ဆန်စပါးစျေးကွက် ထိန်းချုပ်ခြင်းလုပ်ငန်းကို တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူကိုယ်တိုင် စပါးသိုလှောင်ခြင်းစနစ် ပြန်လည်ဖော်ထုတ်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆန်စပါးစျေးကွက် ထိန်းချုပ်ခြင်းလုပ်ငန်းကို တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူကိုယ်တိုင် စပါးသိုလှောင်ခြင်းစနစ် ပြန်လည်ဖော်ထုတ်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 18 September 2019
နီလာ



ဆန်စပါးစျေးကွက် ထိန်းချုပ်ခြင်းလုပ်ငန်းကို တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူကိုယ်တိုင် စပါးသိုလှောင်ခြင်းစနစ် ပြန်လည်ဖော်ထုတ်ရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

နိုင်ငံတကာတွင်လည်း သီးနှံအရည်အသွေးကို မထိခိုက်စေဘဲ စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်သည့် မိရိုးဖလာ ဆန်စပါးသိုလှောင်ခြင်းကို ဆက်လက်အသုံးပြုလျက် ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လယ်ယာကဏ္ဍ ဖြစ်စေရေးအတွက် ထုတ်လုပ်မှုသာမက ခိုင်မာသည့်စျေးကွက် ဖော်ဆောင်ရေးကိုပါ ကြိုးပမ်းရမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဒေသရှိ တောင်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန်စပါးကဏ္ဍတည် ငြိမ်စေရေးအတွက် အစိုးရ-ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု (Public Private Partnership – PPP) လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ဆန်စပါး အရည်အသွေးနှင့် ထုတ်လုပ်မှုကို သိသာစွာ မြှင့်တင်သွားရန်၊ အခြေခံ အဆောက်အအုံများ တိုးချဲ့ခြင်းနှင့် ကုန်ကျစရိတ် လျှော့ချနိုင်မည့် နည်းလမ်းများ စီစဉ်ဆောင်ရွက်သွားရန်၊ ပို့ကုန်စျေးကွက်အတွင်း အရည်အသွေးအရ၊ စျေးနှုန်းအရ၊ စျေးကွက်လိုအပ်ချက်အရ ယှဉ်ပြိုင်နိုင်မည့် နည်းလမ်းဖော်ထုတ် စီစဉ်သွားရန်၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် သင့်တင့်မျှတသည့်စျေးနှုန်း ဖြစ်စေရေးနှင့် မစိုက်ပျိုးမီကာလပင် စျေးနှုန်းခန့်မှန်း သိရှိနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ဆန်စပါး လက်ကားကုန်စည်ဒိုင်များတွင် စနစ်မှန်ကန်ပြီး အာမခံချက်ရှိသည့်ပုံစံများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရန်၊ ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်းပါဝင်၍ အရန်ဆန်ကိုပါ ကိုင်တွယ်နိုင်မည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်း၍ ပြည်တွင်းဆန်စပါး ကဏ္ဍကို ထိန်းကျောင်းဆောင်ရွက်ရန်၊ စိုက်ပျိုးထုတ်လုပ်သူနှင့် ပြည်ပတင်ပို့သူကြားတွင် အဆင့်များ လျော့နည်းသွားရန်နှင့် အရည်အသွေး မြှင့်တင်နိုင်ရန်အတွက် Contract Farming များ ဒေသအလိုက် ပေါ်ပေါက်လာစေရေး စီစဉ်ဆောင်ရွက်ရန် စသည်တို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

စပါးပေါ်ချိန် စျေးအဆမတန် ကျဆင်းမှု မဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ကူညီဖြေရှင်း ဆောင်ရွက်ရန်၊ ဆန်စက်ပိုင်များ၊ Exporter များနှင့် ကုန်သည်များက ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်၊ စပါးပေါ်ချိန်တွင် ဝယ်လိုအား ပုံမှန်ရှိပြီး ရောင်းလိုအား အလွန်များခြင်းကြောင့်လည်းကောင်း၊ အခြောက်ခံစက်များ သိုလှောင်ရုံများ မလုံလောက်မှုကြောင့် လည်းကောင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှမတ ဖြစ်မှုကြောင့် စျေးကျဆင်းသည်ဖြစ်ရာ စပါးပေါ်ချိန်တွင် ဝယ်လိုအား မြှင့်တင်မည့် စီမံချက် (၂၀၁၈ စီမံချက်) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ထို့ပြင် အခြေခံစပါးစျေးနှုန်းကို နိုင်ငံတော်အစိုးရသို့ ပုံစံသုံးမျိုး တွက်ချက်တင်ပြ ရန်၊ ပုံစံ (၁) သည် တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၊ ပုံစံ (၂) သည် တင်း ၁၀၀ လျှင် ကျပ် ၅၀၀၀၀၀ နှင့် ပုံစံ (၃) သည် တင်း ၁၀၀ လျှင် ကျပ် ၅၂၀၀၀၀ ဖြင့် အခြေခံစဉ်းစားပြီး တွက်ချက်တင်ပြရန်နှင့် နိုင်ငံတော်အစိုးရ၏ ရွေးချယ်မှုအတိုင်း ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

နိုင်ငံတော်အစိုးရက အခြေခံ စပါးစျေးနှုန်း ကြေညာပြီးပါက အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စတင်၍ စပါး/ဆန်ဝယ်ယူရေး အစီအစဉ်များကို အသင်းချုပ်/ပုဂ္ဂလိက ကုန်သည်/စက်ပိုင်/ကုမ္ပဏီများနှင့် ညီနောင်အသင်းများ အနေဖြင့် စနစ်တကျ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်သည်။