ဆီးရီးယားကာ့ဒ်စစ်ဆင်ရေး ဂယက်များ

ဆီးရီးယားကာ့ဒ်စစ်ဆင်ရေး ဂယက်များ
Photo: AFP
Photo: AFP
Published 10 October 2019
မောင်ကြွယ်စိုး

ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကာ့ဒ်စစ်သွေးကြွတွေကို ထိုးစစ်ဆင်မယ်လို့ တူရကီရဲ့ ခြိမ်းခြောက်မှုဟာ IS စစ်သွေးကြွတွေကို အထောက်အပံ့ဖြစ်စေမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်နေပါတယ်။ တူရကီဟာ IS ဂျီဟတ်အဖွဲ့တွေ တစ်ကျော့ပြန်လာမှုကို ခွင့်ပြုမှာမဟုတ်ကြောင်း သမ္မတ အာဒိုဂန်ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် အီဗရာဟင်ကာလင်းက အောက်တိုဘာ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ IS အဖွဲ့ရဲ့ အမည်တစ်ခုဖြစ်တဲ့ Daesh တွေကို တူရကီက ဆက်လက်တိုက်ခိုက်မှာ ဖြစ်ကြောင်း ၎င်းတို့အနေနဲ့ ဘယ်လိုပုံစံနဲ့မဆို ပြန်လာခွင့်ပြုမှာမဟုတ်ကြောင်း ကာလင်းက Twitter ကနေ ရေးသားခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်က အမေရိကန်က ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွများအား တူရကီက စစ်ဆင်ရေး ပြုလုပ်နေမှုကို ဟန့်တားမှာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် တူရကီ-ဆီးရီးယား နယ်စပ်တစ်လျှောက်မှာ နေရာယူထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီလို ရုပ်သိမ်းမှုကြောင့် IS ဂျီဟတ်များ နှိမ်နင်းမှုမှာ အောင်မြင်ခဲ့တဲ့ ဖြစ်စဉ်ဟာ ပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ဒါ့အပြင် လုံခြုံရေး လေဟာနယ် ဖြစ်ပေါ်နိုင်သည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ကာ့ဒ် ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး (SDF) က သတိပေးခဲ့ပါတယ်။

တူရကီက အကြမ်းဖက်သမားလို့ ယူဆထားတဲ့ ကာ့ဒ်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ အတွက် တစ်စုံတစ်ရာ အသိမပေးဘဲ တိုက်ခိုက်မှုတွေ ပြုလုပ်မှာဖြစ်ကြောင်းနဲ့ ဘယ်အချိန်မဆို ပြုလုပ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ တူရကီက မကြာသေးမီ သီတင်းပတ်ကပဲ နယ်စပ်သို့ တပ်ကူတွေ ပေးပို့ခဲ့ပါတယ်။

အမေရိကန်က ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေကို တူရကီနိုင်ငံက စစ်ဆင်ရေး ပြုလုပ်မှာကို မိမိတို့အနေနဲ့ ဟန့်တားမှာ မဟုတ်ကြောင်း ပြောကြားချက်အတွက် IS အဖွဲ့တွေဟာ တစ်စခန်း ထလာမှာဖြစ်ပြီး စစ်ဘေးဒဏ်ကြောင့် ဒုက္ခသည်တွေအများစုဟာ နေရပ်ကို စွန့်ခွာထွက်ပြေးမယ့် အခြေအနေ ရောက်ရှိစေမှာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် လူအမြောက်အမြား နေရပ်စွန့်ခွာ ထွက်ပြေးရမယ့် အခြေအနေကို ထပ်မံကြုံတွေ့ဖွယ်ရှိပြီး ရှစ်နှစ်ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယား ပြည်တွင်းစစ်ကလည်း ပိုမိုရှည်ကြာမယ့် အခြေအနေမျိုး ရှိနေနိုင်မှာ ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထောက်ပြထားပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ဂျီဟတ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ဂျီဟတ်တွေဟာ IS တွေရဲ့ ထောက်ပံ့မှုကို ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေကို တူရကီက ထိုးစစ်ဆင်မှုကြောင့် ဆီးရီးယားနိုင်ငံရှိ IS တွေကို နှိမ်နင်းရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒါ့အပြင် ဆီးရီးယားနိုင်ငံရှိ အစွန်းရောက် ဆွန်နီတွေရဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်ရမယ့် အနေအထား ရှိနေပါတယ်။

IS တွေအနေနဲ့ ဆီးရီးယားနိုင်ငံမှာ ခြေကုပ်စခန်းတွေ စွန့်လွှတ်ခဲ့ရတာ ခုနစ်လ ကြာမြင့်ခဲ့ပါပြီ။ အဲဒီလို IS တွေရဲ့ နယ်မြေ လက်လွှတ်ခဲ့ရခြင်းဟာ ပြင်သစ်နိုင်ငံရဲ့အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်စေပါတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် တူရကီနိုင်ငံအနေနဲ့ IS အစွန်းရောက်တွေကို အထောက်အပံ့တွေ ဖြစ်စေနိုင်မယ့် လုပ်ရပ်တွေကို မလုပ်မိစေဖို့ လည်း တိုက်တွန်းထားပါတယ်။

ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတို့ကတော့ တူရကီနိုင်ငံအနေနဲ့ IS တွေကို တိိုက်ခိုက်နှိမ်နင်းရာမှာ အခက်အခဲတွေ ဖြစ်စေမှာကို စိုးရိမ်မကင်း ဖြစ်နေပါတယ်။ ဗြိတိန်နိုင်ငံက IS တွေကို နှိမ်နင်းဖို့အတွက်ဆိုရင် ထိပ်တန်း ဦးစားပေးတစ်ရပ်အဖြစ် လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဂျာမနီနိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်သူ Ulrike Demmer က ယခုလို မှတ်ချက်ပေးခဲ့ပါတယ်။

တူရကီနိုင်ငံအနေနဲ့ ဆီးရီးယားဒုက္ခသည် နှစ်သန်းအထိ နေရပ်ပြန်မယ့် ဘေးကင်းလုံခြုံရေး ဇုန်တစ်ခုကို ဆီးရီးယားမြောက်ပိုင်းမှာ ထူထောင်ဖို့ စီစဉ်နေပြီး အဲဒီလို လုပ်ဆောင်ချက်ဟာ တူရကီနိုင်ငံအနေနဲ့ ဆီးရီးယားကို သိမ်းပိုက်ရန် ဒါမှမဟုတ် ပထဝီနိုင်ငံ ရေးလမ်းကြောင်းကို ပြောင်းလဲပစ်ရန် လုပ် ဆောင်ချက် တစ်ရပ်ဖြစ်မယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

တူရကီဟာ ဆီးရီးယားဒုက္ခသည် ၃.၆ သန်းကို ခိုလှုံခွင့်ပေးထားရပြီး ကမ္ဘာပေါ်မှာ ဒုက္ခသည်အများဆုံး အရေအတွက် ဖြစ်နေပါ တယ်။ တူရကီက ဆီးရီးယား ကာ့ဒ်စစ်သွေးကြွတွေကို ထိုးစစ်ဆင်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အမေရိကန်က ဘေးထွက်နေမယ့်ကိစ္စကြောင့် ဂျီဟတ်နှိမ်နင်းရေး ကာလရှည်ကြာ စစ်ပွဲမှာ ၀ါရှင်တန်ရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ ကာ့ဒ်တွေကို အမေရိကန်ဘက်က ဥပေက္ခာပြုထားတဲ့ သဘောမျိုးသက်ရောက်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆီးရီးယားဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရုံးအနေနဲ့ ကြိုတင်သတိပေးမှု မရရှိခဲ့ပါဘူး။ ကုလသမဂ္ဂအနေနဲ့ လတ်တလောမှာ ဆီးရီးယားအရှေ့မြောက်ပိုင်း၌ လူ ၇၀၀၀၀၀ ခန့်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပေးနေပါတယ်။

ဥရောပနိုင်ငံများအနေနဲ့ တူရကီနိုင်ငံက ဆီးရီးယား ကာ့ဒ်တွေကို ထိုးစစ်ဆင်မယ်ဆိုတဲ့ ပြောကြားချက်ကြောင့် ကာ့ဒ်အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံနေရတဲ့ နိုင်ငံခြားသား ဂျီဟတ် ၂၀၀၀ ခန့်ဟာ လွတ်မြောက်သွားနိုင်ပြီး သူတို့အနေနဲ့ ဥရောပတိုက်နေရာအနှံ့ ရောက်ရှိသွားမယ့် အရေးကို ဥရောပ အစိုးရတွေက စိုးရိမ်နေကြပါတယ်။

ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ဆီးရီးယား ဦးဆောင်တဲ့ စစ်သွေးကြွတွေဟာ တူရကီရဲ့ ကာ့ဒ်စစ်သွေးကြွတွေကို ထိုးစစ်ဆင်နေမှုကြောင့် IS အကျဉ်းသားတွေဟာ လွတ်မြောက်သွားမယ့် အခြေအနေရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

ထရန့်က တူရကီ၊ ဥရောပ၊ ဆီးရီးယား၊ အီရန်၊ ရုရှားနဲ့ ကာ့ဒ်တွေအနေနဲ့ IS စစ်သွေးကြွတွေကို ဖမ်းဆီးမိပြီဆိုပါက ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်ကို မေးထားပါတယ်။ ပြင်သစ်တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ ဂျီဟတ်တွေအနေနဲ့ ရုရှားကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယားသမ္မတ အာဆတ် အစိုးရရဲ့လက်ထဲမှာပဲ နိဂုံးချုပ်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ တူရကီနိုင်ငံအနေနဲ့ IS တွေ ပြန်လာမယ့်အရေးကို လုံးဝလက်မခံဘဲ ရှိနေကြောင်း၊ IS တွေဟာ မည်သည့်ပုံစံနဲ့မျှ ပြန်လာဖို့ လက်ခံနိုင်မှာ မဟုတ်ကြောင်း တူရကီက ပြောကြားထားပါတယ်။

တနင်္လာနေ့ နံနက် အရုဏ်မတက်မီ အချိန်မှာ ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုမှာ အမေရိကန် ဗိုလ်ချုပ်ကြီးက ဆီးရီးယားတပ်ဖွဲ့ဝင်တွေအတွက်  သတင်းဆိုးတစ်ခုကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေ ကို တူရကီက စစ်ဆင်ရေးပြုလုပ်မှုကို ဟန့်တားမှာ မဟုတ်ကြောင်း၊ တူရကီတပ်ဖွဲ့ဝင်တွေကို အဲဒီအရပ်ကို သွားခွင့်ပြုမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အဲဒီလို ပြောကြားလိုက်တဲ့အတွက် ဆီးရီးယား တပ်မှူးတစ်ဦးဖြစ်သူ မာဇလွန်ကိုဗာနီက “ခင်ဗျား တို့တစ်တွေက ကျွန်တော်တို့ချည်း ပစ်ထား လိုက်တာပါပဲ” လို့ ဒေါသတကြီးနဲ့ ပြန်ပြောလိုက်ပါတယ်။

ဆီးရီးယားရဲ့ အရှေ့မြောက်ဒေသ သုံးပုံတစ်ပုံကို IS တွေက ထိန်းချုပ်ထားတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုဟာ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ဝင်တွေနဲ့ ၂၀၁၅ ခုနှစ်ကတည်းက လက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တခြားအုပ်စုတွေက ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး (SDF) နဲ့ ပေါင်းစည်းပြီး IS တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

IS တွေ မရှိတော့တဲ့အချိန်မှာတော့ ၀ါရှင်တန်က ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး (SDF) ဟာ အီရန်နဲ့ ရုရှားတို့ရဲ့ သြဇာခံ ဖြစ်နေတယ်လို့ ယူဆထားခဲ့ပါတယ်။ တူရကီက မိမိနယ်စပ်မှာ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေ ရှိနေမှုကို အမြဲတမ်းကန့်ကွက်ခဲ့ပါတယ်။ တူရကီသမ္မတ အာဒိုဂန်က ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေဟာ တူရကီနိုင်ငံက မတရားအသင်း ကြေညာထားတဲ့ PKK ကာ့ဒ် ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ မဟာမိတ်တွေအဖြစ် ယူဆထားပါတယ်။

 

Most Read

Most Recent