရ နဲ့ ချုပ်ထားတဲ့စာချုပ်ကို အသေးစိတ် ပြန်လှန်ရမှာပေါ့” လို့ နော်ပန်းသဥ္ဇာမျိုးက ဆက်လက်ပြောပါတယ်။

အနော်မာလုပ်ငန်းစုက လုပ်ပိုင်ခွင့်ရခဲ့တဲ့ လေးနှစ်အတွင်းမှာ သုံးကြိမ်ပြဿနာတက်ခဲ့ပြီး မွေးနေ့ ဧည့်ခံပွဲပြဿနာ၊ ပြည်ထောင်စုနေ့လို အထိမ်းအမှတ်နေ့မျိုးမှာ ၀ိုင်တွေ၊ ခေါင်ရည်တွေ မြည်းစမ်းမယ့် ပျော် ပွဲရွှင်ပွဲတွေကျင်းပဖို့ လုပ်ခဲ့တာနဲ့ လက်ရှိမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုကို အလွယ်တကူပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာတွေ ရှိခဲ့ပေမဲ့ နောင်မဖြစ်ဖို့ ထိထိရောက်ရောက်တားဆီးတာတော့ မတွေ့ရသေးပါဘူး။

Massage တွေ၊ Spa တွေဆို တာ တခြားသောနိုင်ငံတွေမှာ အပန်းဖြေဖို့အတွက် တရားဝင်လိုင်စင် တွေနဲ့ လုပ်ကိုင်ကြတာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ မပပျောက်မှန်း သိပေမဲ့ လာဘ်ပေးလာဘ်ယူအတွက် ကို တမင်လုပ်ပေးထားပြီး ဖွင့်လှစ်ခွင့်ပေးထားတာမျိုး အခြေအနေလို့ ဆိုရမလိုဖြစ်နေပါတယ်။ ဒါဟာ နိုင် ငံ့အတွက် အခွန်အခနစ်နာတာရော၊ ခြစားမှုစရိုက်ဆိုးကို ပိုပြီး အမြစ် တွယ်စေတာရော Massage တွေ၊ Spa တွေမှာ အလုပ်လုပ်သူတွေကို တရားဥပဒေအရ အကာအကွယ်မရ သိက္ခာမဲ့စေတာကလွဲရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒီလိုမျိုး ဖြစ်မလာတဲ့အပြင် ၀ိ၀ါဒကွဲစရာတစ်ခုက ဒီ De Beau Wellness Center ကို အစိုးရက ခွင့်ပြုတာမဟုတ်ဘဲ အနော်မာက ခွင့်ပြုတယ်ဆိုတဲ့ပုံစံမျိုး နဲ့ဖြစ်နိုင်လို့ လုပ်ပိုင်ခွင့်မှာ ဘာတွေ ပါလဲ ပြန်စစ်ဆေးရမယ်ဆိုတဲ့ အခြေအနေပါ။

အစိုးရကလည်း မသိ။ ဒါပေမဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ပြောစကားအရ စည်ပင်သာယာက လိုင်စင်ထုတ်ပေးထားတယ်ဆိုတာက ကွဲလွဲချက်တွေဖြစ်နေသလို လွှတ်တော်ကလည်း ဝန်ကြီးများရုံးမှာ လုပ်ကိုင်နေတာတွေနဲ့ပတ်သက်ပြီး ကုမ္ပဏီနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာန ကို ခေါ်ယူကြားနာမယ်ဆိုတာက မပြေးသော်လည်း ကန်ရာရှိဆိုသလို ကိုယ့်ဘက်က အားနည်းချက်တွေပါ မြင်နေရပြီး အဆုံးသတ်မှာတော့ မြန်မာအစိုးရက လုပ်ထုံးလုပ်နည်း တွေ မပိုင်နိုင်။ မူဝါဒတွေက အခု တစ်မျိုး တော်ကြာတစ်မျိုး။ လုပ်ပိုင် ခွင့်ရှိသူက လုပ်ခွင့်ပြုပြီးရင် သူ့အ ထက်ကလူက ဖျက်လို့ရတယ်လို့ပဲ စင်ကာပူက ရင်းနှီးမြှုပ်နှံသူတွေ ကြားမှာ မြင်သွားစေနိုင်ပါတယ်။

လာမယ့် အနှစ် ၂၀ အတွင်း စင်ကာပူစီးပွားရေးကို ကျော်တက် မယ့် မြန်မာနိုင်ငံအတွက် ၁၇ နှစ်ပဲ အချိန်ကျန်တော့မယ့်အချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က စင်ကာပူရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ထားသလို မြန်မာနိုင်ငံဆီကိုလာရောက်ပြီး ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတွေထဲမှာလည်း စင်ကာပူက အများဆုံးလာရောက် မြှုပ်နှံထားတာပါ။

စင်ကာပူနိုင်ငံက မြန်မာနိုင်ငံမှာ အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေက တရုတ်လိုမျိုး မြန်မာ့ သယံဇာတအပေါ် အမှီပြုတဲ့ ရင်းနှီး မြှုပ်နှံမှုတွေမဟုတ်ဘဲ သယ်ယူပို့ ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ဒေါ်လာ သန်း ၇၅၀၀ ကျော်၊ အိမ် ခြံမြေကဏ္ဍမှာ ဒေါ်လာသန်း ၄၀၀၀ ကျော်၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ မှာ ဒေါ်လာ သန်း ၃၃၀၀ ကျော်ပါ။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်က နေ လက်ရှိအထိ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတစ်ခုစီကို လေ့လာမယ်ဆို လယ်ယာကဏ္ဍမှာ ဒေါ်လာ ၄၃ ဒသမ ၈၈ သန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ကဏ္ဍမှာ ဒေါ်လာ သန်း ၁၀၀ ကျော်၊ သတ္တုတူးဖော်ရေးကဏ္ဍမှာ ဒေါ် လာ ၄၉ သန်းကျော်၊ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ဒေါ်လာ ၂၅၃၁ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ဒေါ်လာ ၁၂၀၈ သန်းကျော်၊ ရေနံနဲ့ သဘာဝဓာတ် ငွေ့ကဏ္ဍမှာ ဒေါ်လာ ၃၃၅၇ သန်း ကျော်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍမှာ ဒေါ်လာ ၁၆၆၃ ဒသမ ၇၃ သန်း၊ အိမ်ခြံမြေကဏ္ဍမှာ ဒေါ်လာ သန်း ၄၀၅ဝကျော်၊ စက်မှုကဏ္ဍမှာ ဒေါ်လာ သန်း ၂၀၀ ကျော်၊ အခြား ဝန်ဆောင်မှုကဏ္ဍမှာ ဒေါ်လာ ၁၃၇၁ သန်းကျော်နဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၃၁၂ ခု ခွင့်ပြုထားပြီး ရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၂ ဘီလျံ ကျော်ရှိနေပါတယ်။ ဒါဟာ မြန်မာ နိုင်ငံဆီကို စီးဝင်ထားတဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၁ ဘီလျံကျော်ရဲ့ ၂၇ ရာခိုင်နှုန်းပါ။

“စင်ကာပူကတစ်ဆင့် မြန်မာ နိုင်ငံထဲကို ဝင်လာမယ့်လုပ်ငန်းတွေ ကို ကြည့်ရင် လုပ်ငန်းတွေက နယ် ပယ်စုံတယ်။ နယ်ပယ်စုံတဲ့အတွက် ကြောင့် ကျွန်တော်တို့တိုင်းပြည်အ တွင်းမှာ အလုပ်အကိုင်အခွင့်အ လမ်း ပိုများလာမယ်။ နောက်တစ်ခု က စင်ကာပူကလာတဲ့ တချို့လုပ်ငန်း တွေက မြန်မာနိုင်ငံမှာ လာပြီးတော့ စက်ရုံတွေဘာတွေထောင်ပြီးရင် သူ က ပြည်ပကို ပြန်တင်ပို့တဲ့လုပ်ငန်း တွေ တော်တော်များများပါတယ်။ ပါတဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြည်ပပို့ကုန်မြှင့်တင် ရေးအတွက်လည်း အထောက်အကူ အများကြီးဖြစ်တယ်” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားထားပါတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံလို ထိလွယ်ရှလွယ်တဲ့နိုင်ငံဆီကို အနောက်နိုင်ငံတွေက ဆုတ်သာ တက်သာတဲ့ အခြေအနေဖန်တီးဖို့အတွက် စင်ကာပူကနေတစ်ဆင့်ခံပြီး ဝင်နေတာပါ။ ရခိုင်အရေးနဲ့ပတ် သက်ပြီး အနောက်နိုင်ငံတွေက အမြင်မကြည်လို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို လျှော့ချမျှော် မှန်းနေတဲ့ကြားက ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်မှာ FDI ကနေ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံလောက်ဝင်ဖို့ လျှော့ ချမျှော်မှန်းခဲ့တာတောင် ဒေါ်လာ ၄ ဒသမ ၄ ဘီလျံလောက်ပဲ ဝင်ခဲ့တာပါ။ ဒီလိုမျှော်မှန်းချက်ရဲ့ ရာခိုင်နှုန်း ၇၀ လောက်ပဲ FDI ဝင်တဲ့အထိ ရင်းနှီးမြှုပ်နှံမှု ဆိုးဆိုးရွားရွားလျော့ ကျနေတဲ့ မြန်မာနိုင်ငံဆီကို တာဝန် ယူ၊ တာဝန်ခံမှုမရှိဘဲ ဝင်လာခဲ့ရင်တောင်မှ လုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဝင်လိုင်စင်ရယူလုပ် ကိုင်ထားတယ်ဆိုရင် အဲဒီလိုလုပ်ငန်းတွေကို လက်လွတ်စပယ်ပိတ်သိမ်းလို့ မရပါဘူး။

လက်လွတ်စပယ် ပိတ်သိမ်းလို့ မရသလို တစ်ဖက်မှာလည်း မကြာခဏ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဝန် ကြီးများရုံးကိုလည်း လက်လွတ်စပယ်ထားပြီး ကုမ္ပဏီရဲ့လက်ထဲမှာပဲ ပေယျာလကန်ပြုထားလို့မရသလို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ခေါ်ယူကြားနာပြီးရင် အစိုးရ နဲ့ ကုမ္ပဏီစာချုပ်ကြားက အားနည်း ချက်တွေကို ပြန်လည်ပြင်ဆင်သင့် တာ ပြင်ဆင်ဖို့လိုအပ်မှာပါ။ သေချာတာကတော့ De Beau Wellness Center ဖွင့်ပွဲကို စင်ကာပူသံရုံးတာဝန်ရှိသူတွေပါ တက်ရောက်ခဲ့သလို စင်ကာပူနဲ့ မြန်မာနိုင်ငံက အနု ပညာရှင်တွေနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်လို့ ဒီစင်တာကို ပြန်လည်ပိတ်သိမ်းရမယ် ဆိုတဲ့ သတင်းဆိုးက စင်ကာပူ ရင်းနှီးမြှုပ်နှံသူတွေရဲ့ကြားမှာ ကောင်းသတင်းမဟုတ်ဘဲ ပျံ့နှံ့နေလောက်ပါပြီ။ ဒီဖြစ်စဉ်ကို သင်ခန်းစာယူပြီး ရင် FDI ဝင်မှ စီးပွားရေးတိုးတက်တော့မယ့် မြန်မာနိုင်ငံအနေနဲ့ နောင် မှာ ဒီလိုမျိုးဖြစ်စဉ်တွေ မဖြစ်ဖို့အ တွက် လိုအပ်ချက်အကုန်ကို စနစ်တကျပြင်ဆင်ပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံသူတွေအတွက် မူဝါဒ ခိုင်မာတဲ့ နိုင်ငံအဖြစ်ရှုမြင်ရေး လုပ်ဆောင်ကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။