မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ ငြိမ်းချမ်းရေးခရီး အနီးအဝေး

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ ငြိမ်းချမ်းရေးခရီး အနီးအဝေး
ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်ကကျင်းပသည့် အစိုးရနှင့် ဆွေးနွေးပွဲသို့ မြောက်ပိုင်းလေးဖွဲ့ တက်ရောက်လာစဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)
ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်ကကျင်းပသည့် အစိုးရနှင့် ဆွေးနွေးပွဲသို့ မြောက်ပိုင်းလေးဖွဲ့ တက်ရောက်လာစဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)
Published 23 September 2019
မင်းနိုင်စိုး

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာနိုင်ရန် အစိုးရက အရှိန်အဟုန်ဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြသည့် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့သည် အဆိုပါ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း၌ လေးကြိမ် စုစုပေါင်းငါးကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

ပြည်တွင်း တွေ့ဆုံဆွေးနွေးမှုများအဖြစ် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် လည်းကောင်း၊ ဇွန် ၃၀ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အထူးဒေသ (၄)၊ မိုင်း လားမြို့တွင် လည်းကောင်း၊ သြဂုတ် ၃၁ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်တွင် ကျိုင်းတုံမြို့တွင် လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အကြား Bilateral Ceasefire Agreement လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသော အဆိုပါ တွေ့ဆုံမှုများတွင် အပစ်ရပ်စာချုပ် မူကြမ်းများကို နှစ်ဖက်အပြန်အလှန် ပေးပို့ထားကြပြီး Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက် သဘောတူညီမှုမရဘဲ ကျန်ရှိနေသည့် အချက်တချို့မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ ပါဝင်ရေးတို့ ဖြစ်သည်။

အစိုးရ၏ NRPC နှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ သြဂုတ် ၃၁ ရက် တွေ့ဆုံမှုသည် နိုင်ငံရေးအရ တိုးတက်မှုရှိသည့် တွေ့ဆုံဆွေးနွေးပွဲဟု ကောက်ချက်ချ၍ ရနိုင်ပြီး အဆိုပါ ဆွေးနွေးပွဲအပြီးတွင် အချက်ခြောက်ချက်ပါသော ပူးတွဲသတင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်နိုင်ခဲ့သည်။

အဆိုပါ အချက်ခြောက်ချက်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး၊ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည်ဆွေးနွေးခဲ့ကြပြီး တပ်နေရာ ချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန် မည်သို့ ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်ကိုယ်စားလှယ် အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ခြင်းများသည် သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲ၏ အဓိကအချက်များ ဖြစ်ခဲ့သည်။

Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးနောက် NCA နှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်း သွားရေးကိုလည်း အဆိုပါ ဆွေးနွေးပွဲက သဘောတူညီခဲ့ကြပြီး တိုက်ပွဲများ ရပ်တန့်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေးဆန္ဒ အပြည့်အဝဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားကြမည်ဟု သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲက ပူးတွဲသတင်း ထုတ်ပြန်ခဲ့ကြသည်။

သြဂုတ် ၃၁ ရက် ကျိုင်းတုံ ဆွေးနွေးပွဲပြုလုပ်ချိန်သည် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA၊ MNDAA၊ AA တို့အကြား ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသော ကာလဖြစ်ခဲ့သည့် အတွက် အဆိုပါ တိုက်ပွဲများ မည်သို့လျှော့ချနိုင်မည် ဆိုသည်ကို အဓိက ဆွေးနွေးခဲ့ကြသည်။

သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အတွင်း ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့၏ တိုက်ပွဲများကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၂၀ အထက် ဆုံးရှုံးခဲ့ရပြီး ညီနောင်မဟာမိတ် အဖွဲ့များ၏ မိုင်းထောင်ဖျက်ဆီးမှုများကြောင့် တံတားလေးစင်း ပျက်စီးခဲ့ရသည်ဟု Eastern Reviwn က ဖော်ပြခဲ့သည်။

ထို့ပြင် သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း လက်နက်ထိမှန် သေဆုံးမှုနှင့် အခြားသော အကြောင်းအရာများကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ ခြောက်ထောင်ဝန်းကျင် ရှိခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း မီးရှို့ဖျက်ဆီးခံရခြင်းနှင့် တာယာပစ်ဖောက် ခံရခြင်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အရပ်သားပိုင် ကားအစီးရေ ၃၇ စီးရှိခဲ့ပြီး အနည်းဆုံး တစ်ရက်ပိတ်ခဲ့ရသည့် စာကျောင်းပေါင်း ၁၂၀ အထိရှိကာ ဒေသတစ်ခုနှင့် တစ်ခုသွားလာ၍ မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများလည်း ရှိခဲ့သည်။

တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား ထိုသို့ဖြစ်ပွားနေသော ပြင်းထန်သည့် အခြေအနေများကြောင့် သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲက အဆိုပါ အခြေအနေများကို မည်သို့လျော့ကျအောင် ဆောင်ရွက်ပေးနိုင်မည် ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသော်လည်း ရှမ်းမြောက်ဒေသတွင်မူ တိုက်ပွဲများက ဆက်လက်ဖြစ်ပွားခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီလကုန်ပိုင်းအထိ တိုင်းစစ်ဌာနချုပ်နယ်မြေ ငါးခု၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး တပ်မတော်အနေဖြင့် အဆိုပါ ကြေညာချက်အား မေ ၁ ရက်မှ ဇွန်လကုန်ပိုင်းအထိ လည်းကောင်း၊ ဇူလိုင် ၁ ရက်မှ သြဂုတ်လကုန်ပိုင်းအထိ လည်းကောင်း အဆင့်ဆင့် သက်တမ်းတိုးမြှင့် ပေးခဲ့သည်။

သြဂုတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့သော NRPC နှင့်မြောက်ပိုင်းလေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲက စက်တင်ဘာ ၁၇ ရက်တွင် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့ပြီးနောက် တပ်မတော်သည် ၎င်း၏ အပစ်ရပ်သက်တမ်း တိုးမြှင့်ပေးခြင်းကို စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိသာ သက်တမ်းတိုးမြှင့်ပေးခဲ့ပြီး စက်တင်ဘာ ၁၇ ရက် တွေ့ဆုံပွဲရလဒ်ကို စောင့်ကြည့်ခဲ့သည်။

သြဂုတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့သော ကျိုင်းတုံဆွေးနွေးပွဲအပြီး စက်တင်ဘာ ၉ ရက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ညီနောင်မဟာမိတ်သုံးဖွဲ့က ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး လုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်အတွက် ဟုဆိုကာ စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်လတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်းကို မြန်မာ-အင်္ဂလိပ်-တရုတ် သုံးဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုသို့ကြေညာထားသည့် ကာလအတွင်း ၎င်းတို့သုံးဖွဲ့အနေဖြင့် တပ်မတော်အား လက်ဦးမှုရယူ၍ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို မပြုလုပ်သော်လည်း တပ်မတော်က ၎င်းတို့သုံးဖွဲ့ကို စတင်တိုက်ခိုက်ခြင်း၊ ၎င်းတို့၏ ဒေသအတွင်း စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများ လာရောက်ပြုလုပ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လာပါက ခုခံကာကွယ်သည့် အနေအထားဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာခဲ့သည်။

တပ်မတော်၏ စက်တင်ဘာ ၂၁ ရက် အပစ်ရပ်ကာလအတွင်းနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ တစ်လတာ အပစ်ရပ်ကာလအတွင်း ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက်ရှိနေခဲ့ပြီး အထူးသဖြင့် နမ့်ဆန်မြို့နယ်တွင် တပ်မတော်က ရဟတ်ယာဉ်ပစ်ကူ ရယူ၍ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရသည့် အနေအထားများ ရှိခဲ့သည်။

နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာလေးထောင်ခန့်အကွာရှိ တောင်ရိုးဘုရားတောင်ကုန်းပေါ်တွင် TNLA အဖွဲ့က တပ်စွဲထားသည် ဟုဆိုကာ တပ်မတော်က ရဟတ်ယာဉ်ပစ်ကူယူ၍ ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတောင်ကုန်းအား စက်တင်ဘာ ၁၇ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

နမ့်ဆန်မြို့သည် အစိုးရအဖွဲ့ ဌာနဆိုင်ရာများ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ပြီး တောင်ရိုးဘုရားတောင်ကုန်းသည် နမ့်ဆန်မြို့ကို စိုးမိုးထားရာ TNLA အဖွဲ့အနေဖြင့် အဆိုပါ တောင်ကုန်းမှနေ၍ နှောင့်ယှက်ပစ်ခတ်မှုများ ဆောင်ရွက်လာနိုင်သည့်အတွက် လိုအပ်သော အင်အားများ အသုံးပြုကာ တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

“ဒီနေရာသည် ကျွန်တော်တို့ နမ့်ဆန်မြို့နဲ့နီးတယ်။ နမ့်ဆန်မြို့ကို အလွယ်တကူ နှောင့်ယှက်ပစ်ခတ် နိုင်တဲ့ နေရာမျိုးဖြစ်တယ်။နမ့်ဆန် မြို့ကိုလည်း အပေါ်စီးကနေ မြင် ကြည့်လို့ရတယ်။ ဒါကို ကျွန်တော် တို့ကတော့ လက်ပိုက်ကြည့်နေလို့ မရဘူး။ ဒီနေရာမှာသာ ကျွန်တော် တို့က လက်ပိုက်ကြည့်နေမယ် ဆိုရင် လောက်ကိုင်လို ဖြစ်သွားမယ်။ လောက်ကိုင်မှာရှိတဲ့ တောင်ကုန်း တွေပေါ်က နေပြီးတော့ လောက် ကိုင်မှာရှိတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရရုံးကို ပစ်ခတ်သလိုမျိုး ဖြစ်သွားမယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်က အပစ်ရပ်ထားခဲ့သည့် စက်တင်ဘာ ၁ ရက်မှ ၂၁ရက် အတွင်း အဆိုပါ နယ်မြေတွင် တပ်မတော်နှင့် TNLA တို့ ထိတွေ့တိုက်ပွဲပေါင်း ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် TNLA ထံမှ ဆိုင်ကယ်ငါးစီး၊ ပစ်ကျင်း ၄၅ ကျင်း၊ ဘန်ကာငါးလုံး သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည်အချို့ ကျဆုံးခဲ့ရသကဲ့သို့ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၁၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ စက်တင်ဘာ ၁၇ ရက်တွင် ကျိုင်းတုံမြို့၌ NRPC နှင့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား ပြုလုပ်ခဲ့ကြသော ယခင်ဆွေးနွေးပွဲများတွင် အစိုးရ ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့ ဦးဆောင် တက်ရောက်ခဲ့သော်လည်း ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့မူ NRPC ဘက်မှ ဒုတိယဥက္ကဋ္ဌ ရှေ့နေချုပ် ဦးထွန်းထွန်းဦး  ဦးဆောင် တက်ရောက်ခဲ့သည်။

အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် တာဝန်ရှိသူအချို့ ပါဝင်တက်ရောက်ခဲ့ကြသည်။                        

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနက် KIA ကိုယ်စားလှယ်အဖွဲ့တွင် အထွေထွေ အတွင်းရေးမှူး ကွမ်ထပ်ထိန်နန်၊ KIC အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်ရော်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွမ်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် ဇော်တောင်နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် MNDAA ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယစစ်ဦးစီးချုပ် ရန်ဝင်ကျုံး၊ ပြင်ပဆက်ဆံရေးဌာနမှူး ဖုန်းဝင်းနိုင်၊ ပြင်ပဆက်ဆံရေး ဌာနရုံးတာဝန်ခံ လီကြားခွမ်း၊ TNLA ကိုယ်စားလှယ်အဖွဲ့တွင် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ ဒုဗိုလ်မှူးကြီး တားအိုက်ထွန်း၊ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော်၊ စစ်ဦးစီးရုံး အရာရှိ ဗိုလ်မှူးတားယိုင်းထွန်း၊ AA ကိုယ်စားလှယ်အဖွဲ့တွင် အထွေထွေအတွင်းရေးမှူး ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်၊ ဗိုလ်မှူးကြီး ထွန်းကြိုင်၊ ဗိုလ်ကြီး ခိုင်လင်းရွှေတို့ အပါအဝင် အဖွဲ့အစည်း အသီးသီးမှ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

NRPC နှင့်မြောက်ပိုင်း လေးဖွဲ့တို့၏ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး ဆွေးနွေးပွဲဲမှာ ညနေ ၅ နာရီခန့်အထိ ခုနစ်နာရီခန့် ကြာမြင့်ရာ ကြားထဲတွင် မြောက်ပိုင်းလေးဖွဲ့မှ ကိုယ်စားလှယ်များနှင့် တရုတ်အစိုးရ၏ ကိုယ်စားလှယ်အချို့တို့ သီးသန့်ဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သဘောထား မတိုက်ဆိုင်မှုများကို ဖြေရှင်းကြရန် တောက်လျှောက် အဆိုပြု တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Geng Shuang က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ ကျိုင်းတုံဆွေးနွေးပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၀ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား ဆွေးနွေးမှုများ တိုးတက်မှုရှိခြင်းသည် မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေ ကောင်းမွန်ရေးနှင့် တရုတ်-မြန်မာ နယ်စပ်တည် ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် အရေးပါသည့် အဓိပ္ပာယ်ဆောင်သည်ဟု Mr. Geng Shuang က ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် အတတ်နိုင်ဆုံး ထိန်းချုပ်ကြပြီး လက်တွေ့ကျကျ ထိန်းသိမ်းကြရန် မျှော်လင့်ကြောင်း Mr. Geng Shuang က ပြောကြားသည်။  

ခုနစ်နာရီခန့် ကြာမြင့်ခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲအတွင်း ကြုံတွေ့နေရသည့် အခက်အခဲတချို့အား မြောက်ပိုင်းလေးဖွဲ့မှ ကိုယ်စားလှယ်များက တရုတ်ကိုယ်စားလှယ်များ ပါဝင်သော သီးသန့်ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ကာ အဖြေရှာခဲ့ခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်တာ ဝန်ရှိသူများက ရှင်းပြခဲ့သည်။

“အဓိက ဒီနေ့ကတော့ Bilateral ရေးထိုးဖို့ အစည်းအဝေးရဲ့ အစပိုင်းမှာ သွားနေပေမဲ့ အချိန်ကာလရယ်၊ ဆွေးနွေးတဲ့ ကြားထဲမှာ တစ်ဖက်နဲ့တစ်ဖက် အချက်အလက်ပေါ်မှာ နားလည်မှုတွေ လွဲနေတဲ့ အတွက်ကြောင့် ကျွန်တော်တို့က လက်မှတ်ထိုးတဲ့ အနေအထား Bilateral ထိုးတာတော့ မဟုတ်ဘူး။ ဒီ Bilateral ထဲမှာ ပါလာနိုင်တဲ့ အချက်တွေကို ဒီနေ့ဒီအချိန်မှာ သဘောတူညီခဲ့ကြတယ်။ နောက်တစ်ခါ ဆိုရင်တော့ ဒီအချက်တွေကို ဆွေးနွေးမယ်ဆိုတဲ့ ပုံစံမျိုးလောက်ပါပဲ။ နားလည်မှုလွဲတဲ့ အပိုင်းမှာကတော့ ဥပမာ ကျွန်တော်တို့လေးဖွဲ့ အနေနဲ့ဆိုရင် ဒီ Bilateral ကို လေးဖွဲ့စလုံး တစ်ပြိုင်နက်တည်း၊ တစ်နေရာတည်းမှာ စာရွက်တစ်ရွက်ပေါ်မှာ ထိုးမယ်။ ပြီးရင် အဲဒီနောက်ပိုင်းမှာ ဆွေးနွေးတဲ့ အချိန်ကျလို့ရှိရင်လည်း လေးဖွဲ့အနေနဲ့ ဆွေးနွေးမယ်။ မြန်မာ့တပ်မတော် ဘက်ကကျတော့ သူတို့ရဲ့ သဘောထားက တစ်ဖွဲ့ချင်း အနေနဲ့ ဆွေးနွေးမယ်။ ကျွန်တော်တို့ကျတော့ တစ်ဖွဲ့ချင်း ဆွေးနွေးတာကျတော့ တပ်မတော်နဲ့ AA ဆွေးနွေးမယ်။ ကိုးကန့်နဲ့ တပ်မတော် ဆွေးနွေးမယ်။ ပြီးရင် တစ်ခါတစ်ခါ လိုအပ်တယ် ဆိုလို့ရှိရင် ကျွန်တော်တို့ လေးဖွဲ့နဲ့ တပ်မတော်နဲ့ ဆွေးနွေးမယ်။ NRPC နဲ့ ဆွေးနွေးမယ်။အဲဒီလိုမျိုး ဆွေးနွေးဖို့ဘက်မှာ ဘယ်သူတွေ ပါမလဲ ဆိုတဲ့ဟာမျိုးတွေမှာ နည်းနည်းလေး နားလည်မှုလွဲကြတာ” ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က နားလည်မှု လွဲရသည့် အပိုင်းများနှင့် ပတ်သက်၍ ရှင်းပြသည်။  

သြဂုတ် ၃၁ ရက် ဆွေးနွေးပွဲ ရလဒ်နှင့် ကွာခြားမှု သိပ်မရှိသည့် အချက်ပေါင်း ခုနစ်ချက်ကို စက်တင်ဘာ ၁၇ ရက် ဆွေးနွေးပွဲမှ သဘောတူညီမှု ရရှိခဲ့သော်လည်း သြဂုတ် ၃၁ ရက် ဆွေးနွေးပွဲရလဒ်နှင့် ကွာခြားမှု မရှိခြင်းကြောင့် အစည်းအဝေး မှတ်တမ်းအဖြစ် ထားရှိခဲ့သည်။

Bilatral Ceasefire Agreement လက်မှတ်ရေးထိုးရေး၊ တိုက်ပွဲများ ရပ်တန့်ရေး၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက် နှစ်ဖက်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရေးတို့ကို စက်တင်ဘာ ၁၇ ရက် ကျိုင်းတုံ ဆွေးနွေးပွဲက သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက် ထိန်းသိမ်းရန်နှင့် လိုအပ်သော လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေး စနစ်နှင့် ဆက်ဆံရေးရုံးများ ထားရှိရေးကိစ္စတို့ကို နှစ်ဖက်သဘောတူညီခဲ့ကြ သကဲ့သို့ ယုံကြည်မှု တည်ဆောက်ရေးအတွက် နှစ်ဖက်ဖမ်းဆီး ချုပ်နှောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့၏ စက်တင်ဘာ ၁၇ ရက် ကျိုင်းတုံဆွေးနွေးပွဲတွင် Bilatral Ceasefire Agreement လက်မှတ်ရေးထိုးရန် တိကျသေချာသောအဖြေ မရရှိခဲ့ဘဲ အောက်တိုဘာတွင် နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

အစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် စက်တင်ဘာ ၁၇ ရက် ဆွေးနွေးပွဲတွင် Bilateral လက်မှတ် ရေးထိုးရန်အထိ ပြင်ဆင်ခဲ့သော်လည်း မြောက်ပိုင်းလေးဖွဲ့ အနေဖြင့် လက်မှတ်ရေးထိုးရန် Mandate ပါမလာခဲ့ဟု ဦးဇော်ဌေးက ဆိုသည်။

“အဓိကအားဖြင့် ကျွန်တော်တို့  အစိုးရဘက်ကတော့ Position က ဘာလဲဆိုတော့ ဒီနေ့ Bilateral Agreement ညှိလို့ သဘောတူပြီး သွားပြီဆိုရင် ကျွန်တော်တို့က လက်မှတ်ထိုးဖို့အထိ ကျွန်တော်တို့ ပြင်ဆင်ထားတယ်။ ဘယ်လောက်အထိလဲဆိုတော့ ဟုတ်ပြီ။ ဒီလာတဲ့ မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ် အဖွဲ့က လက်မှတ်ထိုးဖို့ Mandate ပါမလာရင် ရတယ်။ မိုင်းလားပြန်၊ ပြန်ပြီးတော့ သူ့ရဲ့ သက်ဆိုင်ရာ ဗဟိုဌာနချုပ်တွေဆီကို သတင်းပို့၊ ဒီမှာ ကျွန်တော်တို့ ကျိုင်းတုံမှာ ညအိပ်စောင့်မယ်။ နောက်နေ့ ထပ်တွေ့မယ်။ လက်မှတ်ထိုးဖို့အထိ ကျွန်တော်တို့ ဘက်က ဒီလိုမျိုး ကမ်းလှမ်းတယ်။ သို့သော် ဒီမြောက်ပိုင်းလေးဖွဲ့က သဘောထားက သူတို့သည် ဆွေးနွေးရေးအဖွဲ့ ဖွဲ့ထားတာဖြစ်တယ်။ သူတို့လက်မှတ်ထိုးဖို့ Mandate ပါမလာဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာ ၁၇ ရက် ကျိုင်းတုံ ဆွေးနွေးပွဲမှ ရရှိခဲ့သော သဘောတူညီချက်များကို NRPC ဘက်မှ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြောက်ပိုင်းလေးဖွဲ့မှ ကိုယ်စားလှယ် လေးဦးက လက်မှတ်ရေးထိုးခဲ့ကြကာ ယခုတွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်သည် သြဂုတ် ၃၁ ရက် ဆွေးနွေးပွဲ၏ ရလဒ်နှင့် သိပ်ကွာခြားမှု မရှိကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆွေးနွေးပွဲ အပြီးတွင် ပြောကြားသည်။

ဆွေးနွေးပွဲအပြီး တိုက်ပွဲများ လျော့ကျသွားနိုင်မည့် အခြေအနေ ရှိ၊ မရှိ မေးမြန်းမှုများနှင့် ပတ်သက်၍ အဆိုပါ ကိစ္စသည် တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ ဦးဆောင်သူများအပေါ်တွင် မူတည်နေပြီး အောက်ခြေတပ်ကို မည်မျှထိန်းချုပ်နိုင်သည်၊ တိုက်ပွဲများကို မည်မျှလျှော့ချလိုသည်ဆိုသည့် အပေါ်တွင် မူတည်နေကြောင်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုသည်။

“ကိုယ့်အောက်ခြေတပ်ကို ဘယ်လောက်အထိ ထိန်းနိုင်မလဲ။ တကယ် အခုဖြစ်နေတဲ့ တိုက်ပွဲကို အရှိန်ဘယ်လောက်အထိ လျှော့ချင်သလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဆွေးနွေးပွဲကနေ တိတိကျကျ တိုက်ပွဲလျှော့ချရေးကိစ္စကို မဆွေးနွေးနိုင်ခဲ့ဘူး” ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား ဆွေးနွေးသဘောတူညီမှု ရယူရန် ခက်ခဲနေသည့် အချက်တစ်ခုမှာ အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီတွင် တရုတ်နိုင်ငံပါဝင်ရေးဖြစ်ပြီး အဆိုပါအချက်ကို မြောက်ပိုင်းလေးဖွဲ့က လိုလားနေခြင်းဖြစ်ကာ စက်တင်ဘာ ၁၇ ရက် ဆွေးနွေးပွဲတွင်မူ ပဋိပက္ခဖြေရှင်းရေးယန္တရား ဟူသော အမည်ဖြင့် ဆက်လက်ဆွေးနွေးရန် အစိုးရနှင့်မြောက်ပိုင်း လေးဖွဲ့တို့ သဘောတူခဲ့သည်။

“စောင့်ကြည့်ရေးကော်မတီ အပိုင်းမှာ ကျွန်တော်တို့ သဘောတူတာက စောင့်ကြည့်ရေးယန္တရား မဟုတ်ဘူး။ ပဋိပက္ခဖြေရှင်းရေး ယန္တရား။ ဟိုဟာကတော့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးပေါ့။ စောင့်ကြည့်ရေး ယန္တရားကို အစက ဆွေးနွေးတယ်။ ဒါပေမဲ့ နှစ်ဖက်ဆွေးနွေးပြီးတော့ အခုနောက်ဆုံး ကျွန်တော်တို့ သဘောတူလိုက်တာက ပဋိပက္ခ ဖြေရှင်းရေးပေါ့။ တကယ်လို့ ကျွန်တော်တို့ နှစ်ဖက်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။ အဲဒီဖြေရှင်းတဲ့စနစ်ပေါ့။ အဲဒါကို ကျွန်တော်တို့ သဘောတူလိုက်ပြီ။ စောင့်ကြည့်ရေး မဟုတ်ဘူး။ ဟိုလိုမျိုး ပူးတွဲစောင့်ကြည့်ရေး မဟုတ်ဘူး။ အဲဒါကျတော့ NCA ကျရင် ပါသွားမှာ။ JMC တို့ ဘာတို့ပေါ့။ ဒီကြားကာလထဲမှာ ဖြစ်လာတဲ့ အငြင်းပွားမှုတွေပေါ့နော်။ အဲဒါ ပြီးရင်တောင်မှ ဟိုဘက်ဒီဘက် စည်းမျဉ်း သတ်မှတ်ချက်တွေနဲ့ အငြင်းပွားလာရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ Conflict Resolution Mechanism ဒါကို ကျွန်တော်တို့ သဘောတူလိုက်တာ” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ စောင့်ကြည့်ရေးကော်မတီတွင် တရုတ်နိုင်ငံ ပါဝင်ရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ဆွေးနွေးဆဲကာလ ဖြစ်သည့်အတွက် ရှင်းပြရန် ခက်ခဲကြောင်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားခဲ့ပြီး လာမည့် အောက်တိုဘာ တွေ့ဆုံပွဲတွင် ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးသွားမည် ဖြစ်သည်။

“အဓိက အပစ်ရပ်စောင့်ကြည့်ရေး လုပ်မယ်ဆိုရင် စောင့်ကြည့်မယ့်အဖွဲ့ထားဖို့ သင့်၊ မသင့်။ ကျွန်တော်တို့က ထားချင်တယ်။ အစိုးရဘက်က ပုံစံတစ်မျိုး။ အဲဒါတွေက ဆွေးနွေးညှိနှိုင်းလို့ ခက်ခဲတဲ့ အချက်အလက်တွေဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့က  အပစ်အခတ်ရပ်စဲရေးစာချုပ် လုပ်ပြီဆိုရင် စာချုပ်က ဒီအတိုင်းပဲ မပြီးဘူး။ အသက်ဝင်ဖို့လိုတယ်။ နှစ်ဖက်လိုက်နာဖို့ လိုတယ်။ အဲဒါကို ဘယ်သူက စောင့်ကြည့်မလဲ။ ဒါ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံပေါ့။ ဒါပေမဲ့ အခုကျွန်တော်တို့ ဆွေးနွေးတဲ့ပုံစံက အဲဒီအဆင့်အထိ မရောက်ဘူး။ အခက်အခဲတွေ ရှိနေဆဲပဲ။ အဲဒါကို နောက်တစ်ကြိမ် အစည်းအဝေးမှာ ထပ်ဖြေရှင်းဖို့လိုတယ်” ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

နှစ်ဖက်တပ်ပိုင်းဆိုင်ရာ အကြီးအကဲများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည့် စက်တင်ဘာ ၁၇ ရက် ကျိုင်းတုံဆွေးနွေးပွဲအပြီး ရက်ပိုင်းအကြာ စက်တင်ဘာ ၂၀ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၂၀၁၉ ခု နှစ် နှစ်ကုန်ပိုင်းအထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။       

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA အဖွဲ့တို့က ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်တွင် တပ်မတော်က ဆန္ဒရှိပါကလည်း ပူးတွဲအပစ်အခတ်ရပ်စဲရန် အဆင်သင့်ရှိကြောင်းလည်း  မြန်မာ-အင်္ဂလိပ်-တရုတ် သုံးဘာသာဖြင့်  ဖော်ပြခဲ့သည်။

ပြည်တွင်းစစ် ရပ်တန့်ပြီး အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် (Bilateral Ceasefire Agreement) သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး လုပ်ငန်းများကို လက်တွေ့ကျကျ၊ ထိထိရောက်ရောက်နှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချနိုင်ရန်အတွက် တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်လတာ အပစ်အခတ်ရပ်စဲခြင်းကို စက်တင်ဘာ ၉ ရက်တွင် ကြေညာခဲ့ပြီး ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ၂၀၁၉ ခုနှစ်  နှစ်ကုန်ဆုံးသည်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ကြေညာထားသည့် ကာလအတွင်း တပ်မတော်က ၎င်းတို့သုံးဖွဲ့အနက် တစ်ဖွဲ့ဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ၎င်းတို့၏ တပ်စခန်း၊ လေ့ကျင့်ရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ၎င်းတို့၏ဒေသတွင် စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ တိုက်ပွဲများမရှိဘဲ လက်နက်ကြီး အမြောက်အမြားဖြင့် စုပြုံပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ပါက ၎င်းတို့အနေဖြင့် ခုခံကာကွယ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် စစ်သင်္ဘော၊ ရဟတ်ယာဉ်များ အပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ အမုန်းတရားများဖြင့် ဦးတည်တိုက်ခိုက်ခြင်း၊ စစ်ဘေးရှောင် ပြည်သူလူထုများကို အကြောင်းအမျိုးမျိုးဖြင့် ရိက္ခာ ဖြတ်တောက်ခြင်းများ ပြုလုပ်လာမည် ဆိုပါကလည်း အဖိနှိပ်ခံ တိုင်းရင်းသားများနှင့် လက်တွဲကာ ခုခံကာကွယ်သွားမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာခဲ့သည်။

စက်တင်ဘာ ၂၁ ရက်သည် တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသော တပ်မတော်၏ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလသည် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထိုသို့ သက်တမ်းမကုန်ဆုံးမီ တစ်ရက်အလိုတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၂၀၁၉ ခု နှစ် နှစ်ကုန်ပိုင်းအထိ အပစ်အခတ် ရပ်စဲကြောင်း ကြေညာခြင်းဖြစ်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ထိုကဲ့သို့ အပစ်ရပ်ကြေညာခဲ့သော်လည်း တပ်မတော်က အပစ်အခတ် ရပ်စဲပေးခဲ့သော ကိုးလတာကာလအတွင်း အစိုးရ၊ တပ်မတော်တို့နှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးမှုများသည် ရလဒ်ကောင်း ထွက်ပေါ်မလာသည့်အတွက် တပ်မတော်အနေဖြင့် စက်တင်ဘာ ၂၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သော ၎င်းတို့၏ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ကို သက်တမ်းတိုးပေးရန် အခြေအနေ နည်းပါးသွားခဲ့ပြီ ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

ထို့ပြင် ညီနောင်မဟာမိတ် သုံးဖွဲ့က ၂၀၁၉ နှစ်ကုန်ပိုင်းအထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည့် စက်တင်ဘာ ၂၀ ရက်တွင်ပင် ဘူးသီးတောင်ရှိ စကခ (၁၅) အား AA အဖွဲ့က အဝေးမှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူလူထုကို စော်ကားခြင်းပင် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“သူတို့ပြောပြီး နာရီပိုင်းပဲ ရှိသေးတယ်။ ဘူးသီးတောင်မှာရှိတဲ့ တပ်ဌာနချုပ်တစ်ခုကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ ဒါမျိုးဟာတွေသည် သူတို့ရဲ့ ဒါ အစစ်အမှန် သဘောထားကို ဖော်ပြလိုက်တဲ့ သဘောရှိတယ်။ ဒီအစစ်အမှန် သဘောထားကို ဖော်ပြလိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါက ပြည်သူလူထုကိုရော၊ နိုင်ငံတော်အစိုးရကိုရော၊ ငြိမ်းချမ်းရေးကို လိုလားနေတဲ့ အဖွဲ့အစည်းတွေ အားလုံးကိုရော စာထုတ်ပြီး စော်ကားပြလိုက်တာပဲ ဖြစ်တယ်။ တရားဝင် စာထုတ်ပြီး စော်ကားပြလိုက်တာ ဖြစ်တယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့ သဘောထားကြီ နေလို့တော့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့်မို့လို့ ဒီ ၂၁ ရက်နေ့ ပြည့်တာမှန်ပေမယ့်၊ အပစ်အခတ် ရပ်စဲတာ ပြည့်တာမှန်ပေမယ့် ဒါနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့အနေနဲ့ ထပ်မံပြီးတော့ တိုးမြှင့်ပေးနိုင်မယ့် အခြေအနေက  ဒါတော်တော်ကို နည်းသွားပြီလို့ပဲ ကျွန်တော်ပြောချင်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။  

အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေးကို လိုလားသည့်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန် ကိုးလတာ အပစ်အခတ် ရပ်စဲပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့်  အကြောင်းအမျိုးမျိုးပြ၍ ရလဒ်ကောင်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

“NCA အပိုဒ် ၂၄ (ခ) မှာ ပါတာက ရှင်းရှင်းလေး။ အဲဒီအပိုဒ်မှာ ပါတာက ဒီ NCA လက်မှတ်ထိုးပြီးတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ်ကနေ ပယ်ဖျက်ရေးဆိုတာပါတယ်။ ဒီအဖွဲ့တွေသည် NCA လက်မှတ် ရေးထိုးထားသေးတာ မဟုတ်တဲ့အတွက် NCA ကင်းလွတ်ခွင့်တော့မရဘူး။ သို့သော် အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက် ညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကိုးလတာ အချိန်ပေးဖြစ်ခဲ့တယ်။ အဲဒီ ကိုးလတာ အချိန်လေးအတွင်းမှာ အကြောင်းအမျိုးမျိုးပြပြီးတော့ ရလဒ်ထွက်အောင် လုပ်ဆောင်နိုင်ခဲ့တာ မရှိဘူး” ဟု ၎င်းကဆိုသည်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ အနေဖြင့် သြဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင်နှင့် ရှမ်းမြောက်ဒေသရှိ နေရာအချို့ကို ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်ရာတွင် စစ်ဘက်ပစ်မှတ် နှစ်ခုသာ ပါဝင်ပြီး ကျန်ပစ်မှတ်များမှာ အရပ်ဘက် ပစ်မှတ်များနှင့် အစိုးရဌာနဆိုင်ရာ ပစ်မှတ်များဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ တပ်နဲ့ပတ်သက်တဲ့ ပစ်မှတ်က နှစ်ခုပဲရှိပါတယ်။ ဒကစ ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော် နည်းပညာ တက္ကသိုလ်နဲ့ နောင်ချိုမှာရှိတဲ့ တပ်ရင်းပဲရှိတယ်။ ကျန်တဲ့ပစ်မှတ်တွေ မှန်သမျှ ဂုတ်တွင်းတံတားတို့၊ မူးယစ်ဆေးကာကွယ်ရေး စက်ရုံတို့၊ မူးယစ်ဆေး စစ်ဆေးရေးစက်ရုံတို့ ဒါတွေကို အဓိက ဝင်တိုက်တာပဲ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ သြဂုတ် ၃၁ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်မှ ၂၁ ရက်အထိ သက်တမ်းတိုးပေးခဲ့သော တပ်မတော်၏ တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ကိုးလတာ ရပ်တန့်ပေးခဲ့ခြင်းမှာ ကုန်ဆုံးသွားပြီဖြစ်သည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့တို့သည် အစိုးရနှင့် Bilateral Ceasefire Agreement စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အစိုးရ၏ NRPC နှင့်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်၍ တွေ့ဆုံ ဆွေးနွေးမှုများက ဆက်လက်ရှိနေဦးမည် ဖြစ်သည်။

သို့သော် ကိုးလတာ အပစ်အခတ်ရပ်စဲခဲ့သည့် ကာလအတွင်း ရလဒ်ကောင်း ထွက်ရှိလာအောင် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် ရှေ့ဆက်လက်ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲများတွင် တပ်မတော်က ပါဝင်လာခြင်း မရှိတော့ပါက မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ ငြိမ်းချမ်းရေးခရီးလမ်းမှာ အခက်အခဲအသစ်များနှင့် စိန်ခေါ်မှုအသစ်များ ထပ်မံကြုံတွေ့နိုင်သည်။

ထိုသို့ ထပ်မံကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုအသစ်များကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် လျင်မြန်စွာ အောင်မြင်ရေးမှာလည်း အဟန့်အတား ဖြစ်ပေါ်လာမည်ဖြစ်သည်။

တပ်မတော်၏ အပစ်အခတ် ရပ်စဲခြင်းသည် KIA အတွက်မူ သိသာသော တိုးတက်မှုများ ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်က အပစ်အခတ်ရပ်စဲခဲ့သော ကိုးလတာ ကာလအတွင်း ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ ရှမ်းမြောက်ဒေသတွင်သာ ထိတွေ့မှု အနည်းငယ် ရှိခဲ့သည်။

ထို့ကြောင့် တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေး အဖြေရှာပါက KIA အဖွဲ့သည် Bilateral လက်မှတ်ရေးထိုးခြင်းမှ တစ်ဆင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးလာရန် အလားအလာကောင်းများ ရှိသော်လည်း စုပေါင်း ဆွေးနွေးခြင်းကြောင့် အဆိုပါ အခြေအနေ ကောင်းမှာလည်း လတ်တလောတွင် ဖြစ်လာရန် အနေအထား မရှိပေ။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ လာမည့်အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်တွင် တပ်မတော် အဆင့်မြင့် အရာရှိကြီးများ ထပ်မံပါဝင်လာရန် အစီအစဉ်ရှိ၊ မရှိ မသေချာသော်လည်း စိန်ခေါ်မှု အသစ်များ ထပ်မံထွက်ပေါ်လာခြင်းမျိုး မရှိဘဲ အပြုသဘောဆောင်သော ရလဒ်ကောင်းများ ထွက်ပေါ်လာရန် လွန်စွာအရေးကြီးနေသည်။

အကယ်၍သာ အောက်တိုဘာ ဆွေးနွေးပွဲတွင် ရလဒ်ကောင်း မထွက်ပေါ်လာပါက ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွား လာမည်ဖြစ်ရာ ထိုသို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာပါက ထိခိုက်နစ်နာမှုများ အတတ်နိုင်ဆုံး လျော့နည်းစေရန် မည်သို့ ဆောင်ရွက်ကြမည် ဆိုသည်ကို ပြည်သူလူထုဘက်ကသာ စဉ်းစားထားရမည့် အခြေအနေ ဖြစ်နေသည်။

ခက်ခက်ခဲခဲ တည်ဆောက်ထားရသော ယုံကြည်မှုများအကြား မည်သည့်အဖွဲ့အစည်းက ပြည်သူ လူထုအရေးကို ရှေးရှု၍ ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးစွာရောက်နှင့်မည် (သို့မဟုတ်) ခရီးလမ်းတစ်ဝက်တွင် ကျဆုံးခဲ့မည် ဆိုသည်ကို အောက်တိုဘာ ဆွေးနွေးပွဲအတွင်း ထပ်မံစောင့်ကြည့်ရဦးမည်ဖြစ်သည်။

အဆိုးဆုံး အခြေအနေအဖြစ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းနှင့် အကောင်းဆုံး အခြေအနေအဖြစ် Bilateral Ceasefire Agreement  လက်မှတ်ရေးထိုးခြင်းတွင် မည်သို့သော အခြေအနေများ ထွက်ပေါ်လာဦးမည်နည်း ဆိုသည်မှာ မြောက်ပိုင်းလေးဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးအပေါ် မည်မျှစိတ်အားထက်သန် ကြသည်နှင့်သာ သက်ဆိုင်ပါလိမ့်မည်။