မဂ္ဂါဝပ် ၂၈၀ ရှိသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၄၀၉ သန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်

မဂ္ဂါဝပ် ၂၈၀ ရှိသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၄၀၉ သန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
Published 19 September 2019
နီလာ

 

မဂ္ဂါဝပ် ၂၈၀ ရှိသည့် အထက်ရဲရွာရေ အားလျှပ်စစ်စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင်  စီမံကိန်းတစ်ခုလုံး အပြီးတည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ ၁၄၀၉ သန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဒုဋ္ဌဝတီမြစ်ပေါ်၌ တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၂၈၀ ရှိသည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ အဓိကရေအားအဆောက်အအုံများတွင် အချင်း ၄၁ ပေရှိ သံကူကွန်ကရစ်ရေသွယ် ဥမင်လိုဏ်နှစ်လုံးပါဝင်ပြီး တမံ၏ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေသွယ်ဥမင်လိုဏ်သည် ရေလှောင်ကန်အတွင်းရှိ ရေယူအဆောက်အအုံမှ စက်တစ်လုံးလျှင် မဂ္ဂါဝပ် ၇၀ ရှိသည့် စက်လေးလုံးတပ်ဆင်မည့် ဓာတ်အားပေးစက်ရုံသို့ စက်လည်ပတ်လျှပ်စစ်ထုတ်လုပ်ရန် လိုအပ်သည့်ရေကို သွယ်ယူပေးမည့် အလွန်အရေးပါသည့် ဥမင်လိုဏ်များဖြစ်သည်။ ရေသွယ်ဥမင်လိုဏ်အမှတ် (၁) သည် ၁၅၃၉ ပေ ရှည်လျားပြီး ရေသွယ်ဥမင်လိုဏ် အမှတ် (၂) သည် ၁၇၄၉ ပေ ရှည်လျားသည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် စက်တစ်လုံးလျှင် တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၇၀ ရှိသည့် စက်လေးလုံးတပ်ဆင်မည်ဖြစ်ပြီး စုစုပေါင်းတပ်ဆင်စက်အင်အားမှာ မဂ္ဂါဝပ် ၂၈၀ ရှိသည်။

လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံး၏ ၃၉ ဒသမ ၅၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းအား ၂၀၂၂ ခုနှစ်တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

အဆိုပါစီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ၁၄၀၉ ကီလိုဝပ် နာရီသန်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်မှ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး လူဦးရေ ၃ ဒသမ ၇ သန်း၊ နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၆ ဒသမ ၆ ရာခိုင်နှုန်းအား လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဓာတ်အားပေးစက်ရုံ ၅၁ ရုံတည်ဆောက်ထားပြီး အဆိုပါစက်ရုံများ၏ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၅၆၀၀ ကျော်ရှိကာ ရေရှည်တွင် ကံပေါက်ဒေသ၊ အလုံနှင့် မီးလောင်ဂျိုင့်ဒေသတို့တွင် လျှပ်စစ်ထုတ်လုပ်နိုင်မည့်စီမံကိန်းသုံးခု ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဓာတ်အားပေးစက်ရုံ ၅၁ ရုံ တည်ဆောက်ထားရှိရာ အဆိုပါစက်ရုံများ၏ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၅၆၀၀ ကျော်ရှိသည်။ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈ သန်းကျော်ရှိသည့်အနက် အိမ်ထောင်စုပေါင်း ၄ ဒသမ ၉ သန်းကျော်မှာ လျှပ်စစ်မီးကို သုံးစွဲလျက်ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ်ကုန်တွင် လျှပ်စစ်မီးရရှိသုံးစွဲနိုင်သည့် အိမ်ထောင်စုပေါင်း ရာခိုင်နှုန်း ၅၀ အထိ သုံးစွဲနိုင်အောင် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားထားသည်။

လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအခြေအနေနှင့် နောက်တိုးလျှပ်စစ်ဓာတ်အားသုံးစွဲမည့် အိမ်ထောင်စုများ၏ လျှပ်စစ်လို အပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ရေရှည်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရန် တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသတွင် မဂ္ဂါဝပ် ၁၂၃၀၊ ရန်ကုန်တိုင်းဒေသကြီး အလုံတွင် ၃၇၇ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်ဒေသတွင် မဂ္ဂါဝပ် ၁၃၉၀ ထုတ်လုပ်နိုင်မည့် စီမံကိန်းသုံးခုကို ဆောင်ရွက်ထားရှိကြောင်း၊ ၂၀၂၁-၂၂ ခုနှစ်တွင် မဂ္ဂါဝပ် ၂၅၀ စတင်ဓာတ်အားထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၅-၂၆ ခုနှစ်တွင် မဂ္ဂါဝပ် ၃၀၀၀ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသွားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။