နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များ၏ ဘက်စုံအဆင့်မြင့်တိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် ပြည်ပတက္ကသိုလ် ၁၅ ခုနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိ

နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များ၏ ဘက်စုံအဆင့်မြင့်တိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် ပြည်ပတက္ကသိုလ် ၁၅ ခုနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိ
 ဆေးတက္ကသိုလ်(၂)ရန်ကုန်ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
ဆေးတက္ကသိုလ်(၂)ရန်ကုန်ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
Published 27 September 2019
အိသဥ္ဇာကျော်

နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များ၏ ဘက်စုံအဆင့်မြင့်မားတိုးတက်ရေး၊ ဆရာ ဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ပြည်ပတက္ကသိုလ် ၁၅ ခုနှင့်  ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဆေးတက္ကသိုလ်တွေရဲ့ အဆင့်မြင့်မားရေးနဲ့ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြည်ပတက္ကသိုလ် ၁၅ ခုနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ ယူကေမှာရှိတဲ့ တော်ဝင်ကောလိပ်တွေနဲ့ ချိတ်ဆက်ပြီး MRCP, MRCPCH, MRCOG, MRCS စာမေးပွဲတွေကို မြန်မာနိုင်ငံမှာ ပူးပေါင်းစစ်ဆေးတဲ့အခါမှာလည်း မြန်မာနိုင်ငံက ဆရာဝန်တွေရဲ့ အောင်ချက်က အလွန်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါတွေအပြင် ဝန်ကြီးဌာနက ဆရာဝန်ကြီးတွေ နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ဆရာဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး နှလုံး၊ အစာအိမ်အူလမ်းကြောင်း၊ ဦးခေါင်း လည်ပင်း၊ အသည်း ကျောက်ကပ် အစားထိုးကုသခြင်း စတဲ့ခွဲစိတ်ကုသမှုတွေ အထူးကြပ်မတ်ကုသမှုတွေ မေ့ဆေးနဲ့ ကင်ဆာရောဂါ ကုသမှုဆိုင်ရာ စတဲ့ ဆေးပညာဘာသာရပ် ၁၇ ခုမှာလည်း အကြိမ်ရေ ၂၀၀ အထက် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးပါပြီ။ ဆက်လက်ပြီးလည်း ပိုမို ပူးပေါင်းဆောင်ရွက်သွားဖို့ ဆောင်ရွက်နေပါတယ်”} ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

လက်ရှိ နားလည်မှုစာချွန်လွှာများဖြင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဆေးတက္ကသိုလ်(၁)တွင် ၁၀ ခု၊ ဆေးတက္ကသိုလ်(၂)တွင် ၁၃ ခု၊ ဆေးတက္ကသိုလ်(မကွေး)တွင် လေးခု၊ ဆေးတက္ကသိုလ်(မန္တလေး)တွင် ၁၁ ခုနှင့် ဆေးတက္ကသိုလ်(တောင်ကြီး)တွင် တစ်ခုရှိပြီး  ပြည်ပတက္ကသိုလ် ၁၅ ခုနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆေးတက္ကသိုလ်များတွင် လာမည့် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်မှစ၍ နိုင်ငံတကာအဆင့်မီ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းအသုံးပြုသင်ကြားရန် စီစဉ်နေပြီး ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စတင်တက်ရောက်ခဲ့သည့် ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းများ၊ လက်ရှိ ဆေးတက္ကသိုလ် ဒုတိယနှစ်သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို ကနဦး Pilot Study ပုံစံဖြင့်ဆောင်ရွက်နေကြောင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေးဗဟိုကော်မတီမှ သိရသည်။

“ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားလေ့ကျင့်နိုင်ဖို့အတွက် ၂၀၁၆ ခုနှစ်ကတည်းက ကော်မတီကို ဘာသာရပ်အသီးသီးကပါ မောက္ခတွေ အငြိမ်းစားပညာရှင်တွေ ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတကာဆေးတက္ကသိုလ်ခြောက်ခုမှာ သင်ကြားသင်ယူနေတဲ့ ပုံစံတွေကိုလေ့လာပြီး  Johns Hopkins University က ပညာရှင်တွေနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်နဲ့ ကိုက်ညီစေမယ့် သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ရေးဆွဲထားပါတယ်” ဟု မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးမောင်ဟန်က ပြောကြားသည်။

လက်ရှိ ဆေးတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းကို Integrated Curriculum ဖြင့် သင်ကြားနိုင်ရေး ပြင်ဆင်ရေးဆွဲနေပြီး လာမည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် သင်တန်းများမှစ၍ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ် အသီးသီးမှ ၂၀၁၆ ခုနှစ်မှ လက်ရှိအထိ ဆေးလက်တွေ့ပညာဘာသာရပ် ၃၂ မျိုးမှ ဆေးပညာမဟာသိပ္ပံဘွဲ့ရ ၉၆၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုလက်ရှိတွင် ဆေးလက်တွေ့ပညာဘာသာရပ် ၃၂ မျိုးမှ ဆေးပညာမဟာသိပ္ပံပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများတွင်၂၅၁၇ ဦး၊ ဆေးလက်တွေ့အခြေခံပညာရပ် ရှစ်မျိုးပါရဂူဘွဲ့သင်တန်းများတွင် ၁၀၂ ဦးနှင့် ဆေးလက်တွေ့ပညာရပ် ၃၅ မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် ၅၃၄ ဦးအား သင်ကြားပေးကြောင်း သိရသည်။ 

Most Read

Most Recent