ကျပ်သိန်းတစ်ထောင်ဆု ပေါက်သည့်ထီလက်မှတ်အား ထီရောင်းချသူက ထီထိုးသူထံ ပေးအပ်ခြင်းမရှိဘဲ ရယူထားသဖြင့် လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်

ကျပ်သိန်းတစ်ထောင်ဆု ပေါက်သည့်ထီလက်မှတ်အား ထီရောင်းချသူက ထီထိုးသူထံ ပေးအပ်ခြင်းမရှိဘဲ ရယူထားသဖြင့် လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်
Published 9 October 2019

(၈)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် သိန်းတစ်ထောင်ဆုပေါက်ခဲ့သည့် ထီလက်မှတ်အား ရောင်းချသူမှ ထီထိုးထားသူထံ ပေးအပ်ခြင်းမပြုဘဲ ရယူထားမှုနှင့်ပတ်သက် ၍ အဆိုပါထီရောင်းချခဲ့သူကို လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် မင်းကွန်းတိုက်နယ်ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ် မင်းကွန်း တိုက်နယ် မြသိန်းတန်စေတီအနီးရှိထီဆိုင်မှ ထိုးယူထားသည့် ထီနံပါတ် ကခ-၁၂၃၅၉၃ မှာ ကျပ်သိန်းတစ်ထောင်ဆု ပေါက်ခဲ့သဖြင့် ယင်းထီလက်မှတ်ကို ထီဆိုင်ကိုယ်စားလှယ်ထံမှ တောင်းယူခဲ့ရာတွင် ပေးအပ်ခဲ့ခြင်းမရှိကြောင်း၊ အောက်တိုဘာ ၃ ရက်တွင် ထီထိုး ထားသူ မဇင်ဇင်က မင်းကွန်းကျေးရွာအုပ် ချုပ်ရေးမှူးရုံးတွင် ထီဆိုင်ပိုင်ရှင်၏အစ်မ ဖြစ်သူနှင့် ညှိနှိုင်းခဲ့သော်လည်း ထီလက်မှတ်ကို မပေးနိုင်ကြောင်းပြောဆိုခဲ့သဖြင့် အောက်တိုဘာ ၇ ရက်တွင် ထီထိုးခဲ့သူ မဇင်မေထွန်း က အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“ထီထိုးပေးတဲ့ ညီမလေးစန်းအိခိုင်က သူငယ်ချင်းလည်းဖြစ်တယ်။ သူက ကျောင်းတစ်ဖက်နဲ့ ထီရောင်းတဲ့အတွက် ထီအားပေး ပါဦးဆိုလို့ ကိုယ်လိုချင်တဲ့နံပါတ်ကို ပြောတဲ့ အခါ သူ့ဆီမှာမရှိတော့ သူ့ရဲ့ ကိုယ်စားလှယ် မင်းကွန်းမြသိန်းတန်ဘုရားရှေ့မှာရှိတဲ့ မမို့ မို့တင်ရဲ့ထီဆိုင်ဆီကနေ မေးပေးမယ်ဆိုပြီး ပြောတယ်။ အဲဒီလိုမေးတဲ့အခါ ကျွန်မလိုချင်တဲ့နံပါတ်က အဲဒီအစ်မဆီမှာ ရှိနေတယ်။ အဲဒီလိုနဲ့ ထီထိုးဖြစ်သွားပြီး ၃၀ ရက်နေ့ မနက် ပိုင်းကျ ထီလက်မှတ်ဖိုး ၆၀၀၀ ကို ပေးလိုက်ပါ တယ်။ ဒါက အွန်လိုင်းကနေပြီး ထိုးတာမျိုး မဟုတ်ဘူး။ သူနဲ့လူချင်းကလည်း သိတယ်။ သူက မင်းကွန်းမှာ နေတာဖြစ်တဲ့အတွက် မန္တလေးကိုလာတဲ့အခါ ထီလက်မှတ်ကိုယူလာဖို့ ပြောခဲ့တယ်။ ပြီးတော့သူက ကျွန်မ တစ်ယောက်တည်းကို ရောင်းထားတာမဟုတ် ဘူး။ တခြားသူငယ်ချင်းတွေကိုလည်း ရောင်းထားတာ။ အဲဒီမှာ မမို့မို့က သူ့မှာ ထီလက်မှတ် တွေများပြီး အလုပ်ရှုပ်နေတာ။ မနက်ဖြန်ထီ ထွက်ရင် တိုက်စစ်ပေးပါဦး။ ဒီထီလက်မှတ်ကိုလည်း ခဏနေဦး။ နင်နဲ့ငါနဲ့ တစ်ရပ်ကွက် သူ တစ်ကွက်သားတွေ ဘာမှပြောနေစရာ မလိုဘူးဆိုပြီး ကျွန်မထီလက်မှတ်ကို နောက်မှ လာယူဆိုပြီး မပေးခဲ့ဘူး။ အဲဒီမှာ ၃၀ ရက် နေ့ညဖြစ်သွားတဲ့အတွက် ထီလက်မှတ် မရခဲ့ဘူးဆိုတဲ့ သဘောပါပဲ။ ထီဖွင့်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာတော့ ထီလက်မှတ်ကသူ့ဆီမှာ ရှိနေသေးတော့ အခုလိုထီလက်မှတ်မပေး တော့ဘဲ ပေါ်တင်လိမ်လိုက်တဲ့သဘောဖြစ်သွားတယ်။ အခုဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်မ အမှုဖွင့်ပြီးပါပြီ”ဟု ကျပ်သိန်းတစ်ထောင် ထီကံထူးသူ မဇင်မေထွန်းက ပြောကြားသည်။

ထိုသို့ ထီလက်မှတ်ဖိုးငွေပေးချေ၍ထီ ထိုးခဲ့ပြီး အဆိုပါထီမှ ကျပ်သိန်းတစ်ထောင် ဆုပေါက်ခဲ့သော်လည်း ထီဆိုင်ပိုင်ရှင်ဖြစ်သူ ထီလက်မှတ်ထုတ်မပေးသောကြောင့် လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ထီလက်မှတ်များ နှင့်ပတ်သက်၍ စည်းကမ်းချက်များထုတ်ပြန် ထားရာတွင် ထီဆုလက်မှတ်တင်ပြနိုင်မှသာ ဆုငွေထုတ်ယူခွင့်ရှိပြီး၊ ထီလက်မှတ် ဝယ်ယူကြောင်း၊ ပိုင်ဆိုင်ကြောင်း၊ ပျောက်ဆုံးသွားကြောင်းတို့နှင့်စပ်လျဉ်းသော အချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများ စသည်တို့ကို အောင်ဘာလေသိန်းဆုဌာနခွဲမှ လက်ခံစဉ်းစားပေးမည်မဟုတ်ဘဲ ထီလက်မှတ် မတင်ပြနိုင်ပါက ဆုငွေထုတ်ပေးမည် မဟုတ်ဘဲ ဆုရလက်မှတ်တင်ပြနိုင်သူကိုသာ ဆုငွေရထိုက်သည်ဟု အသိအမှတ်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။