ဘဏ်များအနေဖြင့် အားလုံး လုံလုံလောက်လောက် ရှိနေကြသည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိဘဲ ယုံယုံကြည်ကြည်နေကြရန် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ဘဏ်များအနေဖြင့် အားလုံး လုံလုံလောက်လောက် ရှိနေကြသည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိဘဲ ယုံယုံကြည်ကြည်နေကြရန် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံစာ ဖတ်ကြားနေသည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းအား တွေ့ရစဉ်
စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံစာ ဖတ်ကြားနေသည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းအား တွေ့ရစဉ်
Published 10 September 2019
စိုးမင်းထိုက်၊  စည်သူ

ဘဏ်များအနေဖြင့် အားလုံး လုံလုံလောက်လောက် ရှိနေကြသည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိဘဲ ယုံယုံကြည်ကြည် နေကြရန် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

နေပြည်တော်၌ စက်တင်ဘာ ၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန် တွင် ဘဏ်ကိစ္စများနှင့်ပတ်သက်ပြီး မီဒီယာ များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေ အရင်ကလိုပဲ။ ပြည်သူတွေ စိုးရိမ်စရာ မရှိပါဘူး။ ဘဏ်တွေကတော့ အားလုံး လုံလုံလောက်လောက် ရှိနေကြတာ ဖြစ်တဲ့အတွက် ယုံယုံကြည်ကြည်နဲ့ နေကြဖို့ပဲ ပြောချင်ပါတယ်” ဟု ဦးစိုးမင်းက ပြောကြားသည်။

ပြည်သူများက ဘဏ်များအပေါ်တွင် စိတ်ချလက်ချ ရှိရန်လိုအပ်ပြီး အားလုံးက တည်တည်ငြိမ်ငြိမ် ယုံယုံကြည်ကြည်ဖြင့် နိုင်ငံနှင့် ဘဏ်များအပေါ်တွင် လှုပ်ခတ်မသွားအောင် ထိန်းသိမ်းကြရန် လိုကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတကာတွင် ရွှေစျေးနှင့် ဒေါ်လာစျေး တက်နေကြောင်း၊ ဖြစ်သင့်သည်ထက် ပိုဖြစ်လာမည်ဆိုပါက ပြည်သူလူထု၏ ယုံကြည်မှုသည် ပိုအရေးကြီးကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏ ခိုင်မာမှုကို စနစ်နှင့် စည်းကမ်းဖြင့် အမြဲထိန်းကျောင်းနေကြောင်းနှင့် ပြည်သူလူထု၏ ယုံကြည်မှုအပေါ်တွင် များစွာ မူတည်ကြောင်း ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ဘဏ်များ၌ ငွေအပ်နှံထားသူများက ငွေများ ပြန်လည် ထုတ်ယူခြင်းများ ရှိနေကြောင်း သတင်းထွက်ပေါ်နေသည့်ကိစ္စ အပါအဝင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း နုတ်ထွက်စာ တင်ထားသည့် ကိစ္စများအား မီဒီယာများ က မေးမြန်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း  နုတ်ထွက်စာ တင်ထားသည်မှာ မှန်ကန်ကြောင်း ဦးစိုးမင်းက ပြောကြားသည်။

မကြာခင်အချိန်က ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၏ လွှတ်တော်အတွင်း ပြောကြားချက်များနှင့် ပတ်သက်ပြီး ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ပြည့်ဝစွာ ကိုက်ညီမှုမရှိဘဲ ပြည်သူများ ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိကြရန် ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့သည်။

ဘဏ်ကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူများအကြား ဖြစ်ပေါ်နေသော ကောလာဟလများသည် မဟုတ်မှန်သည့် အချက်အလက်များသာဖြစ်ပြီး စိုးရိမ်ပူပန်မှု လုံးဝဖြစ်စရာမလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် မှာကြားခဲ့သည်ဟု အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက စက်တင်ဘာ ၆ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

Most Read

Most Recent