တစ်ချိန်တုန်းက သီတင်းကျွတ်လပြည့်ညတွေ

တစ်ချိန်တုန်းက သီတင်းကျွတ်လပြည့်ညတွေ
Photo: doemal
Photo: doemal
Published 12 October 2019
ငြိမ်း (ပဲခူး)

ကျွန်တော်ငယ်ငယ်တုန်းက သီတင်းကျွတ်လပြည့်နေ့ ရောက်ကာနီးပြီဆိုရင် တဒိန်းဒိန်း တဒိုင်းဒိုင်းနဲ့ ဗြောက်အိုးဖောက်သံတွေ မီးရှူးမီးပန်း ပစ်လွှတ်တဲ့အသံတွေဟာ လေထဲမှာ ပျံ့လွင့်လို့နေတယ်။ ပြီးတဲ့အခါ ရပ်ကွက်တွေထဲမှာ ဓာတ်စက်ကို ဆိုက်ကားတစ်စီးပေါ်တင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်နဲ့  “ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတဲ့ ဗြောက်အိုးတွေ မီးရှူးမီးပန်းတွေ ရောင်းဝယ်ခြင်း ဖောက်ခွဲခြင်း မပြုလုပ်ရ၊ ပြုလုပ်လျှင် တည်ဆဲဥပဒေအရ” စသဖြင့် ဘာဘာ ညာညာတွေကို မိုက်တစ်လုံးကိုင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ကြေညာနေတဲ့ အသံတွေကို ကြားရပြီ။ အဲဒီအချိန်မှာပဲ ဗြောက်အိုးဖောက်သံတွေကလည်း တဒိန်းဒိန်းနဲ့ မြည်ဟည်းနေတော့ နားထောင်နေရတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေမှာ ရယ်နေကြရတာပေါ့။

အဲဒီအချိန်တုန်းက ကျွန်တော်နေတဲ့ လမ်းကလေးထဲမှာ အစာမစားရလို့ ငတ်ပြတ်နေပြီး ပိန်ချုံးချည့်နဲ့နေလို့ နံရိုးအပြိုင်းပြိုင်းထနေတဲ့ လူတစ်ယောက်နဲ့ အလားသဏ္ဌာန်တူတဲ့ လမ်းမီးတိုင်တွေ ပီထရိုမျှော်စင်လို ဖြစ်နေတဲ့ လမ်းမီးတိုင်တွေ တွဲလောင်းကျနေတဲ့ ဓာတ်ကြိုးတွေ ရှိခဲ့တယ်။ နောက်ပြီး လမ်းမီးတိုင်တွေမှာ ထွန်းထားတဲ့ မီးသီးတွေဟာ မီးအားက အဆမတန်နည်းနေတဲ့အတွက် အဝေးက ကြည့်လိုက်ရင်  ခရမ်းချဉ်သီးတစ်လုံး ချိတ်ထားသလို ဖြစ်နေတာကြောင့် မြေသားလမ်းကလေးတွေပေါ်ကို အလင်းရောင် လုံလောက်စွာ မပေးစွမ်းနိုင်ဘူး။ ဒါပေမဲ့လည်း သီတင်းကျွတ်လပြည့်ညမှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးက မြေသားလမ်းကလေးတွေပေါ်ကို အေးမြတဲ့ အလင်းရောင်တွေ လုံလောက်စွာ ပက်ဖြန်းပေးထားတယ်။ ပြီးတော့ မြေသားလမ်းကလေးတွေရဲ့ ဘေးနှစ်ဘက်မှာရှိတဲ့ မြက်ပင်တွေပေါ်မှာလည်း နှင်းစက်ကလေးတွေဟာ တွဲလွဲခိုနေကြတယ်။ ပြီးတဲ့အခါ အိမ်ရှေ့တိုင်း အိမ်ရှေ့တိုင်းမှာလည်း မြေသားလမ်းကလေးတွေပေါ်မှာ မြွေရေခွံ အိတ်လေးတွေ ခင်းပြီး ခြေပစ်လက်ပစ် ထိုင်နေကြတဲ့ လူတွေဟာလည်း တစ်သီတစ်တန်းကြီးပဲ။ အခုခေတ်ထဲက သီတင်းကျွတ် လပြည့်ညတွေလို ဘေမကုန်ဘူး။ စမတ်ဖုန်းတွေကိုပဲ ငုံ့ကြည့်မနေကြဘူး။ မျက်လုံးပေါင်းမြောက်မြားစွာဟာ သီတင်းကျွတ်လပြည့်ညမှာ သာနေတဲ့ ၀ိုင်းစက်စက်လမင်းကြီးကို ကြည့်နေတဲ့ လူနဲ့။ မြေသားလမ်းကလေးတွေပေါ်မှာ ဆော့နေကြတဲ့ ကလေးတွေကို ကြည့်နေတဲ့ လူနဲ့။ ရောက်တတ်ရာရာ စကားတွေကို ပြောနေကြတဲ့ လူတွေနဲ့ တကယ့်ကို ပန်းချီကားတစ်ချပ် ရေးဆွဲထားသလိုပဲ ဖြစ်ပါတယ်။ ထပ်ပြီး ပြောရမယ်ဆိုရင် အဲဒီလို မြင်ကွင်းတွေကို ပန်းချီကျော ်မောရစ်အာထရီလိုသာ မြင်ရင် ရှုခင်းပန်းချီကားတစ်ချပ် ရေးဆွဲပြီး မှတ်တမ်းတင်မိမှာ အသေအချာပဲလို့လည်း ကျွန်တော် ထင်မြင်ယူဆမိပါတယ်။

ငရဲမီးဆော့ကစားနည်းကလည်း ကျွန်တော်တုန်းက သီတင်းကျွတ်လပြည့်ညတွေနဲ့ အလွန်ပဲ လိုက်ဖက်လှပါတယ်။ သာနေတဲ့ လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ ကျွန်တော်တို့ ကလေးတွေဟာ မြေသားတွေကို တူးဆွပြီး အတန်ငယ် ကျယ်ဝန်းတဲ့ မြေကျင်းလေးတွေကို ကိုယ်စီပြုလုပ်နေကြတယ်။ ပြီးရင် ၉၂ ဘူးအဖုံးဖြစ်ဖြစ်၊ အာမွှေးဘူးအဖုံး ဖြစ်ဖြစ် ကိုယ့်မှာ ရှိတဲ့အဖုံးတစ်ခုထဲကို ဖယောင်းတိုင် အစအနလေးတွေနဲ့အတူ ဖယောင်းတိုင်ရဲ့ မီးစာ နှစ်စ သုံးစလောက်ကို ထည့်လိုက်တယ်။ ပြီးတဲ့အခါ ဘူးအဖုံးရဲ့ အောက်ခြေကို အပူပေးဖို့ ဖယောင်းတိုင် အတိုလေးတစ်တိုင်ကို ထွန်းထားလိုက်ပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ ဘူးအဖုံးထဲက ဖယောင်း အစအနတွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ အဆင်သင့်ရှိနေတဲ့ ရေဖလားထဲက ရေတွေကို လက်နဲ့ ဆွတ်လိုက်ပြီး သုံးလေးချက်လောက် တောက်လိုက်တဲ့အခါ မီးတောက်မီးလျှံကြီးတွေဟာ တဝုန်းဝုန်းနဲ့ တက်လာတော့တာပဲ။ အဲဒီမှာပဲ ကိုယ့်အစုအဖွဲ့နဲ့ကိုယ် ငရဲမီး ဆော့နေကြတဲ့ ကျွန်တော်တို့ကလေးတွေဟာ ဘယ်အဖွဲ့ရဲ့ ငရဲမီးက ပိုပြီးတော့ မီးတောက် မီးလျှံတွေ များသလဲဆိုတာကို ပြိုင်ကြပါတယ်။ မီးတောက်မီးလျှံကြီးတွေ တက်လာတဲ့အခါမှာလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်အဆိုင် အော်ဟစ်ကြပါတယ်။ သဘာဝအတိုင်း ရှိခဲ့ဖူးတဲ့ သီတင်းကျွတ်ညတွေတုန်းက သဘာဝအတိုင်း ပျော်ရွှင်စွာ ကစားခဲ့ကြတာပေါ့။ ပြောရင်းနဲ့တောင် ကျွန်တော့်ရင်ထဲမှာ အလိုလိုလွမ်းမိပါရဲ့။

ငရဲမီးကစားပြီးရင်တော့ ကျွန်တော်တို့ ကလေးတွေဟာ ကောင်းကင်ထက်မှာ တရွေ့ရွေ့နဲ့ သွားနေတဲ့ မီးပုံးလေးတွေကို လက်ညှိုး တထိုးထိုးနဲ့ ရေတွက်ရင်း ဘယ်မီးပုံးလေးက အောက်ကိုပြုတ်ကျလာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြတယ်။ အဲဒီလိုကြည့်နေရင်း မီးပုံးလေးတစ်လုံး ပြုတ်ကျလာပြီဆိုတာနဲ့ ၀ါးလုံးရှည်တစ်ချောင်း ကိုင်ကာ ပြုတ်ကျမယ့် တည်နေရာကို ခန့်မှန်းပြီး တောင်ပြေးမြောက်ပြေး ပြေးတော့တာပဲ။ ရတဲ့အခါ ရပြီး မရတဲ့အခါလည်း မရဘူးပေါ့။ အဲဒီမှာပဲ ပြုတ်ကျလာတဲ့ မီးပုံးလေးကို ရတဲ့လူကတော့ တကယ့်ကို ကံထူးရှင်တစ်ယောက်ပဲလို့ ပြောလို့ရတယ်။ ပြီးတဲ့အခါ သူ့ဘေးနားမှာလည်း လူတွေ ၀ိုင်းကြည့်နေကြတယ်။ အထူးအဆန်း ပစ္စည်းတစ်ခုကို ကြည့်နေသလိုမျိုးပေါ့။ ပြီးတော့ မီးပုံးလေးတွေကိုလည်း ကျွန်တော်တို့ ကလေးတွေဟာ မြင်ဖူးတဲ့သူ ခပ်ရှားရှားပဲ။ ဘာကြောင့်လဲဆိုတော့ စျေးကြီးတဲ့အတွက် မီးပုံးလေးတွေကို တော်ရုံတန်ရုံ မိသားစုတွေ ခမျာ ဝယ်မလွှတ်နိုင်ကြဘူး။ တော်ရုံတန်ရုံ စျေးဆိုင်တွေမှာ ဝယ်မတင်နိုင်ကြဘူး။ အဲဒါကြောင့် မီးပုံးလေးတွေကို မြို့ထဲမှာ အလုပ်ထွက်လုပ်နေကြတဲ့ လူကြီးတွေက မြင်ဖူးပေမဲ့လည်း ကျွန်တော်တို့တုန်းက ကလေးတွေမှာတော့ အခုလိုပြုတ်ကျလာပြီး မီးပုံးလေးကို ရရှိလာတဲ့လူက ယူလာမှပဲ မြင်ဖူးကြတာ များပါတယ်။ ပြောရင် အပိုတွေလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေက တကယ်ဖြစ်ခဲ့တာပါ။

မြေသားလမ်းကလေးတွေပေါ်မှာလည်း မိဘတွေကိုယ်တိုင် ပြုလုပ်ပေးထားကြတဲ့ တွန်းလှည်းလေးတွေ ဟာလည်း ကျွန်တော်တို့တုန်းက သီတင်းကျွတ်လပြည့်ညတွေရဲ့ အမှတ်အသားလေးတွေပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါ အဲဒီအချိန်တုန်းက ဖယောင်းတိုင်ထွန်း ပြီးတွန်းနေကြတဲ့ တွန်းလှည်းလေးတွေနဲ့ မြေသားလမ်းလေးတွေပေါ်မှာ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ခဲပြားလေးတွေ ထိတွေ့မိရာက ထွက်ပေါ်လာတဲ့ အသံတွေကလည်း ကျွန်တော်တို့တုန်းက သီတင်းကျွတ်လပြည့်ညတွေရဲ့ ဆည်းလည်းသံလေးတွေလို့ တင်စားလို့ရပါတယ်။ ပြီးတော့ ဖယောင်းတိုင်ထွန်းပြီး တွန်းရတဲ့ တွန်းလှည်းလေးတွေကို စျေးဆိုင်တွေမှာ ရောင်းချကြပေမဲ့လည်း ဝယ်နိုင်တဲ့ မိဘတွေ နည်းပါးလှတယ်။ နောက်ပြီး တွန်းလှည်းလေးတွေကလည်း ပုံစံအမျိုးမျိုး ရှိပါတယ်။ အဲဒီတွန်းလှည်းလေးတွေက အများအားဖြင့် ဖယောင်းစက္ကူနဲ့ ပြုလုပ်ထားပြီး တိရိစ္ဆာန်လေးတွေရဲ့ ဦးခေါင်းပုံစံလေးတွေကို ပုံဖော်ထားကြပါတယ်။ အဲဒီလို လက်ရာမြောက်စွာနဲ့ ပုံဖော်ထားတာကြောင့် အဲဒီတွန်းလှည်းလေးတွေကို ကလေးတွေမြင်ပြီ ဆိုတာနဲ့ သူတို့မိဘတွေကို ဝယ်ပေးဖို့ ပူဆာကြတော့တာပဲ။ မဝယ်ပေးရင်တော့ ငိုယိုကြတာပေါ့။ အဲဒါကြောင့် မဝယ်ပေးနိုင်တဲ့ မိဘတွေ ခမျာ အဲဒီတွန်းလှည်းလေးတွေ ရောင်းချတဲ့ဆိုင်ကို ရှောင်ကွင်းပြီး သွားကြရတယ်။ ဒါပေမဲ့လည်း အခုခေတ်ကလေးတွေဟာ အဲဒီတွန်းလှည်းလေးတွေကို  မြင်တွေ့ရပေမဲ့လည်း စမတ်ဖုန်းနဲ့ ဆော့လို့ရတဲ့ ဂိမ်းတွေလောက် စိတ်ဝင်စားမှု မရှိကြတော့ဘူး။ ကျွန်တော့်မှာတော့ မြင်မိတဲ့အတိုင်း ကျွန်တော်တို့တုန်းက သီတင်းကျွတ်လပြည့်ညတွေကို ရုပ်ရှင်ကြည့်နေရသလို တစ်ခန်းချင်း ပြန်ပေါ်လို့ လာပါတယ်။

ကျွန်တော်တို့တုန်းက သီတင်းကျွတ်လပြည့်တွေမှာ ကျွန်တော်တို့ကလေးတွေဟာ မြေသားလမ်းကလေးတွေပေါ်မှာ ကစားနည်း အမျိုးမျိုးကို ကစားခဲ့ကြတယ်။ အဲဒီကစား နည်းတွေကတော့ ဆီမီးခွက်ကြီး ဂလောင် ဂလင်၊ အရူးမကြီး မစာဥ၊ ထုပ်ဆီးတိုးတမ်း၊ ကွပ်ထိုးတမ်း၊ ဂုံညင်းထိုးတမ်း၊ ဥဖမ်းတမ်း တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် မမှတ်မိတဲ့ ကစားနည်းတွေလည်း ရှိပါသေးတယ်။ အဲဒီကစားနည်းတွေ အားလုံးဟာ ခွန်အားနဲ့ သုံးပြီး ကစားရတဲ့ ကစားနည်းတွေပဲ ဖြစ်ပါတယ်။ ယောကျ်ားလေး မိန်းကလေးရောပြီး ကစားကြတယ်။ အဲဒီလို ကစားကြရင်း အထိခိုက် အရှအနာ အနည်းအကျဉ်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်ဖြစ်လောက်အောင်တော့ မရှိခဲ့ဘူး။ ကျွန်တော်တို့ကလေးတွေ ပျော်ရွှင်ခဲ့ကြတယ်။ ဝတ်ထားတဲ့ အကျႌတွေမှာ ချွေးတွေစိုရွှဲခဲ့ကြတယ်။ ဖုန်တွေ ပေခဲ့ကြတယ်။ ဒီလိုနဲ့ ညဉ့်နက်သန်းခေါင်ရောက်ပြီ ဆိုရင်တော့ မိဘတွေက ကျွန်တော်တို့ကလေးတွေကို အိမ်ထဲဝင်ဖို့ ခေါ်ကြတာကြောင့် လူစုခွဲကြရပါတယ်။ အဲဒီအခါ သီတင်းကျွတ်လပြည့်ညရဲ့ လမင်းကြီးမျက်နှာဟာ  ညှိုးငယ်နေတယ်လို့တောင် ကျွန်တော် ထင်ခဲ့ဖူးပါတယ်။

နေရာအနှံ့ကနေ တဒိန်းဒိန်း တဒိုင်းဒိုင်းနဲ့ မြည်ဟည်းနေတဲ့  ဗြောက်အိုးဖောက်သံတွေနဲ့ မီးရှူးမီးပန်း ပစ်လွှတ်တဲ့ အသံတွေကြောင့် တစ်ချိန်တုန်းက သီတင်းကျွတ်လပြည့်ညတွေရဲ့ အကြောင်းကို တွေးနေတဲ့ ကျွန်တော့်စိတ်တွေဟာ တစ်စစီ လွင့်ထွက်သွားတယ်။ ထို့အတူပဲ ကျွန်တော့်ရင်ထဲမှာလည်း အလွမ်းတွေ ဘောင်ဘင်ခတ်သွားပါတယ်။  ပြန်လိုချင်မိပါရဲ့၊ တစ်ချိန်တုန်းက သီတင်းကျွတ်လပြည့်ညတွေရယ်။

 

Most Read

Most Recent