တေးသံရှင် ဇော်ဝင်းထွဋ်နှင့် ဝေလတို့၏ ဂီတဖျော်ဖြေပွဲ အောက်တိုဘာ ၁၄ရက်တွင် Mandalay Hill Resort ၌ ပြုလုပ်မည်

တေးသံရှင် ဇော်ဝင်းထွဋ်နှင့် ဝေလတို့၏ ဂီတဖျော်ဖြေပွဲ အောက်တိုဘာ ၁၄ရက်တွင် Mandalay Hill Resort ၌ ပြုလုပ်မည်
သီတင်းကျွတ်ကာလတွင် ဖျော်ဖြေတင်ဆက်မည့် တေးသံရှင် ဝေလ
သီတင်းကျွတ်ကာလတွင် ဖျော်ဖြေတင်ဆက်မည့် တေးသံရှင် ဝေလ
Published 7 October 2019

တေးသံရှင် ဇော်ဝင်းထွဋ်နှင့် ဝေလတို့၏ ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၁၄ ရက်တွင် မန္တလေးမြို့ရှိ Mandalay Hill Resort ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တေးသံရှင်ဇော်ဝင်းထွဋ်သည် အင်ပါယာတီးဝိုင်းနှင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကာ တေးသံရှင်ဝေလမှာ Runner Music Band နှင့် တွဲဖက်တင်ဆက်ရန် စီစဉ်ထားကြောင်းသိရသည်။ သီတင်းကျွတ်ကာလ ဂီတဖျော်ဖြေပွဲအဖြစ် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်တွင် တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“သီတင်းကျွတ်က မန္တလေးမှာ ပွဲလုပ်ဖို့ ရှိပါတယ်။ ကိုညီထွဋ်နဲ့ ကိုဝေလနဲ့ပါ။ Mandalay Hill Resort မှာလုပ်မှာပါ။ ဒီပွဲအတွက် စပြီးပြင်ဆင်နေပါပြီ။ လက်မှတ်ရောင်းမယ့် နေ့ရက်နဲ့ အချိန်တွေကိုတော့ပြန်ပြီး အသိပေးသွားပါမယ်” ဟု အင်ပါယာတီးဝိုင်းမှ ကိုသန့်ဇော်က ဆိုသည်။         

မန္တလေးမြို့၌ပြုလုပ်မည့် ထိပ်တန်းတေးသံရှင်နှစ်ဦး၏ ဂီတဖျော်ဖြေပွဲအား ပရိသတ်စိတ်ဝင်စားမှု များပြားလျက်ရှိကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲတွင် တေးသံရှင်ဇော်ဝင်းထွဋ်သည် အင်ပါယာ တီးဝိုင်းနှင့် တွဲဖက်ကာ ထင်ရှားသည့်တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။ တေးသံရှင် ဝေလကလည်း ထွက်ရှိထားပြီးဖြစ်သည့် တေးသီချင်းကောင်းများအပြင် မကြာမီကထွက်ရှိထားသည့် စာရိတ္တတေး အယ်လ်ဘမ်သစ်မှ တေးသီချင်းများဖြင့်လည်း ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲကို ည ရနာရီတွင် စတင်ရန်စီစဉ်ထားခြင်း ဖြစ်သည်။ ဖျော်ဖြေပွဲအတွက် လက်မှတ်နှုန်း ထားနှင့် စတင်ရောင်းချမည့် နေ့ရက်တို့အား ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သီတင်းကျွတ်ကာလတွင် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် ဖျော်ဖြေပွဲများ ဆက်တိုက်ကျင်းပရန် စီစဉ်ထားကာ ယခုဖျော်ဖြေပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်ကာ အခြားသောဖျော်ဖြေပွဲများလည်း ကျင်းပရန် စီစဉ်ထားသည်။

 

Most Read

Most Recent