တေးသံရှင် ဂျူဝဲလ် ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

တေးသံရှင် ဂျူဝဲလ် ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 4 October 2019
လင်းလင်းခိုင်

သီချင်းဆိုပြိုင်ပွဲတွေ အပြိုင်အဆိုင် ထွက်ပေါ်လာပြီးတဲ့နောက် သီချင်းဆိုပြိုင်ပွဲစင်မြင့်ထက်ကနေ ဂီတလမ်းခရီးကို လျှောက်လှမ်းနိုင်ကြတဲ့ လူငယ်မျိုးဆက်သစ် အနုပညာရှင်များစွာလည်း ထွက်ပေါ်လို့လာပါတယ်။ ဒီလိုလျှောက်လှမ်းလာကြသူတွေထဲမှာ ထူးထူးခြားခြား သတိပြုမိစေခဲ့သူတစ်ဦးကတော့ “Message” တေးသီချင်းလေးရဲ့ ပိုင်ရှင် တေးသံရှင်ဂျူဝယ်လ်ပဲဖြစ်ပါတယ်။ ၂၀၁၇ ရဲ့ချစ်သူများနေ့မှာ “ Message” သီချင်းရဲ့ Music Video ကို အွန်လိုင်းမှာ လွှင့်တင်ခဲ့ရာကနေ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့သလို Cover Song လေးတွေကို ကိုယ်ပိုင်ဟန်နဲ့သီဆိုတတ်တဲ့ The Four အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့လည်း ပရိသတ်အသိအမှတ်ပြုမှု ရရှိလာခဲ့သူဖြစ်ပါတယ်။ ၀ါသနာပါရာဂီတခရီးလမ်းကို ပြိုင်ပွဲတွေကတစ်ဆင့် တစ်ဆင့်ချင်းလျှောက်လှမ်းလာခဲ့တဲ့ တေးသံရှင်ဂျူဝယ်လ်ရဲ့ ငယ်စဉ်ဘဝအမှတ်တရပုံရိပ်တွေကို တင်ဆက်ပေးချင်ပါတယ်။

တေးသံရှင်ဂျူဝယ်လ်ကို နှစ်တစ်နှစ်ရဲ့ နိုဝင်ဘာလမှာမွေးဖွားခဲ့ပြီး ပြင်ဦးလွင်ဇာတိဖြစ်ပါတယ်။ နာမည်ရင်းက ရတနာဦးဖြစ်ပြီး တစ်ဦးတည်းသော သမီးပါလို့ ပြောပြခဲ့ပါတယ်။ ဂျူဝယ်လ်က ငယ်စဉ်ကလေးဘဝအမှတ်တရ အနေနဲ့ကတော့ မွေးဖွားချိန်မှာမငိုတဲ့အတွက် တော်တော်လေးကိုနာအောင် ရိုက်မှသာ ငိုသံထွက်လာတယ်လို့ မိဘတွေက ပြန်ပြောပြခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာတော့ စကားနည်းတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပြီး ကစားမက်တယ်လို့ဆိုပါတယ်။

ဂျူဝယ်လ်ရဲ့အနုပညာဝါသနာဗီဇကိုတော့ လေးငါးတန်းအရွယ်ရောက်မှသာ သတိထားမိခဲ့တယ်လို့ဆိုပါတယ်။ ပြင်ဦးလွင်မှာသာ တောက်လျှောက်ကြီးပြင်းခဲ့ရတဲ့ ဂျူဝယ်လ်က ငါးတန်းလောက်မှာ ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ရာကနေ သီချင်းတွေကို ပိုပြီးကြိုက်တတ်လာတယ်လို့ဆိုပါတယ်။

“ငယ်ငယ်ကတော့ သီချင်းတွေအရမ်းကြိုက်တယ်ဆိုတာမျိုး မရှိဘူး။ ငါးတန်းလောက်မှာ ကာရာအိုကေသီချင်းဆိုပြိုင်ပွဲတစ်ခုမှာ အပျော်ဝင်ပြိုင်တယ်။ အဲဒီကနေမှ ကျောင်းကနေ ဆိုကရေးတီးပြိုင်ပွဲဝင်ပြိုင်ဖို့ ပြောတော့လည်း ကိုယ်ကြားနေကျသီချင်းတွေနဲ့ပဲ ပြိုင်ရမယ်ထင်ပြီး ဝင်ပြိုင်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းပြိုင်တဲ့အခါ အတွေ့အကြုံကောင်းတွေလည်း အများကြီးရခဲ့သလို သီချင်းဆိုတဲ့အခါ မိုနိုနဲ့စတီရီယိုကို သေချာလေး ခွဲခြားသီဆိုတတ်လာပါတယ်” လို့ တေးသံရှင်ဂျူဝယ်လ်က ဆိုပါတယ်။

ဂျူဝယ်လ်က ဆိုကရေးတီးဗဟိုအဆင့်ပြိုင်ပွဲတွေမှာ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ဗုဒ္ဓဝင်တေးသီချင်းတွေကို သီဆိုယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်ဆုတွေ နှစ်အလိုက်ရခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်ကတည်းကစပြီး ဂီတဝါသနာက ခိုင်မာစွဲမြဲလာခဲ့တယ်လို့လည်း ပွင့်ပွင့်လင်းလင်းဆိုပါတယ်။ ဂျူဝယ်လ်ကကျောင်းပညာရေးကိုတော့ ပြင်ဦးလွင်မှာ ကိုးတန်းအောင်တဲ့အထိ သင်ကြားခဲ့သလို ဆယ်တန်းနှစ်မှာတော့ မတ္တရာမှာ သွားရောက်ဖြေဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ B.SC (Industrial Chemistry)ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ ကျောင်းပညာရေးမှာတော့ ထူးချွန်တဲ့အထဲမပါဝင်ဘူးလို့လည်း ဂျူဝယ်လ်က အမှတ်တရဆိုပါတယ်။

ဂျူဝယ်လ်က ဂီတခြေလှမ်းနောက်တစ်လှမ်းအဖြစ် ၂၀၁၀ မှာတော့ Super Star Singing Contest မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သလို ၂၀၁၂ မှာတော့ မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနောက်မှာ မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲရဲ့ ဒုတိယဆုကိုလည်း ရယူနိုင်ခဲ့သလို ပြိုင်ပွဲကရလာတဲ့ အတွေ့အကြုံကောင်းများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာပဲ ဂီတမိတ်သင်တန်းကို တက်ရောက်ဖြစ်ခဲ့တဲ့အပြင် Musical Theory ပိုင်းအပါအဝင် ဂီတနဲ့ပတ်သက်တာတွေကို လေ့လာသင်ယူခွင့် ရခဲ့တယ်လို့ဆိုပါတယ်။ ဂျူဝယ်လ်ရဲ့ နောက်ထပ်အချိုးအကွေ့တစ်ခုအနေနဲ့ ဂီတမိတ်သင်တန်းသားတွေ စုစည်းဖွဲ့စည်းထားတဲ့ The Four အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ Cover Song လေးတွေကို ကိုယ်ပိုင်ဟန်နဲ့ သီဆိုတတ်တဲ့ အဖွဲ့တစ်ခုဖြစ်ပြီး The Four အနေနဲ့ ဖြည်းဖြည်းမှန်မှန် ချီတက်နေရာကနေ ပရိသတ် အသိအမှတ်ပြု အားပေးမှုကို ရရှိလာခဲ့ပါတယ်။

ဂျူဝယ်လ်ကို ပရိသတ်ပိုမိုသတိပြုမိစေခဲ့တာက “Message” လို့အမည်ရတဲ့ သီချင်းလေးပါ။ အချစ်အလွမ်း သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပြီး ၂၀၁၇ ချစ်သူများနေ့မှာ အွန်လိုင်းမှာ လွှင့်တင်ခဲ့ရာမှာတော့ ပရိသတ်အားပေးမှုများခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာပြီး နောက်မှာတော့ တေးသံရှင်ဂျူဝဲလ်က The Four အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး တစ်ကိုယ်တော်ဂီတလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ခွင့်ရလာခဲ့ပါတယ်။

“အခက်အခဲတွေတော့ရှိပါတယ်။ ကျွန်တော်တို့က ဂီတမျိုးရိုးလည်းမဟုတ်ဘူးလေ။ အမေကဆရာမဆိုတော့ သူ့အလုပ်နဲ့သူ မအားသလို အဖေကလည်း မလိုက်ပေးနိုင်တာကြောင့် ငယ်ငယ်ကတည်းကလည်း ကိုယ့်ဘာသာ အဆင်ပြေပြေ နေတတ်ထိုင်တတ်အောင် ကြိုးစားရတယ်။ ၀ါသနာပါတဲ့အလုပ်ဖြစ်တာကြောင့် အခက်အခဲတွေရှိလည်း ဒီလိုပဲ ကြိုးစားကျော်ဖြတ်မယ်ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။ အခုချိန်မှာတော့ အခက်အခဲတွေရှိလည်းပဲ ၀ါသနာပါတာ လုပ်နေရရင် ပျော်တယ်ဆိုတဲ့စိတ်နဲ့ ဖြတ်သန်းဖြစ်တာပါ” လို့ ဆိုပါတယ်။

လတ်တလောမှာ တေးသံရှင် Ar- T နဲ့ တွဲဖက်သီဆိုထားတဲ့ “မျက်ရည်မကျကြေး” တေးသီချင်းလေး ထွက်ရှိထားသလို တေးသီချင်းသစ်တွေလည်း ဆက်တိုက်ထွက်ရှိသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။  တေးသံရှင်ဂျူဝယ်လ်ရဲ့ ငယ်ဘဝအမှတ်တရတွေကို ဖတ်ရှုရင်း အခက်အခဲတွေကိုအန်တုလို့ ယုံကြည်ရာလမ်းကို လျှောက်လှမ်းနေတဲ့ လူငယ်တစ်ယောက်ရဲ့ တက်ကြွမှုတွေကိုလည်း မြင်တွေ့ခဲ့ရမှာပါ။ ဒါကြောင့် နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ ငယ်စဉ်ဘဝက အမှတ်တရတွေ၊ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပုံတွေကို မေးမြန်းဦးမယ်ဆိုတာ စောင့်မျှော်ဖတ်ရှုပေးပါဦး လို့ဆိုပါရစေ။