ကျွဲကို ဤလို့ ဖတ်လိုက်တာလား၊ ဤကို ကျွဲလို့ ဖတ်လိုက်တာလား

ကျွဲကို ဤလို့ ဖတ်လိုက်တာလား၊ ဤကို ကျွဲလို့ ဖတ်လိုက်တာလား
Photo: periodpaper
Photo: periodpaper
Published 8 October 2019
ကျော်ထင်

 

(၁)

အဖေနဲ့အမေ မဆုံးခင်က ထမင်းစားချိန်လေး တစ်ချိန်ကို သတိရမိတယ်။ အဲဒီနေ့က အဖေနဲ့ ကျွန်တော် ထမင်းစားချိန် တိုက်ဆိုင်ခဲ့တယ်။ အများအားဖြင့်ကတော့ အဖေနဲ့ ကျွန်တော်ဟာ သူတစ်ချိန်၊ ကိုယ်တစ်ချိန် စားကြတာ များပါတယ်။ကျွန်တော်က ကျောင်းပြန် မွန်းတည့် ၁၂ နာရီ။ အဖေက ဆွမ်းခံ၊ ကျောင်းပြန် နံနက် ၁၀ နာရီ။ ဘယ်မှာ ဆုံနိုင်မှာလဲ။ အဲဒီနေ့ကတော့ ကျွန်တော် စောပြန်လာခဲ့တာရယ်၊ စောစောစီးစီး ဆာနေတာရယ်ကြောင့် အဖေနဲ့ ထမင်းစားချိန် ဆုံဖြစ်တယ်။

အမေက အဖေ့အတွက် ထမင်းဟင်း ထည့်ပေးရင်းနဲ့ အနားမှာ ရှိနေတယ်။အဖေက ထမင်းထည့်ဦးမှာလား၊ ယူဦးမှာလားဆိုမှ ထည့်မယ်၊ ယူမယ်၊ မထည့်ဘူး၊ မယူဘူး လုပ်တာဆိုတော့ အမေက အနားမှာ ထိုင်ပေးရင်း ဂရုစိုက်ကြည့်နေရတယ်။ အဖေ့အတိုင်းဆို အရင်ထည့်ပေးထားတဲ့ ထမင်းတစ်ပန်း ကန်နဲ့တင်ပဲ ကုန်ရင် တော်လိုက်တာများတယ်။ ထပ်ထည့်လေ့ သိပ်မရှိဘူး။ အဖေက အသက်ကြီးမှ အနေလေးပြီး သွေးအေးသွားတယ်။ လောဘ လျော့သွားတယ်။

(၂)

အဲဒီနေ့ ထမင်းဝိုင်းမှာ အဖေနဲ့အမေကို ကြည့်ရတာ တခြားနေ့တွေထက် ပိုအိုစာနေသလိုပဲ ထင်မိတယ်။ အဲဒီလိုပဲ ကျွန်တော် ခံစားရတယ်။ သူတို့ကို ကြည့်ရင်းနဲ့ အကဲခတ်သလို ဖြစ်သွားလို့လား၊ သုံးသပ်သလို ဖြစ်သွားလို့လား မသိဘူး၊ ကျွန်တော့်စိတ်ထဲမှာ အာရုံတစ်ခုကို ဖြတ်ခနဲ ဖမ်းယူရရှိလိုက်ပြန်တယ်။ ရင်ထဲမှာ နွမ်းနွမ်းဖတ်ဖတ်လည်း ဖြစ်သွားရတယ်။ မိသားစုဆိုတဲ့ ဆုံစည်းမှုဟာ နောက်ဆုံးမှာတော့ ဒီလိုတွေချည်းပါပဲလားဆိုတဲ့ အသိတစ်လုံးကြောင့်လည်း စိတ်တစ်ခုလုံး လေးလံသွားရတယ်။

အာရုံကတော့ တခြားမဟုတ်ပါဘူး။ အဖန်ဖန်သေရတဲ့ ဆင်းရဲ မရဏံပိ ဒုက္ခံလေ။ ဒီ မရဏံပိ ဒုက္ခံဟာ ဘဝတိုင်း ဘဝတိုင်းဆီ မဖိတ်ဘဲနဲ့ လာနေတာပဲ။ အရှက်အကြောက် မရှိဘဲကို အိမ်ပေါက်စေ့ ပေါက်ချလာတတ်တာ။ ဘယ်သူ့ ဘယ်သူကမှ မကြိုဆိုချင်လည်း၊ လက်မခံချင်လည်း မရဏတရားကတော့ လာနေတာပါပဲ။ ရက်ရက်ရောရောနဲ့ကို အဆီးအတားမရှိ လူတိုင်းစေ့ဆီ လာနေတာပါပဲ။

အဲဒီလို လာနေတာဟာ အဖေနဲ့ အမေဆီ ရောက်လုနေပြီလို့ ကျွန်တော့်အာရုံမှာ ဖြတ်ခနဲ ခံစားလိုက်မိတယ်။ ဒါကြောင့်လည်း စကားတစ်ခွန်းကို စိတ်ထဲမှာ နောက်ကျိကျိ ဖြစ်နေပေမဲ့ ကျွန်တော် အစပျိုးမိခဲ့တယ်။အစကတော့ အဲဒီစကားကို ပြောဖို့ မပြောရက် မဆိုရက် ဖြစ်မိပါသေးတယ်။ဒါပေမဲ့ ပြောဖို့လိုအပ်တယ်ထင်လို့ ပြောချပစ်လိုက်တယ်။ အဖေနဲ့အမေရဲ့ မျက်နှာတွေကို မကြည့် ဘဲ “အဖေနဲ့ အမေတို့လည်း သေဖို့နီးနေပြီ။ အဖေပဲဖြစ်ဖြစ်၊ အမေပဲဖြစ်ဖြစ် သေရင် ဘာလုပ်ပေးရမလဲ။ ဘာဖြစ်ချင်လဲ။ အဖေ အရင်တစ်ခါ ပြောခဲ့ဖူးသလို အသုဘပို့ကို နိဗ္ဗာန်ယာဉ်ကားရယ်၊ အိမ်ကလူတွေအတွက် ကားတစ်စီးရယ်၊ မသကာ အမေ့ညီမတွေအတွက် ကားတစ်စီးရယ်၊ ဒီလောက်နဲ့ပဲ သဂြုႋဟ်ပေးရမှာလား။ လမ်းထိပ်မှာ သင်ပုန်းထုတ်ပြီး ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်မှာ၊ ဘယ်သုသာန်ဆီ ပို့မယ်လို့ဆိုတာတွေ မလုပ်ရတော့ဘူး လား” ကျွန်တော် ဒီလိုပြောတာကို အမေက ငေးကြည့်ပြီး နားထောင်နေခဲ့တယ်။

အဖေက ၀ါးလက်စ ထမင်းလုတ် မကုန်သေးလို့ ခေါင်းညိတ်ပြတယ်။ နံဘေးမှာ ချထားတဲ့ ရေနွေးခွက်ထဲက ရေနွေးကြမ်းနဲ့ မျှောချတယ်။ ခံတွင်းရှင်းမှ “ငါ့သေမှုအပူကို ဘယ်သူ့ကိုမှ ပေးမပူပါနဲ့။ အသုဘပို့ လာကြတဲ့သူတွေထဲမှာ အသုဘ ရုပ်ကလာပ်ကို ကမ္မဋ္ဌာန်းရှုဖို့ လာကြမယ့်သူလည်း ရှိမှာမဟုတ်ပါဘူး။ လာကြတဲ့သူတွေထဲမှာ ခင်လို့လာကြတာ။ ချစ်လို့ လာကြတာ။ မကောင်းတတ်လို့ လာကြတာ၊ မကင်းရာ မကင်းကြောင်းတွေမို့ လာရတာတွေကများမှာပါ။

အဲဒီတော့ကွာ ချစ်လို့လာတဲ့သူ၊ ခင်လို့ လာတဲ့သူတွေ ငါသေလို့ ပူပန်ကြရလိမ့်မယ်။ ဝမ်းနည်းကြရလိမ့်မယ်။ မကောင်းတတ်လို့ရယ်၊ မကင်းရာ မကင်းကြောင်း ဖြစ်တာရယ်ကြောင့် လာရတဲ့သူတွေကျတော့ သူတို့ခမျာ ငါ့အတွက်နဲ့ စိတ်တွေပင်ပန်းပြီး ဒုက္ခတွေ များလွန်းပါတယ်ကွာ။ မဖိတ်ပါနဲ့။ မင်းတို့ ညီအစ်ကို၊ မောင်နှမတွေနဲ့တင် အသုဘ တစ်ဘစာ ချနိုင်ပါတယ်။ မိသားစုလေးနဲ့တင် ပို့လိုက်ကြပါ။

ဆွမ်းသွတ်ရင်လည်း သံဃာတစ်မျိုးတည်းပဲ ပင့်ပြီး ဆွမ်းသွတ်ပါ။ ရပ်ကွက်ထဲက လူတွေကို ဖိတ်စာတွေနဲ့ ဖိတ်၊ ကနားဖျင်းတွေ ထိုးပြီး ကျွေးတာ မွေးတာမျိုးတွေ လုပ်မနေပါနဲ့။ မတတ်နိုင်တဲ့သူတွေအတွက် ကူရပ့ံရတာ တာဝန်ကြီးပါတယ်။ ရပ်ကွက်ထဲမှာ ငွေသုံးထောင်၊ လေးထောင်ဆိုတာ ခက်တဲ့သူက များများရယ်။ ဘုန်းကြီးကျောင်းဆီ ဆွမ်းတစ်ချိုင့်ပို့ရင်ကို ရပါပြီ။ ဘုန်းကြီးကျောင်း သပိတ်သွတ်ရင်လည်း သံဃာတွေကို ပိုက်ဆံတွေ မလှူမိစေနဲ့ကွာ။ အပြစ်ဖြစ်နေပါ့မယ်။

ဘုရား ခွင့်မပြုတာတွေ လှူရင် သပ္ပူရိသ ဒါန မဖြစ်ဘူး။ ငါ သာဓုခေါ်လိုရမှာ မဟုတ်ဘူး။ မကျွတ်မလွတ်ဘဲ နေပါ့မယ်။သူတော်ကောင်းတွေ သုံးဆောင်ထိုက်တဲ့ လှူဖွယ် ပစ္စည်းတစ်ခုခုပဲ လှူပေးပါ။ဘာပဲဖြစ်ဖြစ် ငါကျေနပ်ပါတယ်၊ သာဓု ခေါ်ပါတယ်၊ အမျှယူပါမယ်၊ ရဟန်းတွေနဲ့ မအပ်စပ်တဲ့ အကပ္ပိယ အနာမာသငွေကြေး မဟုတ်ရင် ပြီးတာပါပဲ။ မင်းလည်း သပ္ပူရိသဒါနသုတ်ကို ဖတ်ဖူးသားပဲ။ သူတော်ကောင်းတွေရဲ့ ပေးလှူခြင်း ဖြစ်ပါစေပေါ့” တဲ့။

(၃)

တကယ်တမ်း အဖေသေတော့ အဖေဖြစ်ချင်တာတွေ ဘာဖြစ်သွားရသလဲ။ကျွန်တော် ဆက်စဉ်းစားကြည့်မိတယ်။ တစ်ခါတလေကျ လောကမှာ နေရတာက အခက်သားပါ။ ဖြစ်ချင်တာက တစ်မျိုး၊ ဖြစ်လိုက်ရတာက တစ်ခုဆိုတော့ ကျေနပ်မှု အပြည့်အဝရသွားတဲ့ ဘဝတွေဆိုတာ ရှိမှ ရှိနိုင်ပါ့မလား။ ရတာ မလို၊ လိုတာ မရကြတဲ့ ဘဝတွေမှာ၊ နောက်ဆုံး နှုတ်ဆက်ကြတဲ့ထိတိုင်အောင် ထွက်သက်၊ ဝင်သက်ကို ကိုယ်ကျေနပ်သလို ရှူထုတ်နိုင်ကြပါ့မလား။

တကယ့်တကယ်တမ်းမှာကျတော့ အဖေသေတဲ့ သန်းခေါင်လွန် နှစ်ချက်ခွဲမှာ အဖေသေကြောင်း Facebook ပေါ် တင်လိုက်မိတယ်။ဒါဟာ မိတ်ဆွေတွေကို ဖိတ်မန္တက ပြုဖို့ဆိုတာထက် ပိုပြီးအဓိပ္ပာယ်တာသွားတဲ့ ခွင့်တိုင်ကြားလိုက်တာမျိုးပါ။ ဒါပေမဲ့ မိတ်ဆွေတွေက ခွင့်အဖြစ် နားလည်ပေးကြတဲ့အပြင် အသုဘချရင် ကုသိုလ်ပြုရအောင်လို့ဆိုပြီး ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်တွေနဲ့အတူ ရေဘူးတွေပါ သယ်ပြီး ရောက်ချလာကြတယ်။ လိုအပ်တာထက်တောင် ပိုနေတဲ့ ပစ္စည်းတွေကို ယူလာခဲ့ကြပေမဲ့ လိုရင်ပြောဦးဆိုတဲ့ စိတ်လို လက်ရစကားတွေလည်း ပြောကြပြန်တယ်။

တချို့မိတ်ဆွေတွေက သင်္ကန်းတွေ ယူလာပေးကြတယ်။ အသုဘရှုတွေ လာကြတယ်။ အကျိုးအကြောင်းတွေ မေးကြတယ်။အဖေ့ဆွေမျိုးဆိုတာက ပြင်ဦးလွင်ကနေ ရောက်လာတဲ့ အဖေ့ညီမရယ်၊ ယောက်ဖရယ်လောက်သာရှိပေမဲ့ အမေ့အသိုင်းအဝိုင်းကြီး က အဖေ့အသုဘမှာ အုံကြီးကျင်းကြီးနဲ့ ရှိနေတယ်။ ဒီအုံကျင်းကြီးကို မကျော်နိုင်တော့ ရပ်ကွက်ထဲက အသုဘ ရှုလာကြတဲ့သူတွေကလည်း တစ်ပုံတစ်ပင်ကြီးရယ်။ လုပ်ဖော် ကိုင်ဖက်တွေထဲက တချို့ကလည်း ဖုန်းနဲ့တစ်မျိုး မေးကြတယ်။ အသုဘပို့လို့ ကားကို လိုရင် ကားကို ယူပါ။ လူလိုရင်လည်း ပြောပါ။ အားမနာပါနဲ့။ လာခဲ့ပါ့မယ်ဆိုတာမျိုးတွေ။ ဒါတွေကို ကျွန်တော် ဘယ်လိုငြင်းပယ်ရမလဲ။

အသုဘချတဲ့နေ့ကျတော့ အိမ်ရှေ့က လမ်းမှာ လိုက်ပို့ကြမယ့် ကားအစီးရေက ၃၀။

(၄)

အသုဘ သဂြုႋဟ်ပြီး ညပိုင်းမှာတော့ ဘယ်နှရက်နဲ့ ဆွမ်းသွတ်မှာလဲ၊ လူ ဘယ်နှယောက် ဖိတ်မှာလဲတွေ ပြောကြဆိုကြတဲ့ အစည်းအဝေးလေးတစ်ခု မိသားစုတွေကြားမှာ လုပ်ဖြစ်ကြတယ်။ အဲဒီအစည်းအဝေးမှာ အဖေနဲ့ ကျွန်တော် ကြိုတင်ဆွေးနွေးခဲ့ဖူးတဲ့ အဖေ့ဆန္ဒတွေကို ပြောပြလိုက်ရမလား။ ပြောလိုက်ရင်ရော ဘောင်ဝင်ပါ့မလား။ ဆွမ်းသွတ်ရက်နဲ့ ဘာကျွေးကြမလဲဆိုတာကိုပဲ ဆွေးနွေးနေကြတဲ့ စကားဝိုင်းကြီးထဲမှာ ဆွမ်းမသွတ်ရေး အဖေ့ဆန္ဒကို ပြောပြရင် လက်ခံပေးကြပါ့မလား။ နားထောင်ရုံသက်သက် နားထောင်ပေးပြီး လိုက်မလုပ်ရင် အပြောချည်းပဲ အဖတ်တင်နေလိမ့်မယ်။

ပြောရဲ့သားနဲ့လုပ်မပေးရကောင်းလား ဆိုပြီးတော့လည်း တအုံနွေးနွေး ဖြစ်နေမိလိမ့်မယ်။ အဲဒီနေ့က အမေလည်း ရှိခဲ့တာပဲ။ အမေပြောပေါ့။ ဒါပေမဲ့ ဒီအကြောင်းကို အမေ မပြောဘူး။ အမေလည်း ဓလေ့ထုံးစံ တွေကြားက ရုန်းမထွက်ချင်ဘူးနဲ့တူတယ်။ ဒီတော့လည်း ပြောပြချင်တဲ့စကားတွေက အပ်ကွက်မိသွားသလို ဖြစ်သွားတယ်။ လုပ်ရိုး လုပ်စဉ်တွေထဲမှာ နှုတ်ဆွံ့သွားရတယ်။ အစဉ်အလာတွေနဲ့ အများညီနေတဲ့ကြားမှာ ကျွန်တော် ဖတ်ရမှာက ဤလား။ ကျွဲလား။ ဘာဆိုတာကို သိပ်မသဲကွဲချင်တော့ဘူး။ ကျွန်တော် ဝေဝေ၀ါးဝါးနဲ့ပဲ ငေးနေဖြစ်လိုက်တယ်။

ငါးရက်နဲ့ ဆွမ်းသွတ်မယ်။ ဘုန်းကြီး ငါးပါးပင့်မယ်။ တစ်ပါးစီကို ဝတ္ထုငွေ နှစ်သောင်းစီ ကပ်လှူမယ်။ အဖေက သက်သတ်လွတ်အစားများတော့ အဖေ့အကြိုက် သီးစုံဒံပေါက် ကျွေးမယ်။ ဖိတ်စာ ၃၀၀ ရိုက်မယ်။ ကူပ့ံခြင်း သည်းခံထားမယ်။ ဒါပေမဲ့ ဖိတ်စာမှာတော့ ထည့်ရေးမထားဘူး။ ဒီအချက်တွေကို ဝိုင်းပြီးဆုံးဖြတ်လိုက်ကြတယ်။ ဒါကတော့ ဆွမ်းသွတ်ရင် သံဃာလေးပဲ ပင့်ပြီး ဆွမ်းသွတ်ပေးပါဆိုတဲ့ သွားလေသူ အဖေ့ဆန္ဒအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ဖြည့်ဆည်းမှု။

ဒါဟာလည်း ပတ်ဝန်းကျင် အလိုကျလား၊ အရိုးစွဲနေတဲ့ စိတ်ရင်းတွေကြောင့်လား ဆိုတာ ကျွန်တော် မဝေခွဲနိုင်ပါဘူး။

(၅)

ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဖေ့ဆွမ်းသွတ်နေ့မှာ လာကြတဲ့သူတွေ စိတ်ချမ်းသာကြတယ်။ ဝမ်းမြောက်ကြတယ်။ ကျွန်တော့်အဖေရဲ့ သေပူကို သူတို့ယူစရာ မလိုကြဘူးလေ။ကျွန်တော့်အဖေရဲ့ သေထုပ်ကို သူတို့ပိုးစရာ မလိုခဲ့ကြဘူး။ အဖေ့ရဲ့ သေလှူမှာ သူတို့စိတ်တွေ နည်းနည်းတော့ ကျေနပ်လောက်မယ်ထင်ရဲ့။