ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှု အညွှန်းကိန်း (Ease of Doing Business) အဆင့်မြင့်တက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု အများဆုံး ဆောင်ရွက်သည့် နိုင်ငံ ၂၀ စာရင်းတွင် မြန်မာ ပါဝင်

ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှု အညွှန်းကိန်း (Ease of Doing Business) အဆင့်မြင့်တက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု အများဆုံး ဆောင်ရွက်သည့် နိုင်ငံ ၂၀ စာရင်းတွင် မြန်မာ ပါဝင်
Published 29 September 2019
စည်သူအောင်

ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်း (Ease of Doing Business) အဆင့်မြင့်တက်ရေးအတွက် ပြု ပြင်ပြောင်းလဲမှု အများဆုံးဆောင်ရွက်သည့် နိုင်ငံ ၂၀ စာရင်းတွင် မြန်မာ ပါဝင်ကြောင်း ကမ္ဘာ့ဘဏ်က အသိပေးကြေညာထားသည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သော စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းအတွက် ပြုပြင်ပြောင်းလဲမှု အများဆုံးဆောင်ရွက်သည့် နိုင်ငံ ၂၀ စာရင်းတွင် အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျီဘောက်တီ၊ အိန္ဒိယ၊ ဂျော်ဒန်၊ ကင်ညာ၊ ကိုဆိုဗို၊ ကူဝိတ်၊ ခါဂျစ်ရီ ပက်ဘလစ်၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်၊ တိုဂို၊ ဥဇဘတ်ကစ္စတန်၊ ဇင်ဘာဘွေနိုင်ငံတို့ ပါဝင်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်တွင် တိုးတက်မှုငါးခု ဆောင်ရွက်နိုင်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ ရန်ကုန်မြို့၏ ရေ၊ မိလ္လာနှင့် ရေဆိုးနုတ်စနစ်ကောင်းမွန်အောင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း၊ အွန်လိုင်းကုမ္ပဏီ မှတ်ပုံတင်စနစ် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ အိမ်ခြံမြေပိုင်ဆိုင်မှု မှတ်ပုံတင်လုပ်ငန်းစဉ် မြန်ဆန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊  မြန်မာတရားရုံးများ၏ စွမ်းဆောင်မှုအစီရင်ခံစာ ထုတ်ဝေနိုင်ခဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးနိုင်ခဲ့ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းအတွက် ပြုပြင်ပြောင်းလဲမှု အများဆုံးဆောင်ရွက်သည့် နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သော စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်း ၂၀၁၉ တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁ ၌ ဆက်လက်ရပ်တည်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကလည်း အဆင့် ၁၇၁ ဖြစ်သည်။

၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် အကဲဖြတ်သည့်အဆင့် ၁၁ ဆင့်ရှိပြီး စီးပွားရေးလုပ်ငန်းတစ်ခုစတင် ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်ဓာတ်အား သွယ်တန်းရယူခြင်း၊ မြေနှင့်အိမ်ရာ အဆောက်အအုံ မှတ်ပုံတင်ခြင်း၊ ချေးငွေရယူခြင်း၊ အနည်းစုသော ရင်း နှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ပေးဆောင်ခြင်း၊ ပြည်ပကုန်သွယ်မှုများ ဆောင်ရွက်ခြင်း၊ စာချုပ်စာတမ်းသဘောတူ ညီမှုဆိုင်ရာအာဏာတည်မြဲစေခြင်း၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်း၊ အလုပ်သမားစျေးကွက်အတွက် စည်းမျဉ်းများရှိခြင်းတို့ဖြစ်သည်။

၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်းတွင် ကဏ္ဍအလိုက် မြန်မာ နိုင်ငံရရှိသော အဆင့်များမှာ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းတွင် အဆင့် ၁၅၂၊ အ ဆောက်အအုံဆောက်လုပ်ခွင့်ရယူခြင်းတွင် အဆင့် ၈၁၊ လျှပ်စစ်ဓာတ်အားသွယ်တန်း ရယူခြင်းတွင် အဆင့် ၁၄၄၊ မြေနှင့် အဆောက်အအုံ မှတ်ပုံတင်ခြင်းတွင် အဆင့် ၁၃၆၊ ချေးငွေရယူခြင်း၌ အဆင့် ၁၇၈၊ အနည်း စုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ် ပေးခြင်းတွင် အဆင့် ၁၈၅၊ အခွန်ငွေပေးဆောင်ခြင်းတွင် အဆင့် ၁၂၆၊ ပြည်ပကုန် သွယ်မှုများ ဆောင်ရွက်ခြင်းတွင် အဆင့် ၁၆၈၊ စာချုပ်စာတမ်းသဘောတူညီမှုဆိုင်ရာ အာဏာတည်မြဲစေခြင်း၌ အဆင့် ၁၈၈၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းတွင် အဆင့် ၁၆၄ ရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါကဏ္ဍအလိုက် ရရှိသောအဆင့်များအနက် ရမှတ် ၁၀၀ တွင် ရမှတ် ၅၀ ကျော်သော ကဏ္ဍများမှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခွင့် ရယူခြင်း၊ လျှပ်စစ်ဓာတ်အားသွယ်တန်း ရ ယူခြင်း၊ မြေနှင့် အဆောက်အအုံမှတ်ပုံတင်ခြင်း၊ အခွန်ငွေ ပေးဆောင်ခြင်းတို့ဖြစ်ပြီး ရမှတ်အနည်းဆုံးကဏ္ဍများဖြစ်သော ချေးငွေ ရယူခြင်းတွင် ရမှတ် ၁၀ မှတ်၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းတွင် ရမှတ် ၂၀ ဒသမ ၃၉ မှတ်၊ စာချုပ်စာတမ်းသဘောတူညီမှုဆိုင်ရာ အာ ဏာတည်မြဲစေခြင်းတွင် ရမှတ် ၂၄ ဒသမ ၅၃ မှတ်၊ အနည်းစုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်းတွင် ရမှတ် ၂၅ မှတ်သာ ရရှိခဲ့သည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော Ease of Doing Business Report (စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်း) တွင် မြန်မာ နိုင်ငံ ခြောက်နှစ်အတွင်းရရှိခဲ့သော အဆင့်များ မှာ ၂၀၁၄ ခုနှစ်တွင် ၁၈၂၊ ၂၀၁၅ ခုနှစ်တွင် ၁၇၇၊ ၂၀၁၆ ခုနှစ်တွင် ၁၆၇၊ ၂၀၁၇ ခုနှစ်တွင် ၁၇၀၊ ၂၀၁၈ ခုနှစ်တွင် ၁၇၁ နှင့် ၂၀၁၉ ခုနှစ် တွင်လည်း အဆင့် ၁၇၁ သာ ဆက်လက်ရရှိခဲ့ခြင်းဖြစ်သည်။