အစိုးရရောင်းတဲ့မြေကွက် ဘယ်သူ့အတွက်လဲ

အစိုးရရောင်းတဲ့မြေကွက် ဘယ်သူ့အတွက်လဲ
မြေကွက်များအတွက် လျှောက်လွှာဝယ်ယူရန် စောင့်ဆိုင်းနေသော ပြည်သူများကို အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
မြေကွက်များအတွက် လျှောက်လွှာဝယ်ယူရန် စောင့်ဆိုင်းနေသော ပြည်သူများကို အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 13 October 2019
ဆန်းမိုးထွန်း၊ မျိုးထက်ပိုင်

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးရှေ့မှာ လူအများအပြားဟာ တန်းစီပြီး စောင့်နေပါတယ်။ သူတို့ ဘာကို စောင့်နေပါသလဲ။ ဘာကြောင့် စောင့်နေပါသလဲ။ မေးခွန်းက စိတ်ဝင်စားစရာပါ။

အောက်တိုဘာရဲ့ နေ့အပူချိန်ဟာ ချွေးတပြိုက်ပြိုက်နဲ့ ပူအိုက်လွန်းတယ်။ စုပေါင်းရုံးအရှေ့မှာ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကတော့ နေရဲ့အပူဒဏ်ကို အန်တုရင်း မျှော်လင့်တကြီးနဲ့ တစ်စုံတစ်ရာကို စောင့်နေတုန်းပါပဲ။

စုပေါင်းရုံး ဖွင့်လိုက်ချိန်မှာတော့ “စနစ်တကျတန်းစီကြပါ ... ကြားမဖြတ်ကြပါနဲ့” စတဲ့ အသံတွေနဲ့ လူအုပ်ကြီးက ရောထွေးသွားပါတယ်။ လူတွေအားလုံးရဲ့ လက်ထဲမှာတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ထားပါတယ်။ အရင်သမဝါယမ ခေတ်တုန်းကလို အဲဒီလူအုပ်ကြီးက ဆန်တိုး၊ ဆီတိုးဖို့ လာတာတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းက ဒီလိုပါ။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တိုင်းဒေသကြီး အတွင်းက မြေတွေကို စက်မှုလုပ်ငန်း လုပ်ကိုင်ဖို့နဲ့ လူနေထိုင်ဖို့အတွက် အဆင့်သုံးဆင့်နဲ့ ရောင်းချပေးမယ့်ကိစ္စကြောင့် လာရောက် တန်းစီနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကတော့ ဒီလိုမြေရောင်းတာက အမြတ်အတွက်ကြောင့် မဟုတ်ဘဲ အိမ်ဆောက်ချင်သူတွေရဲ့ ဘဝအတွက် ရည်ရွယ်ပြီး ရောင်းပေးတာလို့ ဆိုပါတယ်။

“လူထုကို ကျွန်တော်တို့ လက်ထက်မှာ ရောင်းနိုင်ခွင့်ရှိတုန်း ရောင်းပေးတာ။ အမြတ်အတွက်ကြောင့်  မဟုတ်ဘူး။ မရသေးတဲ့လူတွေ၊ အိမ်ဆောက်ချင်တဲ့သူတွေ သူတို့ဘဝအတွက်ကို ရည်ရွယ်ပြီးရောင်းတာ” လို့ ဦးမောင်မောင်စိုးက အောက်တိုဘာ ၇ ရက်က ပြုလုပ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆင့် သုံးဆင့်

ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ မြေစီမံခန့်ခွဲမှု ကော်မတီကနေ အဆင့်သုံးဆင့် သတ်မှတ်ပြီး မြေတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ရောင်းချရာမှာ ပထမအဆင့်အနေနဲ့ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဒဂုံလေး မြို့နယ်မှာရှိတဲ့ မြေကွက် ၅၀၀ ကျော်ကို ရောင်းချပေးသွားမယ်လို့ သတင်းရရှိပါတယ်။

ပထမအဆင့် ရောင်းချမယ့် မြေကွက်တွေက မြို့ပြစီမံကိန်း သတ်မှတ်ထားပေမဲ့ လူနေအဆောက်အအုံတွေ အကောင်အထည် မဖော်နိုင်တာကြောင့် အစိုးရ စီမံခန့်ခွဲနိုင်တဲ့ မြေတွေဖြစ်တယ်လို့  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ဆိုပါတယ်။

“ပထမအဆင့်နေနဲ့ ရောင်းချဖို့ မြေကွက်ပေါင်း ၅၀၀ ကျော်လောက် ရွေးချယ်ထားတာ ရှိပါတယ်။ ဒီမြေများသည် မြေကွက်အသစ်တွေ ဖော်ထုတ်ထားတဲ့ မြေကွက်မဟုတ်ပါဘူး။ ယခင်ကာလက မြို့သစ်တွေ ဖော်ထုတ်ခဲ့ပါတယ်။ ဒဂုံလေးမြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာ ဒီလိုမြို့သစ်တွေ ဖော်ထုတ်ပြီးတော့ မြို့ပြစီမံကိန်းတွေအဖြစ် သတ်မှတ်ထားသော်လည်းပဲ ယနေ့အချိန်အထိ မြို့ပြစီမံကိန်း လူနေအဆောက်အအုံ အကောင်အထည် မဖော်နိုင်သေးလို့ ကျန်နေတဲ့အစိုးရ စီမံခန့်ခွဲနိုင်သော မြေများဖြစ်ပါတယ်။ အဲဒီမြေတွေကို ပြန်လည်ရောင်းချဖို့ စီစဉ်ခြင်း ဖြစ်ပါတယ်” လို့ ဦးသန်းက ပြောပါတယ်။

ဒီမြေတွေကို ရောင်းချရာမှာ အဓိကအနေနဲ့ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်နိုင်ဖို့နဲ့ လူနေအဆောက်အအုံအဖြစ် အသုံးချနိုင်ဖို့ အမှန်တကယ် လိုအပ်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို စိစစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဒီမြေတွေ ရောင်းရတဲ့ နောက်ထပ်ရည်ရွယ်ချက် တစ်ခုကတော့ မြေယာလျော်ကြေးတွေ ပြန်ပေးနိုင်ဖို့အတွက် ရောင်းချရခြင်း ဖြစ်တယ်လို့ ဦးသန်းက ဆိုပါတယ်။

ရန်ကုန်တိုင်းမှာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းဆိုင်ရာ ပြန်လည်စိစစ်ရေး ကော်မတီကနေ စိစစ်ထားတဲ့ အမှုတွဲ ပေါင်း သုံးထောင်ကျော်ရှိပြီး ယခုနှစ် စက်တင်ဘာ ၂၈ ရက်က မူလလယ် သမားတွေကို မြေယာလျော်ကြေး ၆ ဒသမ ၉ ဘီလျံကျော် လျော်ပေးပြီး ဖြစ်ပါတယ်။ နောက်ထပ်လည်း ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်မှာ ၃၁ ဘီလျံလျော်ပေးဖို့ လျာထားတယ်လို့ ဦးသန်းက ဆိုပါတယ်။

“အဲဒီလို မြေယာလျော်ကြေး ပေးတဲ့အခါမှာ ပြန်လည်ပြီး ရရှိနိုင်ဖို့အတွက် ပိုနေတဲ့ မြေကွက်တွေကို ပြန်လည်ရောင်းချခြင်း ဖြစ်ပါတယ်။ ဒါပထမအဆင့်ပါ” လို့ ဦးသန်းက ပြောပါတယ်။

ဒုတိယအဆင့် အနေနဲ့ကတော့ မြောင်းတကာ စက်မှုဇုန်မှာ စက်မှုမြေကွက်အဖြစ် ဖော်ထုတ်ထားတဲ့ အကွက်ပေါင်း ၁၈၇ ကွက်ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ 

တတိယအဆင့်အဖြစ် ဒဂုံအရှေ့နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ အရင်က စံပြစိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ မြေဧက ၉၀၀၀ ကျော်ထဲက ရာခိုင်နှုန်း ၈၀ ကို စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ၊ အိမ်ရာစီမံကိန်းဇုန်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် စီစဉ်နေတယ်လို့ ဦးသန်းကို အခုလို ရှင်းပြပါတယ်။

“တတိယအဆင့်အနေနဲ့က ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံအရှေ့မှာရှိတဲ့ ယခင်တုန်းက စံပြစိုက်ပျိးရေးဇုန်ကြီးများအဖြစ် သတ်မှတ်ခဲ့တဲ့ ဧက ၉၃၀၀ ကျော်ရှိပါတယ်။ အဲဒါတွေက ကုမ္ပဏီကြီးတွေကို ယခင်အစိုးရ လက်ထက်ကတည်းက ဧက ၅၀၀ တို့၊ ၃၀၀ တို့ စိုက်ပျိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ဖို့ ပေးထားတာ ရှိပါတယ်။ အဲဒါသည် မြို့ပြ စီမံကိန်းဆောင်ရွက်ဖို့ လန ၃၉ ယခင်အစိုးရ သက်တမ်းကတည်းက ရရှိခဲ့ပြီးသားပါ။ သို့သော် မြို့ပြ စီမံ ကိန်းအကောင်အထည် မဖော်နိုင်မီမှာ စိုက်ပျိုးရေးဇုန်ကြီးတွေ လုပ်ဖို့ အတွက် လမ်းညွှန်ခဲ့တဲ့အတွက် စိုက်ပျိုးရေးဇုန်တွေလုပ်ဖို့ ကုမ္ပဏီကြီးတွေ ပေးထားပါတယ်။ ဒီနေ့ အဲဒီ စိုက်ပျိုးရေးဇုန်ကြီးတွေ အကောင်အထည်ဖော်တာ လုပ်ငန်း မအောင်မြင်တဲ့အတွက် လူနေဇုန်တွေ၊ စီးပွားရေးဇုန်တွေ၊ စက်မှုဇုန်တွေ ပြန်လည်အကောင်အထည် ဖော်နိုင်ဖို့အတွက် အဲဒီကုမ္ပဏီကြီးတွေနဲ့ ရာခိုင်နှုန်း ၈၀ ကို အစိုးရက ပြန်ယူပါမယ်။ ရာခိုင်နှုန်း ၂၀ ကို  အဲဒီကုမ္ပဏီတွေကို ပြန်ပေးပါမယ်။ ရာခိုင်နှုန်း ၈၀ အစိုးရကရတဲ့ မြေကိုလည်းပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ၊ အိမ်ရာစီမံကိန်းဇုန်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် တတိယအရစ် ရောင်းဖို့လည်း စီစဉ်ဦးမှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါ တယ်။

အာမခံချက်ရှိတဲ့ မြေ

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ မြေစီမံခန့်ခွဲမှု ကော်မတီကနေ အဆင့် သုံးဆင့် သတ်မှတ်ပြီး ရောင်းမယ့်မြေတွေဟာ အာမခံချက်အပြည့်အဝ ရှိတယ်လို့ အစိုးရဘက်က ပြောပါတယ်။

ဒီလိုမြေရောင်းတာက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တစ်ခုတည်း ရောင်းတာမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကော်မတီဖွဲ့ပြီး ကြေညာပြီးမှ ရောင်းတာဖြစ်တဲ့အတွက် အာမခံချက်ရှိတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာ ၇ ရက်က ပြုလုပ်တဲ့ ရန်ကုန်မြို့တော ်စည်ပင်သာယာရေး ကော်မတီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒီရောင်းတာသည် တစ်ဦးတစ်ယောက်တည်းနဲ့ မဟုတ်ပါဘူး။ အစိုးရ အဖွဲ့အစည်း အနေနဲ့ရောင်းတဲ့ အတွက်ကြောင့် အာမခံချက်ရှိပါတယ်” လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

ဒါအပြင် စက်မှုလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ လူနေထိုင်ဖို့အတွက် အဆင့်သုံးဆင့်နဲ့ ရောင်းချပေးမယ့် မြေတွေဟာ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေဖြစ်ပြီး စိစစ်ပြီးမှ ပြန်လည်ရောင်းချတာ ဖြစ်တဲ့အတွက် အပြည့်အဝ အာမခံချက် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ထပ်ဆင့်အတည်ပြုပါတယ်။

“အခုရောင်းလိုက်တဲ့ မြေတွေကို အာမခံချက် အပြည့်ရှိသလား ဆိုတော့ ကျွန်တော်တို့က အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေကို စိစစ်ပြီးမှ ပြန်လည်ရောင်းချတာ ဖြစ်တဲ့အတွက် အပြည့်အဝ အာမခံချက် ရှိပါတယ်” လို့ ဦးသန်းက ပြောပါတယ်။

လျှောက်လွှာတစ်စောင် ကျပ်တစ်သောင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှုကော်မတီကနေ နိုင်ငံပိုင်သတင်းစာတွေမှာ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ လူနေထိုင်ဖို့အတွက် မြေအသုံးပြုခွင့် လျှောက်ထားနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

ပထမအဆင့် မြေကွက် ၅၀၀ ကျော်ကို ရောင်းတဲ့အခါမှာ လျှောက်လွှာရောင်းချမယ့်နေ့ကိုတော့ အောက်တိုဘာ ၇ ရက်ကနေ နိုဝင် ဘာ ၈ ရက်အထိ တစ်လတိတိ သတ်မှတ်ထားပါတယ်။

ဒါကြောင့် လျှောက်လွှာ စတင်ရောင်းချတဲ့ အောက်တိုဘာ ၇ ရက် က ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးရှေ့မှာ လျှောက်လွှာလာရောက် ဝယ်ယူသူတွေနဲ့ ရှုပ်ယှက်ခတ်နေတာ ဖြစ်ပါတယ်။

အဲဒီလူအုပ်ထဲမှာ နေအိမ်မြေကွက်အတွက် လျှောက်လွှာလာ ရောက်ဝယ်ယူသူတွေ ရှိသလို စီးပွားရေး လုပ်ငန်းအတွက် လာရောက် ဝယ်ယူသူတွေလည်း ရှိပါတယ်။

“မြေကွက်က ၅၀၀ ကို လာလျှောက်တဲ့သူတွေက အများကြီး ဖြစ်နေတယ်။ ရုံးဖွင့်ချိန်မနက် ၉ နာရီက လာတာတောင် လူတွေက အများကြီးပဲ။ တန်းစီနေတာကိုတောင် ကြားဖြတ်တဲ့သူတွေက ရှိသေးတယ်။ ဒါတောင် ပြောပြလို့ သေချာတန်းစီဖြစ်တာ။ နေပူကြီးထဲမှာ တန်းစီနေရတာ အခက်အခဲရှိတယ်။ ဒီနေ့ မရရင်လည်း နောက်နေ့ လာတန်းစီရမှာပဲ” လို့ မြောက်ဒဂုံမြို့နယ်ကနေ လျှောက်လွှာလာဝယ်တဲ့ ကိုကြည်စိုးက ပြောပါတယ်။

ပထမအဆင့် မြေကွက် ၅၀၀ ကျော်ကို ဝယ်ယူဖို့ လျှောက်ထားလို သူတွေတွေအနေနဲ့ မှတ်ပုံတင်မူရင်း၊ မိတ္တူပြရမှာဖြစ်ပြီး လျှောက်လွှာတစ်စောင်ကို ကျပ်တစ်သောင်းနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

ဒီလို လျှောက်လွှာတစ်စောင်ကို ကျပ်တစ်သောင်းနှုန်းနဲ့ ရောင်းချနေပေမယ့်လည်း အိုးပိုင်အိမ်ပိုင်လေးနဲ့ နေချင်တဲ့အတွက် နေပူထဲမှာ ဒုက္ခခံပြီး လာရောက် ဝယ်ယူကြတဲ့ အခြေခံလူတန်းစားတွေလည်း အများအပြား ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက သတ်မှတ်ထားတဲ့ အခြေခံ လုပ်ခလစာက တစ်ရက်ကို ကျပ် ၄၈၀၀ ပါ။ လျှောက်လွှာတစ်စောင်ရဲ့ တန်ဖိုးကို အခြေခံ လုပ်ခလစာနဲ့ တွက်မယ်ဆိုရင် နှစ်ရက်စာ ရှိပါတယ်။ ဒီလို လုပ်ခလစာ နှစ်ရက်စာ ရှိတဲ့အပြင် လာရောက် လျှောက်ထားတဲ့အခါမှာ စောင့်ရတဲ့ အချိန်နဲ့ သွားလာစရိတ်၊ စားသောက်စရိတ်တွေကိုပါ ထည့်တွက်မယ် ဆိုပါက မြေရမရ မသိသေးပေမယ့် တကယ်မြေလိုချင်တဲ့ အခြေခံလူတန်းစားတွေ အတွက်တော့ ပေးရတဲ့အရင်းအနှီးက အနည်းငယ်ကြီးနေပါတယ်။

“မြေကွက်ကတော့ အောင်ဘာလေထီ ထိုးသလိုပဲပေါ့။ ရတော့လည်းရပေါ့။ မရတော့လည်း အစိုးရ ဘဏ္ဍာပေါ့။ နိုင်တဲ့ဘက်ကနေ အစိုးရကို အလှူငွေ ထည့်လိုက်တာပေါ့။ ဦးလေးကတော့ အဲဒီလိုပဲ သတ်မှတ်တယ်” လို့ ရွှေပြည်သာမြို့ နယ်ကနေ လျှောက်လွှာလာဝယ်တဲ့ ဦးစိုးစိုးက ပြောပါတယ်။

တချို့ဆို နေပူထဲမှာ စောင့်နေရတဲ့အတွက် မူးလဲကျတာတွေလည်း ရှိပါတယ်။ တချို့ကတော့ လျှောက်လွှာဝယ်ယူလို့ မရတဲ့အတွက် အိမ်မပြန်ဘဲ စုပေါင်းရုံးရှေ့က လမ်းပေါ်မှာ ညအိပ်ပြီး စောင့်နေတဲ့သူတွေလည်း ရှိပါတယ်။

“ညက တစ်ညလုံးလည်း မအိပ်ရသေးဘူး။ ငုတ်တုတ်ပဲ။ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ တစ်ညလုံးကို မအိပ်ရသေးတာ။ ပေ ၄၀ x ၆၀ မြေကွက်လျှောက်မှာ။ စီးပွားရေးသမားတွေလို ငါးဧကတို့ သုံးဧကတို့လည်း မလျှောက်နိုင်ဘူး။ ကျွန်တော်တို့က အိမ်မရှိဘူး။ ယောက္ခမအိမ် ကပ်နေရတာ။ အိမ်လိုချင်တယ်” လို့ တောင်ဥက္ကလာ ၄ ရပ်ကွက်ကနေ လျှောက်လွှာလာဝယ်တဲ့ ဦးသန်းဇော်မိုးက ပြောပါတယ်။

ဒါပေမဲ့ စုပေါင်းရုံးရှေ့လျှောက်လွှာ လာရောက်တန်းစီနေတဲ့ လူတွေထဲမှာ လျှောက်လွှာကို တစ်ဆင့်ခံ ပြန်လည်ရောင်းစားဖို့ လာရောက် အချိန်ပေး တန်းစီသူတွေ ရှိတယ်လို့ သိရပါတယ်။ ဒါအပြင် ညအိပ်စောင့်ပြီး တန်းစီတဲ့ လူတွေထဲမှာ နေရာပြန်ရောင်းစား တာတွေလည်း ရှိနေလို့ သတင်းရရှိပါတယ်။

“နေကပူရတဲ့ကြားထဲ ကြားဖြတ်တဲ့သူတွေ တိုကင်ရောင်းစားတဲ့ သူတွေနဲ့ စိတ်ပျက်တယ်” လို့ ရွှေပေါက္ကံမြို့ကသစ်ကနေ လာလျှောက်တဲ့ မအင်ကြင်းသက်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

တန်းစီစောင့်နေရင်းနဲ့ ကြားဖြတ်တန်းစီတာတွေ၊ ဝင်ပေါက် မဟုတ်တဲ့ နေရာက ဝင်လာတဲ့ သူတွေကြောင့် တန်းစီသူတွေနဲ့ အချေအတင် စကားများမှုတွေလည်း ဖြစ်လာပါတယ်။

တာမွေမြို့နယ် ဦးချစ်မောင်လမ်းမှာနေထိုင်တဲ့ ဒေါ်ခင်ဝင်းလှိုင်က “ပင်ပင်ပန်းပန်းနဲ့ တန်းစီနေရတဲ့ အတွက်ကို မှန်မှန်ကန်ကန်နဲ့ ကိုယ်ချင်းစာပြီးတော့ ကိုယ်ရောက်တဲ့ နေရာကနေ မှန်မှန်ကန်ကန် တန်းစီစေချင်တယ်။ နောက်မှရောက်လာပြီးတော့ ကြားဖြတ်တိုးတဲ့အတွက်ကို အန်တီတို့က နေရာမရွေ့တော့ ဒုက္ခရောက်တာပေါ့” လို့ ဆိုပါတယ်။

ဘယ်လိုစည်းကမ်းတွေ သတ်မှတ်ထားလဲ

ကျပ်တစ်သောင်းနဲ့ ရောင်းတဲ့ လျှောက်လွှာမှာ မြေအသုံးချခွင့် လျှောက်ထားသူက မြေပေါ်မှာ ဆောင်ရွက်လိုတဲ့ လုပ်ငန်းကို အမှန်ခြစ် အမှတ်အသားဖြင့် ဖော်ပြဖို့၊ ငွေကြေးအထောက်အထား တင်ပြဖို့၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း ဆောင်ရွက်မယ့် အဆိုပြုချက်တွေအတွက် (အသုံးပြုငွေကြေး ပမာဏ၊ လုပ်ငန်းစီမံချက်၊ အချိန်ကာလ) တို့ကို ပူးတွဲတင်ပြဖို့၊ စက်မှုလုပ်ငန်း ဆောင်ရွက်လိုသူတွေ အနေနဲ့ မြောင်းတကာ စက်မှုဇုန် နေရာကိုသာ လျှောက်ထားရမှာ ဖြစ်တဲ့အပြင် မူရင်းလျှောက်လွှာ တစ်စောင်ကို မြေနေရာ တစ်နေရာသာ လျှောက်ထားခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြေအသုံးပြုခွင့် လျှောက်ထားသူတွေ လိုက်နာရမယ့် စည်းကမ်းချက် ၁၃ ချက်ကို အဲဒီလျှောက်လွှာမှာ သတ်သတ်ဖော်ပြတာ တွေ့ရပါတယ်။

အဲဒီစည်းကမ်းချက်တွေကတော့

(၁) လျှောက်ထားသူသည် လျှောက်ထားမြေပေါ်တွင် ဆောင်ရွက်လိုသည့်လုပ်ငန်း ဖော်ပြရမည်။

(၂) အသုံးပြုခွင့် လျှောက်ထားရန်အတွက် ငွေကြေးအထောက်အထား တင်ပြရမည်။

(၃) စီးပွားရေးလုပ်ငန်း/စက်မှုလုပ်ငန်း ဆောင်ရွက်မည့် မြေများအတွက် (အိမ်မြေမပါ) တည်ဆောက်ရေး အဆိုပြုလွှာ၊ အသုံးပြုငွေကြေး၊ လုပ်ငန်းခန့်မှန်းပမာဏ၊ အချိန်ကာလ စသည့်အချက်အလက်များ တင်ပြရမည်။

(၄) နေအိမ်မြေကွက်အတွက် ဆောက်လုပ်မည့် အစီအစဉ်၊ အသုံးပြုငွေကြေး အစရှိသည်တို့ဖြင့် တင်ပြရမည်။

(၅) မြေအသုံးပြုရန် ခွင့်ပြုကြောင်း မြေစီမံခန့်ခွဲမှု ကော်မတီမှ အကြောင်းကြားသည့်နေ့မှစ၍ ခြောက်လအတွင်း မြေစည်ပင်စရိတ်ငွေကို တစ်ကြိမ်တည်း အကျေပေးသွင်းရမည်။

(၆) မြေအသုံးပြုခွင့်မိန့်ရရှိပြီး ခြောက်လအတွင်း လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(၇) အသုံးပြုခွင့် ရရှိထားသော မြေများအား သုံးနှစ်အတွင်း ပြန်လည်ရောင်းချခြင်း မပြုရ။

(၈) အသုံးပြုခွင့် ရရှိထားသောမြေအပေါ် ဆောက်လုပ်မည့် အဆောက်အအုံများသည် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ဆောက်လုပ်ရမည်။

(၉) မြေအသုံးပြုခွင့်ရရှိသူသည် ၎င်းရရှိထားသော မြေနေရာတွင် ခြောက်လအတွင်း စတင်ဆောက်လုပ်၍ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက မြေငှားစာချုပ်(ဂရန်) ရရှိရေး ဆောင်ရွက်ပေးမည်။

(၁၀) အသုံးပြုခွင့်ရရှိထားသော မြေများကို လျှောက်ထားသူ အမည်ဖြင့်သာ ထားရှိရမည်ဖြစ်ပြီး သုံးနှစ်အတွင်း အမည်ပြောင်းခွင့်ပြုမည် မဟုတ်ပါ။

(၁၁) မြေနေရာတစ်နေရာပေါ်တွင် အပြိုင်အဆိုင် လျှောက်ထားမှု ရှိနေခဲ့လျှင် မြေစီမံခန့်ခွဲမှု ကော်မတီသည် လျှောက်ထားသူများ၏ အဆိုပြု တင်ပြချက်များကို စိစစ်ပြီး အသင့်လျော်ဆုံး လျှောက်ထားတင်ပြသူ တစ်ဦးအား ရွေးချယ်ခွင့်ပြုသွားမည်။

(၁၂) စီးပွားရေး ဆောင်ရွက်မည့် ဧကကျယ် မြေနေရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အိမ်မြေကွက်နှင့် စပ်လျဉ်း၍လည်းကောင်း၊ အခြားလုပ်ငန်းများ မြေနေရာနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြေအသုံးပြုခွင့်၊ မြေငှားစာချုပ် (ဂရန်) အစရှိသည်တို့ ထုတ်ပေးခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ပေးမည်။

(၁၃) မြေအသုံးပြုခွင့်ရရှိသူများသည် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကိုလည်းကောင်း၊ မြေပေါ်ရှိ အဆောက်အအုံများကို လည်းကောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်သိမ်းယူမည် ဖြစ်ပါသည်။ ပေးသွင်းငွေများကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါလို့ ပါရှိပါတယ်။

အဲဒီစည်းကမ်းချက် ၁၃ ချက်ထဲမှာ အိမ်မြေကွက် လျှောက်ထားသူတွေနဲ့ ပတ်သက်လို့ လိုက်နာရမယ့် စည်းကမ်းချက် ခုနစ်ချက် ပါရှိပါတယ်။

ပထမဆုံးအချက်က နေအိမ်မြေကွက် လျှောက်ထားလိုပါက ဆောက်လုပ်မယ့် အစီအစဉ်၊ အသုံးပြု ငွေကြေးတို့ကို တင်ပြရမှာပါ။ မြေစီမံမှု ကော်မတီကနေ မြေအသုံးပြုခွင့် ပြုလိုက်ပြီ ဆိုတာနဲ့ အကြောင်းကြားတဲ့ နေ့ကစပြီး ခြောက်လအတွင်း မြေစည်ပင်စရိတ်ကို တစ်ကြိမ်တည်း အကျေပေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့  မြေနေရာတစ်နေရာပေါ်မှာ အပြိုင်အဆိုင် လျှောက်ထားမှုရှိနေခဲ့ရင် မြေစီမံခန့်ခွဲမှု ကော်မတီက လျှောက်ထားသူတွေရဲ့ အဆိုပြု တင်ပြချက်တွေကို စိစစ်ပြီး အသင့်လျော်ဆုံး လျှောက်ထားတင်ပြသူ တစ်ဦးကို ရွေးချယ်ခွင့်ပြုသွားမယ်လို့ ပါရှိပါတယ်။ နောက်တစ်ချက်ကတော့ အသုံးပြုခွင့် ရရှိထားတဲ့ မြေပေါ်မှာ အဆောက်အအုံ ဆောက်လုပ်မယ်ဆိုရင် သက်ဆိုင်ရာဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း ဆောက်လုပ်ရမှာပါ။ ဒီလိုဆောက်လုပ်ရာမှာ ခြောက်လအတွင်း စတင်ဆောက်လုပ်ရမှာဖြစ်ပြီး အဆောက်အအုံပြီးပါက မြေငှားစာချုပ်(ဂရမ်) ရရှိရေးကို ဆောင်ရွက်ပေးမယ်လို့ ပါရှိပါတယ်။

နောက်တစ်ချက်ကတော့ အသုံးပြုခွင့်ရပြီးသားမြေကို လျှောက်ထားသူ အမည်နဲ့သာ ထားရှိရမှာဖြစ်ပြီး သုံးနှစ်အတွင်း အမည်ပြောင်းခွင့် ပြုမထားပါဘူး။ ဒီစည်းကမ်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင်တော့ တိုင်းအစိုးရအဖွဲ့က မြေနဲ့ မြေပေါ်မှာရှိတဲ့ အဆောက်အအုံကိုပါ ပြန်လည်သိမ်းယူသွားမှာဖြစ်ပြီး ပေးသွင်းငွေကိုလည်း ပြန်မထုတ်ပေးဘူးလို့ ဖော်ပြထားပါတယ်။

ဒီအတိုင်းဆို မလွယ်သေးဘူး

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကတော့ အိမ်ဆောက်ချင် သူတွေရဲ့ ဘဝအတွက် ရည်ရွယ်ပြီး မြေကွက်ရောင်းပေးတာလို့ ဆိုပေမဲ့ အိမ်မြေနေရာ ဝယ်ယူသူတွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအရ အခြေခံလူတန်းစားတွေ မြေပိုင်ဖို့က မလွယ်သေးပါဘူး။ ဘာလို့ဆို ပထမဆုံး အချက်ဖြစ်တဲ့ နေအိမ်မြေကွက် လျှောက်ထားလိုပါက ဆောက်လုပ်မယ့် အစီအစဉ်၊ အသုံးပြုငွေကြေးတို့ကို တင်ပြရမှာပါ။

တစ်နေ့လုပ်မှ တစ်နေ့စားနေရတဲ့ အခြေခံလူတန်းစားတွေ အတွက်တော့ ဒီအချက်က ပထမဆုံး အတားအဆီး ဖြစ်လာပါတယ်။ ဒီအချက်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ပိုက်ဆံရှိမှ ဖြစ်မယ့် အနေအထားပါ။ အဲဒီအတွက် မြေစီမံမှုကော်မတီက သတ်မှတ်ထားတဲ့ မြေစျေးနှုန်းတွေကို ကြည့်တဲ့အခါမှာတော့ အခြေခံ လူတန်းစားတွေအတွက် မြေပိုင်ဆိုင်ရေး အိပ်မက်က ပိုဝေးသွားပါတယ်။ မြေစီမံမှုကော်မတီက သတ်မှတ်ထားတဲ့ မြေစျေးနှုန်းတွေဟာ အနည်းဆုံး ကျပ်သိန်း ၅၀ ကနေ အများဆုံး သိန်းထောင်ချီတဲ့အထိ ရှိနေပါတယ်။

ဒါကြောင့် အခြေခံလူတန်းစားတွေ အနေနဲ့ မြေလျှောက်မယ်ဆို လက်ထဲမှာ အနည်းဆုံး သိန်း ၅၀ ရှိမှ ရမယ့်သဘောပါ။ ဒါတောင် မြေဖိုးပဲ ရှိပါသေးတယ်။ အိမ်ဖိုးကို ထည့်မတွက်ထားသေးပါဘူး။ နောက်တစ်ချက်ကတော့ မြေစီမံမှု ကော်မတီကနေ မြေအသုံးပြုခွင့် ပြုလိုက်ပြီ ဆိုတာနဲ့ အကြောင်းကြားတဲ့ နေ့ကစပြီး ခြောက်လအတွင်း မြေစည်ပင် စရိတ်ကို တစ်ကြိမ်တည်း အကျေပေးရမှာ ဖြစ်ပါတယ်။ ဒါကလည်း လက်ထဲမှာ ငွေအဆင်သင့်ရှိမှ ဖြစ်မှာပါ။

ဒီထက်ဆိုးတာကတော့ အသုံးပြုခွင့်ရရှိထားတဲ့ မြေပေါ်မှာ အဆောက်အအုံ ဆောက်လုပ်မယ်ဆိုရင် သက်ဆိုင်ရာဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း ခြောက်လအတွင်း စတင်ဆောက်လုပ်ရမှာ ဖြစ်တဲ့အပြင် အဆောက်အအုံပြီးမှသာ မြေငှားစာချုပ်(ဂရန်) ရရှိရေးကို ဆောင်ရွက်ပေးမယ်လို့ ဖော်ပြထားပါတယ်။ အခြေခံ လူတန်းတွေအနေနဲ့ မြေဖိုးငွေသွင်းနိုင်တယ် ဆိုရင်တောင် ဌာနဆိုင်ရာ သတ်မှတ်ထားတဲ့ အဆောက်အအုံကို ဆောက်လုပ်ဖို့ဆိုတာ အခက်အခဲရှိနိုင်သလို ဒီလိုဆောက်လုပ်ရာမှာ ခြောက်လအတွင်း စတင်ဆောက်လုပ်ရမှာ ဖြစ်တဲ့အတွက် ဖြတ်ကျော်ရမယ့် အဆင့်တွေက တော်တော်မလွယ်တဲ့ ကိစ္စတွေပါ။

အခြေခံ လူတန်းစားတွေရဲ့ မြေပိုင်ဆိုင်ရေး အိပ်မက်ကို ရိုက်ချိုးမယ့် စည်းကမ်းချက်ကတော့ မြေနေရာ တစ်နေရာပေါ်မှာ အပြိုင်အဆိုင် လျှောက်ထားမှု ရှိနေခဲ့ရင် မြေစီမံခန့်ခွဲမှု ကော်မတီက လျှောက်ထားသူတွေရဲ့ အဆိုပြု တင်ပြချက်တွေကို စိစစ်ပြီး အသင့်လျော်ဆုံး လျှောက်ထားတင်ပြသူ တစ်ဦးကို ရွေးချယ်ခွင့်ပြု သွားမယ်လို့ ပါရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အောက်တိုဘာ ၇ ရက်က ပြုလုပ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားခဲ့တာ ရှိပါတယ်။

“အခုမြေကွက်က ၅၀၀ ကျော်ရှိတယ်။ လျှောက်တာက ၈၀၀ ကျော် တစ်ထောင် ဖြစ်ကောင်းဖြစ်ပါမယ်။ မြေကွက် တစ်ကွက်တည်းကိုလည်းပဲ နှစ်ယောက် သုံးယောက်အပြိုင် လျှောက်ထားတာတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော်တို့က သူတို့တင်ပြလာတဲ့ လျှောက်လွှာတွေ အပေါ်မှာ စိစစ်ပါမယ်။ တချို့စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် လျှောက်တဲ့ လျှောက်လွှာမှာလည်း သူတို့ရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ ဆောင်ရွက်မယ့် ပရောဂျက်၊ ဘာလုပ်မှာလဲ။ ဒါတွေကို ကြည့်ပြီးတော့မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော အစိုးရမြေများ စီမံခန့်ခွဲမှု ကော်မတီကနေ စိစစ်ပြီးတော့မှ ရောင်းချသင့်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ သူတို့ကို ရွေးချယ်ပြီးတော့မှ အစိုးရရုံးကို ပြန်တင်မှာပါ။ အစိုးရရုံး အတည်ပြုချက်နဲ့မှ ရောင်းချပေးမှာ ဖြစ်ပါတယ်” လို့ ဦးသန်းက ဆိုထားပါတယ်။

ဒီစည်းကမ်းချက်အရဆိုရင် မြေကွက်တစ်ကွက်အပေါ် လျှောက်လွှာတင်တာချင်း တူနေပါက အဆိုပြုချက်တွေ အပေါ်မှာ မူတည်ပြီး သင့်လျော်တဲ့သူကို ရွေးချယ်မယ့်သဘောပါ။ အဲဒီအတွက် လျှောက်တဲ့ အခါမှာ မြေစီမံခန့်ခွဲမှု ကော်မတီ သဘောကျလောက်တဲ့ အခြေအနေမျိုးဖြစ်အောင် တင်ပြနိုင်ဖို့ အခြေအနေ ဖြစ်ပါတယ်။ အခြေခံ လူတန်းစားတွေအနေနဲ့ သူတို့မှာ ရှိတာထက်ပိုပြီး တင်ပြနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုတာကလည်း စဉ်းစားရမယ့် အချက်တစ်ချက်ပါပဲ။

နောက်တစ်ချက်ကတော့ အသုံးပြုခွင့်ရပြီးသားမြေကို လျှောက်ထားသူအမည်နဲ့သာ ထားရှိရမှာဖြစ်ပြီး သုံးနှစ်အတွင်း အမည်ပြောင်းခွင့် ပြုမထားပါဘူး။ ဒီအချက်ကတော့ တကယ်အိုးပိုင်အိမ်ပိုင်နဲ့ နေချင်တဲ့ အခြေခံ လူတန်းစားတွေအတွက် ပြဿနာ မရှိနိုင်ပေမဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ ဒီစည်းကမ်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် တိုင်းအစိုးရအဖွဲ့က မြေနဲ့ မြေပေါ်မှာရှိတဲ့ အဆောက်အအုံကိုပါ ပြန်လည်သိမ်းယူ သွားမှာဖြစ်ပြီး ပေးသွင်းငွေကိုလည်း ပြန်မထုတ်ပေးဘူးလို့ ဖော်ပြထားပါတယ်။

ဒါကြောင့် အိမ်မြေရာ လျှောက်လွှာတင်မယ့် အခြေခံလူတန်းစားတွေ အနေနဲ့ အထက်က ဖော်ပြခဲ့တဲ့ စည်းကမ်းချက်တွေကို သေချာလေ့လာသင့်ပါတယ်။ လက်ရှိမှာ လျှောက်လွှာလာရောက် ဝယ်ယူသူတွေကို မေးကြည့်တဲ့အခါ အများစုက စည်းကမ်းချက်တွေကို သေချာမဖတ်ထားကြပါဘူး။ အစိုးရက မြေရောင်းတယ် ဆိုတာနဲ့ လာရောက် ဝယ်ယူကြတဲ့သူတွေသာ များပါတယ်။

“ဦးလေးတို့က လက်လုပ်လက်စားတွေ။ တစ်နေ့လုပ် တစ်နေ့စား။ အပိုအလျှံစုဆောင်း ထားတာလည်း မရှိဘူး။ တစ်လတစ်လ အိမ်လခနဲ့ ကျန်းမာရေးကလည်း ရှိသေးတယ်။ မွေးလာကတည်းက အိမ်ပိုင်မရှိတာ ဦးလေးတစ်သက်ပဲ။ အခုမြေကွက်တွေ ရောင်းမယ်ဆိုတာ ရပ်ကွက်ထဲက ပြောလို့သိတာ။ အင်တာနက်တွေ ဘာတွေလည်း မသုံးတတ်ဘူး။ လျှောက်လွှာတစ်စောင် တစ်သောင်းဆိုလို့ လာလျှောက်တာ။ တကယ်လို့ မြေကွက်ရခဲ့ရင်လည်း ချေးငှားပြီး ဝယ်ရမှာပဲ။ အလုပ်ပို လုပ်ရုံပဲ ရှိတာပေါ့။ မိသားစု ငါးယောက်ရှိတယ်။ သားနှစ်ယောက်နဲ့ ဦးလေးက ပန်းရံလုပ်တယ်။ သမီးလေးကတော့ တက္ကသိုလ်တက်တုန်း။ သူလည်း အားတဲ့အချိန် စက်ရုံမှာ အချိန်ပိုင်းဝင်လုပ်တယ်။ ဦးလေး မိန်းမကတော့ ကြုံရာဝင်လုပ်လိုက်တာပဲ။ အဲဒီတော့ သားသမီးတွေ ရှေ့ရေးအတွက်တော့ အိမ်ပိုင်မြေပိုင်လေး ရှိမှရမယ်။ အိမ်ငှားဘဝနဲ့ တစ်သက်လုံးလည်း မနေနိုင်ဘူး။ မြေကွက်လေးရရင်တော့ ဖြစ်သလို အိမ်လေးဆောက်ပြီး နေရမယ်။ လျှောက်လွှာစာရွက်မှာ ဘယ်လို စည်းကမ်းချက်တွေ ပါလဲတော့ မသိသေးဘူး” လို့ လှိုင်သာယာမြို့နယ်က ဦးငွေကြိုင်က ပြောပါတယ်။

ဒီလို စည်းကမ်းသတ်မှတ်ချက်ကို သေချာမလေ့လာဘဲ လျှောက်လွှာဝယ်ပြီး မြေပိုင်ဆိုင်ဖို့ စိတ်ကူးမယ့် အခြေခံ လူတန်းစားတွေ အနေနဲ့ ကိုယ့်ရဲ့ ခံနိုင်ဝန်အားကို သေသေချာချာ ဆန်းစစ်ဖို့တော့ လိုနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေကွက်ရခဲ့ရင်တော့ နောက်ထပ် ကုန်ကျမယ့် အိမ်ဆောက်လုပ်စရိတ်၊၊ အဲဒါကလည်း ခြောက်လအတွင်း စတင်ဆောက်လုပ်ဖို့က ကိုယ့်မှာ ငွေအင်အား လိုက်နိုင် မလိုက်နိုင် ဆိုတာကို အဓိကထား စဉ်းစားရမှာ ဖြစ်ပါတယ်။

မြေကွက်ဖိုး သွင်းနိုင်အောင် ရှိစုမဲ့စုလေးအပြင် ဟိုချေးဒီချေးနဲ့ ဝယ်ယူမယ် ဆိုရင်တောင် နောက်ထပ် မပြီးဆုံးနိုင်တဲ့ အခြေအနေတွေက ရှိနေပါသေးတယ်။ တကယ်လို့များ မြေစီမံခန့်ခွဲမှုက သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း တစ်ခုခုကို မလိုက်နာနိုင်ခဲ့ဘူး ဆိုရင်တော့ မြေလိုချင်တဲ့ အခြေခံလူတန်းစား လက်လုပ်လက်စားတွေ အနေနဲ့ မိအေးနှစ်ခါနာမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။

အစိုးရကတော့ အိမ်ပိုင်မရှိသူတွေ အိမ်ဆောက်ပြီး နေနိုင်အောင် မြေကွက်ရောင်းပေးတာလို့ ပြောထားပေမဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအရ အိုးပိုင်အိမ်ပိုင် မရှိသေးတဲ့ အခြေခံ လူတန်းစား လက်လုပ်လက်စားတွေ အတွက်တော့ မြေကွက်ပိုင်ဆိုင်ရေးဟာ မျှော်လင့်ချက်တစ်ခု အဖြစ်သာ ရှိနေပါလိမ့်ဦးမယ်။ ဒါကြောင့် အစိုးရရောင်းပေးမယ့် မြေကွက်တွေက တကယ်အိမ်ပိုင် မရှိသေးတဲ့ အခြေခံ လူတန်းစားတွေလက်ထဲ ရောက်မလား ဒါမှမဟုတ် ငွေနဲ့အမဲလိုက်တတ်တဲ့ မြေမုဆိုးတွေရဲ့လက်ထဲ ရောက်သွားမလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

“အစ်မဆို ဝန်ထမ်း။ ရတဲ့လစာနဲ့ အိမ်ငှားခ၊ မီတာခနဲ့ အိမ်ပိုင်လေးတော့ လိုချင်တယ်။ အခုဆို မြေကွက်ရမယ် ဆိုလို့လာတာ။ ရခဲ့ရင်လည်း အိမ်ဆောက်ဖို့ငွေက ထပ်ရှာရဦးမယ်။ အဲဒါတွေကတော့ မစဉ်းစားနိုင်သေးဘူး။ လောလောဆယ် မြေကွက်အတွက် လျှောက်လွှာရဖို့ပဲ အာရုံစိုက်နေရတယ်။ အိုးအိမ်မရှိသူတွေကို ဦးစားပေးသင့်တယ်” လို့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မအင်ကြင်းသက်က ဆိုပါတယ်။

 

 

Most Read

Most Recent